ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, November 12, 2014

အမေရိကန်ရောက်မြန်မာကျောင်းသားနှင့်မိဘများလွန်ဆွဲခြင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
မြန်မာနိုင်ငံကနေ အမေရိကားကို ကျောင်းလာတက်ကြသူတွေအားလုံးဟာ တက္ကသိုလ်တက်ကြသူတွေချည်းမဟုတ်ပါ။ တစ်ချို့ဆို IELTS အမှတ် နဲ့ GRE အမှတ်တွေအရ တက္ကသိုလ်ဝင်တန်းမှီရင်တောင် ကွန်မြူနတီ ပေါင်းကူးကောလိပ်မှာ ( ၁ ) နှစ်တန်သည် ( ၂ ) နှစ်တန်သည် ဘာသာစကားကောင်းမွန်ရေးအတွက် ကွန်းခိုတတ်ကြတယ်။ တစ်ချို့ အသက် ( ၂၁ ) နှစ်အောက်များကျပြန်တော့ ပြောင်းရွှေ့နေထိုင်သူမိဘတွေနဲ့လိုက်လာပြီး အလယ်တန်း၊ အထက်တန်းတွေ ကျော်ဖြတ်ကြရတယ်။ ငယ်ငယ်ကတည်းက လိုက်ပါလာသူတွေနဲ့ ဒီနိုင်ငံရောက် အမေရိကန်ပေါက်မြန်မာမျိုးဆက်သစ်တွေမှာ မတူညီတဲ့အမူအကျင့်တွေ ရှိနေတယ်။ သူတို့ကျင်လည်ရာ အသိုက်အမြုံမှာ ကြီးပြင်းဖော် ကြီးပြင်းဖက် မြန်မာလူမျိုးတွေမရှိရင် ပိုမိုထူးကဲ ပြုမူနေထိုင်ကြတယ်။
.
" အိမ်မှာ အင်္ဂလိပ်စကားမပြောရဘူး .. မြန်မာလိုသာပြောရမယ် " လို့ တားမြစ်ခံထားရတဲ့ ကလေးတွေဟာ မိဘ၊ မောင်နှမတွေနဲ့ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေတတ်ကြတယ်။ ဆိုလိုတာက သူရဲ့ကျောင်းတစ်ရက်စာ လေ့ကျင့်ကွင်းမှာ ပြောရတာ အင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်စကား၊ အိမ်ရောက်တော့ အင်္ဂလိပ်လို မပြောနဲ့ဆိုတော့ မကြိုက်ကြဘူး။ စိတ်ဓါတ်တူပြီး အသက်မကွာတဲ့ ညီအစ်ကိုမောင်နှမတွေရှိရင် သူတို့က တစ်အုပ်စု၊ မိဘတွေက တစ်အုစ်စု ဖြစ်ပြန်ရော။ ဂိမ်းလေး ဘာလေး ဆော့ရင် အော်ချင်ရာအော် ပြောချင်ရာပြော ဘိုလိုချည်းပဲ၊ ဒီအချိန်ဟာ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်လေ၊ မိဘတွေ တားမရတော့ဘူး။
.
တစ်ခြားဘက်က ပြန်ကြည့်မယ်ဆိုရင် ကိုယ့်ကလေးကို အင်္ဂလိပ်စာတော်စေချင်လို့ ရန်ကုန် နဲ့ နယ်တွေမှာ ILBC ထားရ၊ ဘုရင့်နောင်က YIEC မှာ ထားရ၊ ဝင်ဒါမီယာမှာ ISY ထားရ နဲ့ ကုန်လိုက်တဲ့ မိဘရဲ့ငွေတွေ သောက်သောက်လဲပဲ။ ကျောင်းကြိုချိန် မိဘချင်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ရလို့ပင်ပန်းရပေမယ့် ကလေးက အသံထွက်ပီပီသသ နဲ့ အင်္ဂလိပ်စကားလေး နှစ်ခွန်း သုံးခွန်းလောက်ပြောလိုက်တဲ့အခါ မိဘတွေ အရည်ပျော်သွားကြစမြဲပါ။ 
.
အဆိုပါမိသားစုက အမေရိကားကိုအခြေချခွင့်ရတဲ့အခါ ဘယ်လိုနေမယ်ထင်ပါသလဲ? အထက်မှာရှင်းပြခဲ့သလို ကျောင်းသားရဲ့ဦးနှောက်ဟာ
နုနယ်သေးတဲ့အားလျော်စွာ သူ အဓိကကျင်လည်ရမယ့် ဘာသာစကားကို ရှာဖွေပါတယ်။ မိဘရဲ့လက်ငုတ်ရင်း မြန်မာစာ နဲ့ မြန်မာစကားက တစ်ဖက်၊
နယ်မြေသစ်ကသင်ပေးလိုက်တဲ့ အင်္ဂလိပ်စာနဲ့ ဘိုလိုပြောတဲ့သူငယ်ချင်းတွေက တစ်ဖက် .. ပွဲကတော့ ကြည့်လို့ကောင်းနေပြီ။ 
.
ဒီကြားထဲ မိဘက ပညာရေးအခြေခံမရှီပဲ
ခံရင် သားသမီးညွှန်ကြားရာ လိုက်ပါဆောင်ရွက်ရတဲ့အခါ မိခင်ဘာသာမြန်မာစကားမပြောတာကို အရေးယူဖို့ ခက်လာပါတယ်။ နောက်ဆက်တွဲရလဒ်
အနေနဲ့ ကလေးကြီး တစ်ဖြစ်လဲ ဆယ်ကျော်သက်များရဲ့ ဘိုစကားပြော ဒေသခံအမေရိကန်ကျောင်းသားတွေ ဖြစ်လာတော့တာပါပဲ။
.
ကလေးဟာ ကျောင်းတွင်းလှုပ်ရှားမှု - Activity တွေလုပ်လာတယ်၊ ပါဝင်ဆင်နွှဲလာတယ်၊ ဒါ ကောင်းတဲ့လက္ခဏာပါ။ ဒီကနေ စာစီစာကုံးရေးတဲ့အခါ၊
တစ်ကိုယ်ရည်ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် ပရောဂျက်တွေလုပ်ရာမှာ သူ့အတွေ့အကြုံတွေက အထောက်အပံ့ ဖြစ်စေတယ်။ စာကြည့်တိုက်မှာလုပ်အားပေးတာ၊
ကောလိပ်ကျောင်းမှာ စီနီယာတွေကြားမှာ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲတာ နဲ့ အထိမ်းအမှတ်ပွဲတွေမှာ ပျိုတိုင်းချစ်တဲ့ နှင်းဆီခိုင် လို့ခေါ်မလား ကျောင်းရဲ့ ကွမ်းတောင်ကိုင်
လို ဖြစ်လာတဲ့အခါ ဇာတ်လမ်းက ရိုးရိုးလေး မဟုတ်တော့ပါဘူး။ နေ့ဖက်သာမက ညရေးလှုပ်ရှားမှုပွဲတွေမှာ မလွတ်တမ်း ပါဝင်ချင်လာတယ်။
မိဘတွေက လိုက်ပို့ရတယ်၊ လိုက်ကြိုရတယ်။ မအားတဲ့အခါ လိုက်မပို့နိုင်လို့ ပေးမသွားဘူးဆိုရင် ပြသနာက စပြီ။
.
ဒီအခါမှာ ကလေးက အကြို အပို့လုပ်ဖို့ ကားကြုံရှာလေပြီ။ ဘယ်ယောက်ျားလေး သူငယ်ချင်းနဲ့ လိုက်သွားမယ်၊ ဘယ်မိန်းကလေး ကားနဲ့ပြန်လာမယ်ဆိုပြီး
မျက်ကွယ်ရာ သွားလာခြင်းအမှုတွေ စလာပြီ်။ လူကောင်း စာတော်သူတွေနဲ့ သွားရင်တော့ အကြောင်းမဟုတ်ဘူး။ “ ဟိုဟာလက်တဲ့စမ်းကြည့် ဒီဟာလက်တဲ့စမ်းကြည့်
ဘာမှမဖြစ်ဘူး ” ဆိုတဲ့ အပေါင်းအသင်းမျိုးနဲ့တွေ့ရင်တော့ မိဘတွေ ရင်ကွဲရပြီ။ ဒီ့ထက်ပိုဆိုးတာက ကိုယ့်သားသမီးဘာလုပ်နေလဲ ကိုယ်သိမှ၊ မသိတဲ့အခါ ကလေးကို
လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်မိသလို လိမ်ချင်သလိုလိမ်ဖို့ လိုင်စင်ချပေးလိုက်သလို ဖြစ်ခြင်းမက အပျက်ပျက်က နှာခေါင်းသွေးထွက်တဲ့ ဘဝထဲကို ဝင်ရောက်နေမိလျက်သားဖြစ်နေတတ်ပါတယ်။
.
နယူးယောက်ဖက်က မြန်မာမိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ သူ့မှာ ကလေး ( ၃ ) ယောက်ရှိတာ မိန်းကလေး ( ၂ ) ယောက်ပါတယ်။ ကလေးကျောင်းကပွဲလိုမျိုး
သီချင်းဆိုပွဲ - Choir လိုမျိုး လှုပ်ရှားမှုတွေသာမက ညဘက် ပါတီတွေတက်ဖို့ မိဘ ( ၂ ) ယောက်လုံး အလုပ်မလုပ်နိုင်ဘူး။ ဒါနဲ့ သူ့အမျိုးသမီးကို အလုပ်မလုပ်ခိုင်းပဲ
မြန်မာနိုင်ငံပုံစံ ကလေးကျောင်းပို့၊ ကျောင်းကြို၊ အပြင်သွား၊ ပြန်ကြို၊ ပါတီတက် စတာတွေကို အကုန်လိုက်လုပ်စေပါသတဲ့။ ကလေးပညာရေးအတွက်
အမေရိကား လာတာ ပျက်စီးသွားလို့မဖြစ်ဘူး လို့ ပြောပါသေးတယ်။ ဒါကြောင့် ကလေးတွေလည်း အဆင်ပြေအောင် မိဘတွေလည်း စိတ်မပူပန်ပဲ သောကကင်းကင်း
စီးပွားရှာနိုင်အောင် "  မလျော့မတင်း စောင်းကြိုးညှင်း " နည်းလမ်းကသာ အောင်မြင်ရာဖြစ်ပါတယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
.
koko2yeye@gmail.com

.
"  အမေရိကန်ရောက်မြန်မာကျောင်းသားနှင့်မိဘများလွန်ဆွဲခြင်း  "  စာမူသည် ၂ဝ၁၅ ဂျူလိုင်လ ( ၄ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၉၁ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။





No comments: