ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, October 23, 2020

ဗင်းနစ်ပုံစံတူတူးမြောင်းလေးကိုရောက်ခဲ့တယ်

 


ကျွန်တော်ခရီးသွားတိုင်း ခရီးသွားမှတ်တမ်းဆောင်းပါးလေး ရေးပေးပါလို့တောင်းဆိုတဲ့ချစ်မိတ်ဆွေတွေအတွက် လမ်းညွှန်နဲ့ရဗျူးမရေးတတ်လို့အားနာရပါတယ်။ အခုလို ကပ်ရောဂါစွဲကပ်နေတဲ့အချိန်မှာခရီးသွားရတာဟာ စွန့်စားမှုတစ်ခုပါ။ ဒီနှစ်မှာ ကျောင်းသားလေး “စွမ်း” ကို လော့စ်အိမ့်ဂျလိစ်အဆောင်ကိုပြန်ဝင်ဖို့သွားရတာကတော့ အမှတ်ရစရာတွေအများကြီးထဲကတစ်ခုအနေနဲ့ကျန်ရစ်ခဲ့ပါတယ်။

ဘယ်အချိန်အိပ်ယာထ၊ အဆင်သင့်လုပ်၊ ဘယ်အချိန်ထွက်ဆိုတဲ့ခရီးစဉ်ဟာကြုံနေကျဖြစ်လို့အထူးအဆန်းမဟုတ်တော့ပါဘူး။ ငှားထားတဲ့ကားကိုမကြိုက်လို့နောက်တစ်စီးသွားလဲရတာ၊ ကားမလဲခင်တင်ပြီးသားပစ္စည်းတွေကိုပြန်ချ၊ ကြိုက်တဲ့ကားရောက်လာတော့ပြန်တင် ဒါတွေကမထူးဆန်းပေမဲ့ ပင်ပန်းဇာတာပါတဲ့၊ နောက်တစ်နေ့ကားမောင်းရမယ့်ကျွန်တော့အတွက် နောက်ကျမှအိပ်ယာဝင်ရတဲ့အခက်အခဲလိုမျိုးမကြုံရလေအောင်ရေးပြတာဖြစ်ပါတယ်။




လမ်းခရီးမှာအားလုံးသာသာယာယာရှိပြီးရာသီဥတုမျှတပါတယ်။ မိုးမရွာတော့ မောင်းရတာစိတ်လက်ပေါ့ပါးတယ်။ လမ်းဘေး ၂ နေရာလောက်မှာတောမီးနှိပ်စက်လို့လောင်ကျွမ်းကျန်ရစ်ခဲ့တဲ့ မြက်ခင်းမည်းအကွက်ကြီးတစ်ချို့သာနည်းနည်းပါးပါး‌တွေ့ရပါတယ်။ ရှူရတဲ့လေဟာ အရင်ကထက်သန့်စင်တဲ့အနေအထားရှိကြပြီး နေရောင်ဟာမပူမပြင်းဘဲ ခပ်တင်းတင်းလေး အပူစွမ်းအင်လေးဆောင်ကျဉ်းပေးပါတယ်။


လမ်းပေါ်မှာခရီးသွားသူတွေပြန်တိုးလာတာနဲ့အချိန်ကိုက် စားသောက်ဆိုင်မှာ To Go တွေက အရင်ပုံမှန်အချိန်တွေလိုပဲရောင်းနေရဆဲ၊ အိမ်သာတွေကတော့ညစ်ပတ်မြဲ၊ ကားပါကင်တွေမှာယင်ကောင်တွေရှိနေဆဲ ဒါတွေကအရင်တုန်းကအတိုင်း မပြောင်းမလဲ။ ပြောင်းလဲလာတာက ဓာတ်အားသွင်းမောင်းရတဲ့ EV-Electric Vehicle တွေ ခရီးတစ်ထောက်နားတုန်းအားသွင်းဖို့နေရာတွေတွေ့ရတယ်။ အထူးသဖြင့် Tesla Charging Station တွေပေါ့။

ကဲ သတင်းတိုလေးပြောပြီးသွားပြီဆိုတော့ ခေါင်းစဉ်အကြောင်းပြောရအောင်။



ဒီတစ်ခေါက်မှာ စွမ်းက သူဖြတ်သွားဖူးပြီးအကျွမ်းတဝင်မရောက်ဖူးသေးတဲ့တစ်နေရာကိုသွားဖို့အကြံပြုတယ်။ တည်းတဲ့ဟော်တယ်နဲ့ ၁၉ မိနစ်ပဲမောင်းရမှာဆိုတော့သွားကြည့်ရအောင်ဆိုပြီးအားလုံးသဘောတူကြတယ်။ လော့စ်အိမ့်ဂျလိစ်မြို့က တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတာဆိုတော့ ၁၉ မိနစ်က တော်တော်နီးတာလို့ပြောရမှာပါ။ သေချာတာတစ်ခုကတော့ အဲဒီနေရာဟာ ကျွန်တော်ဒီဘက်မြေရောက်တဲ့ ၁ဝ နှစ်ကျော်အတွင်းမကြားမိသလို မိသားစုဝင် ၄ ယောက်လုံးမရောက်ဖူးသေးတဲ့နေရာဖြစ်နေတာပါ။

၁၉ဝ၅ ခုနှစ်မှာ မြို့ပြတည်ထောင်သူ အဘော့ကင်နီ-Abbot Kinney က လော့စ်အိမ့်ဂျလိစ်မြို့အနောက်ဘက်ကမ်းခြေမှာ ဗင်းနစ်မြို့-Venice of America ကိုတည်ဆောက်ရင်း ဒေသခံတွေဟာခရီးသွားဆွဲဆောင်မှုပြယုဂ်တစ်ခုကိုလက်ဆောင်ရလိုက်တယ်။ အဲဒါကတော့ အီတလီနိုင်ငံ ဗင်းနစ်လှေလှော်မြို့လိုပုံစံတူတူးမြောင်း-Venice Canal Historic District သမိုင်းဝင်ရပ်ကွက်ဖြစ်ပါတယ်။

သဘာဝအတိုင်း မြို့တွေရဲ့လမ်းသွယ်ထဲကိုရေဝင်နေတာမဟုတ်ဘဲ လူသားတွေလုပ်ဆောင်ထားတဲ့ ဗင်းနစ်ပုံစံတူတူးမြောင်းမှာ လမ်းပတ်ပတ်လည်ရဲ့အိမ်တွေကြားရောက်သွားတော့ လူလျှောက်လမ်းတွေကို အင်္ဂတေခင်းထားတာသပ်သပ်ရပ်ရပ်ရှိလှတယ်။ ရေငြိမ်ဖြစ်ပေမဲ့ အထဲမှာကျင်လည်ကျက်စားနေကြတဲ့ ဘဲခေါင်းစိမ်းတွေက ငြိမ်ငြိမ်မနေကြဘူး။ အိမ်ရှင်တွေထားပေးထားတဲ့ ပေပါ ၄ လုံးထမ်းဘော့ခုံလေးမှာ အစာတွေနဲ့ဘဲချေးတွေရောလို့ သဘာဝကပေးထားတဲ့ တူး‌မြောင်းရေနောက်ကျိကျိရေစီးလမ်းကလေးမှာ အမောအပန်းဖြေနေကြတယ်။

အဘော့ကင်နီတည်ခဲ့တဲ့ ဗင်းနစ်မြို့ကလေးဟာဆွဲဆောင်မှုရှိတာနဲ့အညီ အနှစ် ၂ဝ လောက် သီးသန့်မြို့လေးအနေနဲ့ရပ်တည်ခဲ့တယ်။ ၁၉၂၆ ခုနှစ်ကျမှ လော့စ်အိမ့်ဂျလိစ်မြို့နဲ့ပေါင်းစပ်လိုက်တဲ့အခါ တိုးချဲ့လာတဲ့မြို့လူဦးရေနဲ့အညီ ၁၉၂၉၊ ၁၉၄ဝ ခုနှစ်တွေမှာ ဖောက်ထားတဲ့တူးမြောင်းအခြောက်ကြီးတွေကိုမြေပြန်ဖို့၊ လူနေအိမ်တွေဆောက်လိုက်ကြပြီးကျန်နေတဲ့တူးမြောင်းလိုင်းတွေကိုပစ်ထားလိုက်ကြတယ်။


   နောက်ပိုင်းမြို့လူထုရဲ့တောင်းဆိုမှုနဲ့ထောက်ခံချက်တွေကြောင့် ရံပုံငွေပြန်ရှာပြီး ညစ်ထေးနေတဲ့ရေဆိုးတွေကိုစုတ်ထုတ်၊ လူနေအိမ်ရှေ့မှာလမ်းလျှောက်‌နိုင်ဖို့လူလျှောက်လမ်းတွေပြန်လည်ထည့်သွင်းတည်ဆောက်ပြီး နှစ်ပေါင်း ၄ဝ ကျော်အကြာ ၁၉၉၂ ခုနှစ်ရောက်မှပြန်လည်ပြုပြင်နိုင်တဲ့အခါ ခရီးသွားဆွဲဆောင်မှုသမိုင်းဝင်နေရာအဖြစ် ၁၉၉၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။


Venice Canal မှာ အဓိကတူးမြောင်း ၄ မြောင်းရှိပြီး ထိပ်ပိတ် နောက်ပိတ်တူးမြောင်းတွေပါပေါင်းလိုက်ရင် စုစုပေါင်း တူးမြောင်း ၆ မြောင်းပါဝင်တယ်။ တူးမြောင်းထဲကိုရေက အနီးက Marina Del Rey ကမ်းခြေကရရှိပါတယ်။ ရေမျက်နှာပြင်အနည်းငယ်နိမ့်တဲ့ ‌ဝေါ်ရှင်တန်လမ်းအနီးမှာရေထိန်းတံခါးထားရှိပါတယ်။

အခုတွေ့ရတဲ့ Venice Canal ဟာ ၁၉ဝ၅ ခုနှစ်စတည်ခဲ့တုန်းက ၁၃ မြောင်းရှိရာကနေ ‌၇ မြောင်းကိုမြေဖို့၊ အိမ်ဆောက်၊ လမ်းဖောက်ခဲ့တာကြောင့် အခုကျန်တဲ့ ၆ ‌မြောင်းဟာ ဥရောပကိုခရီးထွက်ပြီး အီတလီဗင်းနစ်မြို့ရဲ့အလှကိုကိုယ်တိုင်ကိုယ်ကျသွားမကြည့်နိုင်သေးတဲ့ ခရီးသွားတွေကိုအဆွဲဆောင်ကြီးဆွဲဆောင်နေပါတယ်။

တူးမြောင်းကိုကားနဲ့ဖြတ်မောင်းသွားလို့ရအောင် တံတားခုံးလေးတွေခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားတယ်။ အဲဒီအနီးအနားကအိမ်တွေရဲ့ဗိသုကာအဆောက်အဦတွေက အံ့မခန်းချီးကျူးရလောက်အောင်လက်ရာမြောက်တာကိုသတိထားမိတယ်။ ကားပါကင်ရှားသလောက် အိမ်နောက်ဖေးထွက်ပေါက်ကိုမဖြစ်မနေထားရှိကြပြီး နားနားနေနေ ဝိုင်ထွက်သောက်ပြီးစကားပြောနေသူတွေကိုပါတွေ့ခဲ့တယ်။

မိတ်ဆွေတို့ လော့စ်အိမ်ဂျလိစ်မြို့ကိုရောက်လို့သွားလည်ချင်ရင်တော့ Venice Canal က ဝင်ကြေးမပေးရပေမဲ့ စီးလာတဲ့ကားရပ်ဖို့ ကားပါကင်ခက်ခဲတာကိုသတိထားလိုက်ရင် ပျော်စရာအချိန်လေးတွေကြားမှာ စိတ်ရှုတ်စရာတွေကိုအထူးရှောင်ကျဉ်နိုင်မှာဖြစ်ပါကြာင်းတင်ပြလိုက်ပါတယ်။

ခင်လျက် 

ကိုညီညီ (တောင်ကြီး) 

10-21-2020



No comments: