ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 7, 2021

ကားတစ်စီးအကြွေးနဲ့ဝယ်စီးဖို့ချေးငွေအကြောင်း

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ချေးငွေလို့ဆိုဆို၊ ကားလုံးလို့ခေါ်ခေါ် ကားတစ်စီးကို ငွေလက်ငင်းချ မဝယ်ချင်တဲ့အခါ၊ မဝယ်နိုင်တဲ့အခါ၊ မဖြစ်မနေ ငွေချေးဝယ်ရတဲ့အခါ အမေရိကားမှာ ‌အကြွေးပြန်ဆပ်နိုင်တဲ့ရာဇဝင် လိုပါတယ်။ ဒါကို FICO Score လို့ခေါ်ပြီး the Fair Isaac Corporation က ထွင်ခဲ့တာပါ။ မြန်မာအခေါ် ခရက်ဒစ်ရှိဖို့ လိုတယ်ဆိုတာမျိုးပေါ့ဗျာ။ ကားဝယ်ဖို့ ခရက်ဒစ် လိုတယ်ဆိုတာ လိုရုံဆိုရုံလေးသာ။ ကားအကြွေးဝယ်တာကို ရောင်းချင်လွန်းတဲ့ ဒီလာကြီး၊ ဒီလာအလတ်၊ ဒီလာပေါက်စနဲ့ တသီးပုဂ္ဂလ ကားဝယ်ရောင်းတွေ အများကြီးပါ။

"အဘယ့်ကြောင့်အမေရိကား" စာအုပ်မှာ ကားအကြောင်း အကုန်အစင်ထည့်ရေးလိုက်ပြီး နောက်ရေးစရာမလိုတော့လောက်အောင် စုံလင်ပြီလို့ ထင်ခဲ့တာ တကယ်တော့ မစုံသေးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကားရဲ့ ခြေထောက်ဟာ ကား၊ လူတစ်ယောက် အလုပ်လုပ်ရင်းပိုက်ဆံရဖို့က နေရာတော်တော်များများမှာ မရှိမဖြစ်က ကား။ ဒါကြောင့်ပဲ အမေရိကားရောက်တာနဲ့ ဘယ်သူမဆို ကားမောင်းနိုင်အောင် အရင် စီစဉ်ရတယ်။

တဆင့်ချင်းတွက်ပြရရင် အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ကားတစ်စီးကို ‌ဒေါ်လာ ၂ဝဝဝဝ ပေးဝယ်တော့မယ် ဆိုပါတော့။ ဘယ်နည်းနဲ့‌ပဲငွေရှင်းရှင်း ကာားတန်ဖိုးရဲ့ ၁ဝ% ခန့်ကို အခွန်ကြေး၊ ‌ဒေါ်လာ ၁ဝဝဝ ခန့်ကို က.ည.န ကြေးအနေနဲ့ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ဒေါ်လာ ၂၃ဝဝဝ ခန့် ပေးရပါမယ်။ ငွေလက်ငင်းချဝယ်လိုက်ရင် အားလုံးကိစ္စရှင်း၊ ဒီလာက ပို့လာပေးတဲ့ ကားပိုင်ဆိုင်မှုစာရွက်-Title နဲ့ သက်တမ်းရှိစာရွက်ကို စောင့်နေရုံပဲ။ ဒါပေမဲ့ ငွေအကျေမချေဘဲ ဝယ်မယ်ဆိုရင် ဘယ်လိုအဆင့်တွေ ရှိမလဲလို့ လာမေးကြတယ်။


ဒီလာကိုယ်တိုင် ကားတွေကို အကြွေးရောင်းပါတယ်။ ငွေတိုးပေးရပါတယ်။ ကားမဝယ်ခင်ကတည်းက အရစ်ကျနည်းနဲ့ ကားရောင်းမရောင်း ကြိုကြေညာထားပါတယ်။ ဒီလာတစ်ခုက Financing Available 4.25–5.50% APR ဆိုတာက ငွေတိုးက 4.25 ကနေ 5.50 ကြား အရစ်ကျနည်းနဲ့ ဝယ်လို့ရတယ်ဆိုတာကို ပြောပြထားတာပါ။ ဒီမှာ ကိုယ်က လက်ငင်းချငွေ ဒေါ်လာ ၈ဝဝဝ ပေးလို့ ကျန်ငွေ (အခွန်+က.ည.န ပါပြီး) ၁၅ဝဝဝ ကို ချေးဖို့ ငွေတိုးရာခိုင်နှုန်းသက်သာအောင် ဘယ်လိုဝယ်ရမလဲဆိုတာ ပြောပြပါမယ်။

ချေးငွေနဲ့ဝယ်နိုင်ဖို့ နာမည်၊ လိပ်စာ၊ အလုပ်အကိုင်၊ အလုပ်အကိုင်လိပ်စာ၊ တစ်နာရီစားလခ၊ အခွန်မဆောင်ရသေးခင် တစ်လဝင်‌ငွေတို့အပြင် SSN ကိုပါတောင်းပါတယ်။ ဒါတွေအားလုံးပြေလည်လို့ ခရက်ဒစ်လည်းစစ်ပြီးသွားရင် ငွေတိုးအကြောင်းပြောရင်း ချေးငွေအပေါ်မှာ ၃၆ လဆပ်၊ ၄၈ လဆပ်၊ ၆ဝ လဆပ်၊ ၇၂ လဆပ်ဖို့ Loan Term ကို ဆွေးနွေးရပါမယ်။ လနည်းရင် ငွေတိုးနည်းပြီး ၁ လ ပေးသွင်းရမယ့်ငွေက များပါတယ်။ လကြာရင် ငွေတိုးဈေးကြီးပြီး ၁ လ ပေးသွင်းရမယ့်ငွေက လျော့လာပါတယ်။

ဒါတွေက ကားတစ်စီးကို အရစ်ကျချေးငွေနဲ့ဝယ်ရင် မဖြစ်မနေ ဖြတ်သန်းရမယ့် လုပ်ကိုင်ပုံ လုပ်ကိုင်နည်းပါ။ ဘာအဆင့်မှ ကျော်လို့မရပါဘူး။ သူဌေးဝယ်ဝယ် သာမန်လူဝယ်ဝယ် အမည်ဖေါက်ဝယ်ကြပါတယ်။ မခက်ပါဘူး။ ကားဝယ်ရတာ သိပ်လွယ်ပါတယ်။ အားလုံးစုံလင်ရင် ၁ နာရီခွဲအတွင်း ဝယ်ပြီးသားကားကို မောင်းပြန်နိုင်ပါတယ်။ ပညာမပါပါ။ ပညာပါတာက ချေးငွေအတွက်ပေးရတဲ့ ငွေတိုးရာခိုင်နှုန်း။

ကားဒီလာကြော်ငြာထားတဲ့ ငွေတိုးကို ဝယ်သူက စိတ်ကျေနပ်လို့ ပေးရတိုင်း ဈေးကြီးပြီသာ မှတ်လိုက်ပါ။ ဒါပေမဲ့ ချွင်းချက်တော့ ရှိပါတယ်။ ကားအသစ်တွေရောင်းမကုန်လို့ ၁ နှစ်စောပြီး ထုတ်ထားတဲ့ ကားအသစ်စက်စက်ကို ငွေတိုး ဝ% နဲ့ ရောင်းတာကို ဝယ်စီးဖူးတဲ့သူတွေ အရသာသိကြပါတယ် (* မှာ ထပ်ရှု)။ ဘာဖြစ်လို့လည်းဆိုတော့ ဘာငွေတိုးမှ ပိုမပေးရတော့ ဘယ်သူက ငွေအကျေချေပြီး စီးမလဲ။ အကြွေးဝယ်ပြီး ကြွကြွရွရွလေး လက်တင်မောင်းလို့ ၅ နှစ် ဖွတ်ဖွတ်ကြေအောင် မောင်းပြီးမှ ငွေအကုန်ကျေအောင် ပေးလိုက်တော့မှာပေါ့။

ရောင်းသူဟာ သူကား‌ရောင်းလို့ရတဲ့ အမြတ်ထက်စာရင် ငွေတိုးချေးစားတဲ့ ကုမ္ပဏီမှာ ငွေချေးပေးလိုက်တဲ့ ကော်မရှင်က မြတ်မြတ်လေးရတတ်တယ်။ ဒါကြောင့် အမေရိကား ကားဒီလာတွေရဲ့ အမြတ်ရှာဖွေနိုင်မှု လက်တံတွေထဲမှာ ကားပြင်ဆားဗစ်ပြီးရင် ‌ချေးငွေနဲ့ရောင်းလိုက်တဲ့ ငွေတိုးတို့က ထိပ်ပိုင်းကို ‌ရောက်နေတာပါ။ ဒီလို အမြတ်ကြီးအစားမခံရအောင် ဘယ်လိုလုပ်ကြမလဲ။ နည်းလမ်းရှိပါတယ်။

Bank of America, Chase, Wells Fargo, Capital One Financing တို့ကို အရင်ဆက်သွယ်ပြီး "ငါ ကားဝယ်ဖို့‌ ငွေချေးမယ်။ မင်းတို့က ငွေတိုးဘယ်လောက်ယူမှာလဲ" ဆိုပြီး ငွေပိုနေတဲ့ အထင်ကရ ဘဏ်ကြီးတွေဆီမှာ ပတ်ပတ်လည် Shop Around လုပ်နိုင်ပါတယ်။ ဒီဘဏ်‌တွေမှာ ငွေမရှိဘူးဆိုတာ ဖြစ်လေ့ဖြစ်ထ မရှိသလို သူ့ထက်ငါ ငွေချေးချင်နေကြတဲ့အတွက် ကားတစ်စီးဝယ်ဖို့ ငွေသောင်းဂဏန်းလောက် ချေးငှားလိုက်တာဟာ သူတို့အတွက် ဘယ်လိုမှ သွားကြားမညှပ်ပါဘူး။ ဒါကြောင့် အမြဲလိုလို ငွေတိုးသက်သာကြတယ်။ (* အခြေအနေမပါ)

ဒီဘဏ်တွေဟာ အမေရိကားက လူတော်တော်များများ ငွေစာရင်းရှင် ချက်ကင်အကောင့် ဖွင့်ထားကြတာများလေတော့ ငွေပိုင်ရှင်ရဲ့ ငွေသွင်း-ငွေထုတ်ရာဇဝင်ကိုသိထားကြလေ့ရှိပြီး အတိုးမပေးရတဲ့ အပ်ငွေ၊ ပိုငွေတချို့ကို လှည့်သုံးနေကျပါ။ ဒီငွေတွေကို အပိုင်သိမ်းချင်လေတော့ တစ်ဖက်မှာ ပိုငွေ၊ နောက်တစ်ဖက်မှာ ချေးငွေ။ ဒါကို ဘဏ်က ကြားထဲက ငွေတိုးလိုချင်နေတဲ့ ငါးမန်းကြီး‌တွေ ဖြစ်တာကြောင့် ဈေးလျှော့ပြီးချေးတယ်လို့ ပြောရတာ ဖြစ်ပါတယ်။

ဒီလိုချေးငွေရဖို့ ဖုန်းဆက်စရာ မလိုတဲ့ခေတ်ကို ရောက်လာနေပါတယ်။ အွန်လိုင်းမှာ ကားလုံးလျှောက်ဖို့ ဖောင်ထဲမှာ အချက်အလက်အကုန်ထည့်ပြီးတာနဲ့ မိနစ်ပိုင်းအတွင်း ငွေတိုးရာခိုင်နှုန်း ဘယ်လောက်ကျတယ်ဆိုတာ အဖြေထွက်ပါတယ်။ ဒါကို ကြိုက်ပြီဆိုရင်တော့ လူကိုယ်တိုင်ကိုင်ပြောတဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်ပြီး အတည်ပြုချက် ရယူရမှာပါ။ ဒီအခါမှာ ဝယ်ချင်တဲ့ကားခုနှစ်၊ အမျိုးအစား၊ ချေးငွေကာလ၊ VIN နံပါတ်နဲ့ ခရက်ဒစ်စကိုးတွေကို စစ်ဆေးပြီးတာနဲ့ 1.99-2.49% APR လောက်နဲ့ ရတတ်လို့ ငွေတိုးအတွက်ပေးရတဲ့ အပိုငွေ တစ်ဝက်လောက် သက်သာတတ်ပါတယ်။

ဖုန်းဆက်ပြီးတာနဲ့ ဘဏ်က Approved Letter ကို ကားဝယ်သူရဲ့ အီးမေးလ်ကို ပို့ပေးတာကြောင့် ဒီလာဆီရောက်မှ ပရင့်ထုတ်ပေးရင်း ဒီလာစာရေးတွေကို ဖြည့်ခိုင်းရတာမျိုးပါ။ ဒီ Vehicle Financing Letter မှာ စာမျက်နှာ ၂ မျက်နှာ ပါပါတယ်။ ပထမစာမျက်နှာက ငွေချေးသူနဲ့ ငွေတိုးနှုန်းသတ်မှတ်တာကို သဘောတူတာဖြစ်ပြီး နောက်တစ်မျက်နှာက ကားဒီလာလုပ်ဆောင်ရမယ့် လမ်းညွှန်ချက် ဖြစ်ပါတယ်။

ကိုယ်နဲ့ဆိုင်တဲ့နေရာမှာ ကိုယ်လက်မှတ်ထိုး၊ သူနဲ့ဆိုင်တဲ့ အချက်အလက်တွေကို သူဖြည့်၊ စာချုပ်ချုပ်ပြီးတာနဲ့ ကားသော့ယူ၊ ကားအသစ်မောင်းထွက်ထွက်၊ ကားအဟောင်းမောင်းထွက်ထွက် ကြိုက်သလို လုပ်နိုင်ပါပြီ။

အဓိက ပြောချင်တာက အကြွေးဆိုရင် ဆင်တစ်ကောင်လုံး ချေးငှားဝယ်စီးတတ်သူမျိုးတွေကို သတိပေးချင်တာပါ။ ကားမကြိုက်ရင်သာ ချေးများကြတယ် ငွေတိုးက မကြည့်တော့ဘူး။ ငွေတိုး‌ဈေးကြီးလည်း ၁ လမှ နည်းနည်းလေးပိုပေးရတာပဲဆိုပြီး ခပ်လွယ်လွယ်စဉ်းစားကြတယ်။

ဒါပေမဲ့ ၂ နှစ်လောက်အကြာမှာ ကားက ဟောင်းလာတော့ ဒီလစဉ်ကားဖိုးကို ပေးရတာ ပင်ပန်းလာတယ်၊ တွန့်တိုလာတယ်။ ကား‌အဟောင်းဝယ်မိလို့ ကားကမကောင်းဘူးဆိုရင် ကားထပ်ပြောင်းချင်လာတယ်။ ဒီတော့ကာ ချေးငွေနဲ့ ကားနောက်တစ်စီးထပ်ဝယ်ရင်း ‌ဒီလို မဆင်မခြင် ငွေတိုးနှုန်းကြီးကြီးပေးဝယ်ရတဲ့ ဝဲသံသရာထဲ တလည်လည် ပြန်ရောက်သွားတတ်တယ်။

မြန်မာ့နည်း မြန်မာ့ဟန်နဲ့ နားလည်လွယ်အောင် တွက်ပြရရင် 2.19% APR နဲ့ ဒေါ်လာ ၁၅ဝဝဝ ကို ၅ နှစ်ချေးရင် ပြန်ဆပ်တဲ့အခါ ငွေတိုး ၉ဝဝ လောက် ပေးရတယ်။ 5.49% APR နဲ့ဆိုရင် ဒေါ်လာ ၂၁ဝဝ ကျမယ်။ ဒီ့ထက်ပိုဆိုးတဲ့ ဒီလာက 7.79% APR ဆိုရင်တော့ ဒေါလာ ၃ဝဝဝ အပိုပေးပေရော့‌ဗျို့။

#KNNTgi
08-07-2021

1 comment:

Harry said...

Thank you U nyi.