ဆောင်းပါးရှင်
- ကိုည်ီညီ ( တောင်ကြီး )
|
.
.
“
အဖေ .. သွားတော့မယ်လေ။ စိတ်လျှော့လိုက်ပါတော့။ ဒါဟာ အငယ်ကောင်ဆိုတာ သေချာပါတယ်။ ကျွန်တော်ဒီအခန်းကိုမဝင်ခင်
ဟိုးအဝေးကြီးကတည်းကသိတယ် ” အဖေ့ကို ကျွန်တော်ချော့တယ်။
အဖေက
“ နေပါဦး။ ငါ့သားကို ငါသေချာကြည့်ပါရစေဦး ” ဆိုပြီး အပြင်ကိုပြန်ထွက်ဖို့ အကြောက်အကန်
ငြင်းနေတယ်။
“
လာပါ .. အဖေရာ ပြန်ရအောင်။ ကြည့်ပါလား .. ဂျူနီယာလေးခင်မျာ သက်တောင့်သက်သာနဲ့ ဘယ်လောက်မှ
မခံစားလိုက်ရဘူး။ အခုဒီလိုအကြောင်းပေါ်တာလည်း ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲ။ သူကောင်းရာဘုံဘဝမှာစံပျော်သွားပါပြီ
.. နော် .. ပြန်ကြရအောင်နော် .. အိမ်မှာ အမေလည်း အငိုတိတ်ဦးမှာ မဟုတ်ဘူး။ အဖေလည်း
သိလျက်သားနဲ့ ” ဒုတိယမိ အဖေ့လက်မောင်းလေးကိုကိုင်လှုပ်ရင်း မျက်ရည်စို့နေတဲ့အဖေ့ကို
တွဲလာရင်း ဒုတိယမိကျလာတဲ့မျက်ရည်တွေကို အဖေမမြင်အောင် ကျွန်တော်သုတ်နေမိပါတယ်။
.
တစ်ကယ်က
အဖေ့ရှေ့မှာ ကျွန်တော်မငိုခဲ့ပါဘူး။ ခပ်လှမ်းလှမ်းကတွေ့လိုက်တော့ သိလိုက်ပြီ။ သူမှသူပါပဲ။
အနီးနားရောက်တဲ့အခါ ကျွန်တော့်ညီဆိုတာ သက်သေခံနိုင်ပြီးတဲ့နောက် ကျွန်တော်မအောင့်နိုင်တော့ဘူး။
ဒါနဲ့ သန့်စင်ခန်း - Restroom ခဏသွားမယ်ဆိုပြီး ရေခဲတိုက်ထဲက လှည့်ထွက်ခဲ့တယ်။ ဟုတ်တယ်
.. ဒီသန့်စင်ခန်းဟာ ကျွန်တော်ငိုရမယ့်နေရာပဲ။ မိသားစုရှေ့မှာ ကျွန်တော်ငိုလို့မဖြစ်ဘူး။
အစ်ကိုကြီးနေရာကနေ တောင့်တောင့်ခံနိုင်ကြောင်း ကျွန်တော်ပြရမယ်။
.
အဖေ့မိသားစုမှာ
ကျွန်တော်အကြီးဆုံးသားပါ။ ကျွန်တော့အောက်မှာ အငယ် ( ၈ ) ယောက် ရှိသေးတယ် .. ဒီထဲက ဂျူနီယာလေးက
အငယ်ဆုံး၊ အားလုံးကအချစ်ဆုံး၊ စာအတော်ဆုံး၊ အထူးချွန်ဆုံး ညီလေးတစ်ယောက်ပါ။ ဒီအကြောင်းတွေပြန်တွေးမိတိုင်း
ကျွန်တော့်ရင်တွေ အရမ်းလေးတယ်။ အသစ်ပြန်ဖြစ်သလို ဆို့နစ်စွာ ခံစားရတယ်။ ကျွန်တော်တို့မိသားစု
ဖိလစ်ပိုင်ကပြောင်းရွှေ့လာတော့ ဟာဝိုင်ယီက နာနတ်သီးစက်ရုံမှာ အိမ်တစ်လုံးရတယ်။ အဖေနဲ့သားကြီးကျွန်တော်က
ဦးဆောင်၊ နာနတ်သီးဆွတ်ပြီး ဈေးကွက်ကိုတင်ဖို့ ပြင်ဆင်ပေးရတဲ့အလုပ်လုပ်တယ်။ အငယ်ကောင်က
ဒီ အမေရိကားရောက်မှမွေးတဲ့ အဖေ နဲ့ အမေရဲ့ အထွေးဆုံးသားရတနာ။ ဒါကြောင့်လည်း အချစ်တွေ
ပိုကြတာ။
.
ကျောင်းမှာစာတော်သလို
သူငယ်ချင်းတွေလည်းအများကြီးပဲ။ လူမှုဆက်ဆံရေးကောင်းတော့ ကျောင်းလှုပ်ရှားမှုတွေဆိုတာ သူမပါရင်မပြီးတဲ့အထိ
လူချစ်လူခင်ပေါတယ်။ ဟာဝိုင်ယံရိုးရာဂစ်တာ Ukulele ကို ပိုင်နိုင်စွာတီးခတ်တတ်သူကလေးပေါ့။
ဒီအရည်အချင်းတွေကြောင့် သူ့နားမှာ မိန်းကလေးသူငယ်ချင်းတွေ ဘယ်လောက်ဝိုင်းဝိုင်းလည်နေမယ်ဆိုတာ
မှန်းကြည့်လို့ရပါတယ်။ ကျွန်တော်ကလည်း ကြီးကောင်ကြီးမားနဲ့ ကလေးတွေနဲ့ ဆော့ကစားရတာအလွန်ပျော်တာ။
သူတို့နဲ့ စက်ဘီးစီးတယ်။ ကမ်းစပ်မှာ ဂျူနီယာလေးနဲ့ အတူတူပြေးကစားတယ်။ ဒါပေမယ့် သူ့က
အိမ်မှာဆို သူ့ဖာသာသူ သီးသန့်နေတယ်။ အခု ( ၇ ) တန်းမှာ လူပျိုဖော်ဝင်တုန်း စိတ်ကမငြိမ်ဘူး
.. နောက်နှစ်ဆို ( ၈ ) တန်း အထက်တန်းကျောင်းပြောင်းရတော့မယ်ဆိုပြီး အစ်ကိုတွေ အစ်မတွေအားလုံးက
အရိပ်တစ်ကြည့်ကြည့်နေရတဲ့အချိန်လေ။ ဒီလိုအရွယ်ကောင်းမှာမှ ..
.
အဲဒီနေ့
.. ဟုတ်တယ် အဲဒီနေ့ပဲ။ ပြီးခဲ့တဲ့ ( ၉ ) နှစ်က မှတ်မှတ်ရရ သရဲမြူးပြီး ကလေးတွေပျော်တဲ့
Halloween ညတစ်ညမှာ သူ့အခန်းထဲက ထွက်လာပြီး
အမေ့ကို လာသိုင်းဖက်တယ်။ အမေက အံ့သြလွန်းလို့ “ ဟ .. ဒီကောင်လေး ဘယ်လိုဖြစ်နေတာလဲ အမေ့ကိုလာဖက်နေတယ်
” လို့တောင် ပြောသေးတယ်။ ပြီးတော့ အခန်းထဲဝင်သွားပြီး တစ်ခေါက်ပြန်ထွက်လာတယ် .. အမေ့ကို
ထပ်လာဖက်ပြန်တယ်။ အမေ့ရင်ထဲမှာ ကြည်နူးလွန်းလို့ အမှတ်ရတဲ့အခါတိုင်းပြန်ပြောပြတယ်။
“ သူ့သားငယ်တစ်သက်မှာ ဒီ ( ၂ ) ကြိမ်ပဲ အမေ့ကိုလာဖက်ဖူးတယ် ” တဲ့။
.
Halloween
ညရဲ့သဘာဝ ကလေးတွေ အိမ်နီးနားချင်းတွေဆီသွားပြီး တံခါးခေါက် ချောကလက်၊ ချိုချဉ်တောင်းကြတယ်လေ။
အငယ်ကောင်လေးက ဒီနေ့တော့ သူဘယ်မှမသွားဘူးလို့ ပြောသံကြားတယ်။ သူ့အစ်မတွေ နဲ့ အစ်ကိုတွေတော့
အသီးသီး Trick and Treat ထွက်သွားကြတာ သိပ်မကြာသေးဘူး။ ကျွန်တော်က မိသားစုရှိပြီမို့လို့
ကိုယ့်မိသားစုနဲ့ အိမ်ခွဲနေတဲ့အချိန် ကျွန်တော့အိမ်မှာပေါ့။ အဖေက အမေ့ကို ဖုန်းဆက်တယ်
.. သူဒီနေ့အလုပ်ကအိမ်ပြန်နောက်ကျမယ်လို့ပြောတယ်။
.
ခဏလေးလည်းကြာရော
အိမ်ရှေ့ခေါင်းလောင်းသံမြည်လာတယ်။ အမေက ချောကလက်တောင်းတဲ့ ကလေးတွေထင်ပြီး ထဖွင့်ပေးလိုက်တော့
ဂျူနီယာရဲ့ သူငယ်ချင်း ( ၂ ) ယောက် ဖြစ်နေတယ်လေ။ သူတို့က Trick and Treat သွားဖို့
ဂျူနီယာကိုလာခေါ်တာလို့ပြောတော့ အမေကထည့်လိုက်တယ်။ ဒါနဲ့ အဝတ်အစားလဲပြီး ဂျူနီယာက သူ့သူငယ်ချင်း
( ၂ ) ယောက်နဲ့လိုက်သွားတာကို အမေငေးကြည့်နေမိတယ်။ ဒီအကြည့်ဟာ ဂျူနီယာကို နောက်ဆုံးအကြိမ်ကြည့်ခွင့်ရတယ်ဆိုတာ
အမေသိခဲ့ရင် သူ့ကို ပေးလိုက်မိမယ် မထင်ပါဘူး။
.
အိမ်နီးနားချင်းတွေက
ပေးလိုက်တဲ့ ချော့ကလက်တွေက များလွန်းလို့ ဂျူနီယာဟာ ကျောပိုးအိတ် -Back Pack တစ်လုံးနဲ့အပြည့်ရလိုက်တယ်။
အဲဒီအချိန်မှာ ညကလည်းအတော်နက်နေပြီ။ အိမ်လာခေါ်တဲ့ သူငယ်ချင်းတွေရဲ့ နောက်ထပ်သူငယ်ချင်းအိမ်ရောက်တဲ့အခါ
အိမ်ပြန်မယ့်အစား သူတို့အစီအစဉ်ပြောင်းသွားတယ်။ အတန်းကြီးတဲ့အဲဒီသူငယ်ချင်းက ကားလိုင်စင်ရပြီးလို့
ကားလည်းမောင်းနေပြီလေ။ အဲဒါနဲ့ လိုက်မလားဆိုပြီးမေးတော့ ဂျူနီယာက အိမ်ပြန်ချင်တယ်လို့ပြောတယ်။
ထပ်ခါထပ်ခါပြောတဲ့အခါ မငြင်းသာတော့ပဲ ချောကလက်ပြည့်နေပြီဖြစ်တဲ့ ကျောပိုးအိတ်ကလေးကို
ကားနောက်ခန်းမှာထည့်ကာ ဂျူနီယာလေးက လိုက်သွားဖို့ ဆုံးဖြတ်မိပါတော့တယ်။ ကားလေးက တံခါးနှစ်ပေါက်
- 2 Door Sedan ဖြစ်ပြီး အဲဒီခေတ်အခါက လူငယ်တွေ ရူးသွပ်တဲ့ ပြိုင်ကားအမျိုးအစား ဟွန်ဒါကား
အသစ်ကလေးပါ။
.
အလုပ်ကပြန်လာတဲ့အဖေဟာ
အိမ်ရောက်တော့ ည ( ၁၁ ) နာရီထိုးနေပြီ။ သူ့သားငယ်ပြန်မရောက်သေးတဲ့အကြောင်း ကျွန်တော့ဆီဖုန်းဆက်တယ်။
သူ့သူငယ်ချင်းအိမ်သွားအိပ်မလားမသိဘူးလို့တောင် ကျွန်တော်က ပြန်ဖြေလိုက်သေးတယ်။ ခက်တာက
အဲဒီခေတ်မှာ လက်ကိုင်ဖုန်းက ဆယ်ကျော်သက်တွေ သိပ်မကိုင်ကြသေးဘူး။ အဖေနဲ့အမေကို စိတ်မပူပါနဲ့လို့
ချော့မော့လိုက်ရပေမယ့် ကျွန်တော့်စိတ်တွေ တော်တော်လေးနေတယ်။ နောက်တစ်ခေါက် ဂျူနီယာအိမ်ပြန်ရောက်ပြီဆိုတဲ့ဖုန်းကို
စောင့်နေမိရင်း သက်ပြင်းတွေချနေမိပါတယ်။
.
သူတို့
( ၄ ) ယောက်စီးတဲ့ကားလေးက အဝေးပြေးလမ်းမပေါ်တက်လိုက်ပါတယ်။ သူငယ်ချင်းကားမောင်းသူဟာ
မြို့တွင်း တစ်နာရီ ( ၃၅ ) မိုင် မောင်းနေရာကနေ မိုင် ( ၇ဝ ) ကို မြင့်တင်လိုက်တယ်။
တစ်လက်စတည်း အမြန်မောင်းနေတာဖြစ်လို့ ဘယ်ဘက်လမ်းကို Lane Change ရင်း ဆက်လို့သာ အရှိန်မြင့်မောင်းနေပါတယ်။
ရှေ့ခန်းမှာ ဒရိုင်ဘာရယ်၊ ညာဘက်မှာ ဂျူနီယာထိုင်တယ်။ နောက်ခန်းမှာတော့ ပျော်ရွှင်မြူးထူးနေတဲ့
သူငယ်ချင်း ( ၂ ) ယောက်။
.
ဘယ်ဘက်
ဒုတိယလိမ်းပြောင်းအပြီးမှာ ဘေးက ဟွန်ဒါပရီရုဒ်ပြိုင်ကားလေးက ဝှီးကနဲ ကပ်ကျော်သွားတယ်။
ပြိုင်ကားလေးရဲ့ နောက်မြှီးနဲ့ ခတ်လုနီးနီး စိမ်ခေါ်သွားပါသေးတယ်။ ပြီးတော့ ကားထဲကနေလက်ထောင်ပြီး
“ ပြိုင်မောင်းမလား ” ဆိုတဲ့ သင်္ကေတပြပြီး ဒရိုင်ဘာကို စိတ်ဆွပေးပါတော့တယ်။ ရုတ်တရက်ကြီး
ကားတစ်စီးလုံး မှင်သက်နေရာကနေ လန့်နိုးလာကြပြီး ဆယ်ကျော်သက်သွေးတွေ ပွက်ပွက်ဆူလာလေတော့တယ်။
ဒီအခါမှာ ဆယ်ကျော်သက်ဒရိုင်ဘာဟာ လီဗာကို အားကုန်နင်းပြီး အရှေ့ကားကို စက္ကန့်ပိုင်းအတွင်းမှီအောင်မောင်းရုံမက
ကျော်တက်ပြလိုက်ပါတယ်။ တစ်ဖက်ကားကလည်း သူတို့ကိုကျော်၊ သူတို့ကလည်းပြန်ကျော်၊ ဟိုကားရှောင်၊
ဒီကားနောက်ကဝင် စသဖြင့်လုပ်နေတဲ့အချိန် ဖရီးဝေးပေါ်မှာ ကားရှင်းနေလို့ တော်ပါသေးတယ်။
ဒါပေမယ့် သူတို့သတိမထားမိတာက ဟာဝိုင်းယီ ရဲ့ လမ်းတွေက တိုတိုလေးတွေဆိုတာကိုပါ။ တစ်ဖြည်းဖြည်းနဲ့
လူနေရပ်ကွက်ဖက်တွေကိုချည်းကပ်လာတဲ့အထိ ကား ( ၂ ) စီးလုံးက အရှိန်မလျော့ကြပါဘူး။ ဒီလိုနဲ့
အကွေ့လေးတစ်နေရာအရောက်မှာ ဂျူနီယာတို့ကားဟာ ..
.
.
မနက်
( ၂ ) နာရီထိုးပြီ။ ဖုန်းသံမြည်လာတယ် .. အဖေ့ဖုန်းခေါ်လာတာပဲ။ ဒါဆို ဂျူနီယာအိမ်ပြန်ရောက်တဲ့အကြောင်းဆက်တာဖြစ်ပါစေလို့
ကျွန်တော်ဆုတောင်းနေမိတယ်။ မျှော်လင့်ထားသလို ဘယ်တော့မှ ဖြစ်မလာဘူးဆိုတာ ဒါမျိုးကိုပြောတာထင်တယ်။
အဖေအသံက ဖုန်းထဲမှာ လှုပ်ခတ်နေတယ်၊ တုန်ရီနေတယ်၊ ပြီးတော့ ဖြည်းဖြည်းချင်းပြောတယ်။
“ မင်းညီလေး ကားအက်စီဒင့်ဖြစ်လို့ ကွယ်လွန်သွားရှာပြီ ” တဲ့။ သွားပါပြီဗျာ .. ကျွန်တော့်ကမ္ဘာကြီး
ပြောင်းပြန်မှောက်သွားတယ်။ ဟာဝိုင်းယီကျွန်းကြီး ပက်လက်ဖြစ်သွားပြီလားဗျာ ..
.
ဂျူနီယာ့အသက်ကိုနှုတ်ယူသွားတဲ့ကားက
ဖရီးဝေး နဲ့ အိမ်တွေကြားမှာကားထားတဲ့ လူ ( ၂ ) ရပ်စာလောက်ရှိတဲ့ အုတ်နံရံကြီးကို ဝင်တိုက်မိတယ်။
ထပ်ပြီးကန်ထွက်သွားတဲ့နောက်မှာ အနီးက ကွန်ကရစ်ဓါတ်တိုင်ကို ခါးလယ်ကနေ ဘေးတိုက်ကြီး
ဝင်အောင်းလိုက်တယ်။ ကံဆိုးစွာ အရှေ့ညာဘက်က ဂျူနီယာထိုင်တဲ့ အရှေ့ပါဆင်ဂျာခုံနံရံဟာ
ကွမ်းသီးကို ကွမ်းရွက်ထဲထည့်လိပ်လိုက်သလို ဓါတ်တိုင်ကြီးကို ပတ်လျက်သားတိုက်မိပြီး
ရပ်သွားခဲ့တယ်။ ဒီအသံကိုကြားမိတဲ့ နံရံဟိုဘက်က ကူညီသူ လူမည်းအမျိုးသားတစ်ဦး အုတ်နံရံကိုကျော်တက်ပြီး
အခင်းဖြစ်တဲ့နေရာကို ရောက်လာတယ်။ သူဟာ ကားထဲကို ကြည့်လိုက်တော့ အားလုံးအသက်ရှိသေးတယ်။
.
တစ်ဦးချင်း
ကားထဲကနေ ဆွဲထုတ်လိုက်တဲ့အခါ ဂျူနီယာ့အလှည့်အရောက်မှာ သူစကားပြောချင်နေတာတွေ့တယ်
.. ဒီကလေးဟာ ကားအင်ဂျင်နဲ့ ဓါတ်တိုင်အညှပ်ခံရပြီး ခန္ဓာကိုယ်က ပြားပြားလေးပဲကျန်တယ်လို့
နောက်တော့ပြောပြတယ်။ ကားထဲကနေ ခဲရာခဲဆစ်ဆွဲထုတ်တဲ့အခါ ဂျူနီယာက စကားတစ်ခွန်းကို နောက်ဆုံးအနေနဲ့
ပြောရစ်ခဲ့တယ်။ “ ကျွန်တော်အမေ့ကိုတွေ့ချင်တယ် - I NEED MY MOM ” ဆိုပြီး အဆိုပါကူညီသူ
လူမည်းအမျိုးသားကြီးလက်ထဲမှာ ဘဝတစ်ပါးကို ကူးပြောင်းသွားပါတော့တယ်။
.
ဂျူနီယာ့မှာ
ကားလိုင်စင်လည်းမရှိ၊ ID လည်းမရှိ၊ လက်ကိုင်ဖုန်းလဲမပါဆိုတဲ့အပြင် နောက်က ချောကလက်ကျော်ပိုးအိတ်ကလေးကို
သက်သေခံခိုင်းလို့လည်းမရဘူးဖြစ်နေတယ်။ ချက်ချင်းကြီး ဘယ်သူသေဆုံးသွားတာမသိရလို့ ရဲက
ကျန်ကလေးမိဘတွေကိုဆက်ပြီး အဖေ့ဖုန်းနံပါတ်ကို ဆက်သွယ်လာတာဖြစ်ပါတယ်။ နောက်တစ်နေ့မှာ
ရေခဲတိုက်ကိုလာပြီး သက်သေခံ - Identify လုပ်ခိုင်းတယ်။ အဖေက အမေ့ကို ပေးမလိုက်ပဲ အိမ်မှာချန်ထားခဲ့တယ်။
“ လာပါ အဖေရာ .. အိမ်ပြန်ရအောင်။ အိမ်မှာ အားလုံးလည်းစောင့်နေရှာပြီ။ ညီလေး ကောင်းရာဘုံမှာ
စံစားနေပါစေ ” ဒါ ကျွန်တော်နောက်ဆုံးပြောနိုင်တဲ့စကားပါပဲ။
.
.
အသုဘမချခင်
ခရစ်ယာန်ဘုရားကျောင်းမှာ နောက်ဆုံးနှုတ်ဆက်တဲ့ Viewing လုပ်တဲ့အခါ Church မှာ လူတွေမဆန့်တော့လို့
အပြင်ကိုထွက်စောင့်နေရတယ်။ အားလုံးထဲမှာ ယူကျူံးမရအဖြစ်ဆုံးက အမေပါ။ သူသာ ပေးမသွားရင်
သူ့သားငယ်ကို မဆုံးရှူံးဘူးလို့ ရင်ဘတ်ကြီးကို ထုကာထုကာ ဝမ်းနည်းတကြီး ပြောရှာတယ်။
ဒီလို ကားနဲ့ နောက်တစ်နေရာဆက်သွားမယ်မှန်းသိရင် သူဘယ်ထည့်လိမ့်မလဲ တဲ့။ “ ဒါပေမယ့်
အမေရယ် .. သူလည်း ဒီလိုဖြစ်မယ်လို့မှမထင်တာ ” ကျွန်တော့နှစ်သိမ့်ပေးသံဟာ အမေ့ရင်တွင်းကနာကြင်မှုကို
မလျှော့ချပေးနိုင်ခဲ့တာ ကျွန်တော်စိတ်မကောင်းပါဘူး။
.
ဒီအဖြစ်အပျက်တွေပြီးတဲ့နောက်မှာ
ဒီအသက်တစ်ချောင်းပေးလိုက်ရတာမတန်တဲ့ အားနည်းချက်တွေကို ကျွန်တော်တွေ့လာတယ်။ ကလေးတွေကို
ညဘက် ညနေသွားချင်ရင် ကိုယ်တိုင်လိုက်ပို့ပါ။ လူငယ်အချင်းချင်းသွားရင်တောင် ကလေးမိဘတစ်ဦးဦး
ပါပါစေ။ ကလေးတွေရဲ့ပိုက်ဆံအိတ်ထဲမှာ ကျောင်းသားကဒ်၊ ID ထည့်ပေးထားပါ။ အနည်းဆုံးဘယ်ရောက်နေတာလဲသိအောင်
ဆဲလ်ဖုန်းပေးထားပါ။ ကလေးတွေကို ပြိုင်ကားမဝယ်ပေးပါနဲ့။ ကားဝယ်ပေးရင်တောင် ရိုးရိုး
တံခါး ( ၄ ) ပေါက်ဆလွန်း - 4 Door Sedan ကိုသာ ပေးမောင်းပါ။ လူငယ်ဆိုတော့ စိတ်ကြွလွယ်တယ်။
သူတစ်ပါး အာရုံစိုက်မှုကို အမြဲလိုချင်တယ်။ တံခါး ( ၄ ) ပေါက်ကားက အရှေ့ခန်းနဲ့အနောက်ခန်းကြားမှာ
ဖရိန်တန်းပါတဲ့အတွက် ပါဆင်ဂျာခုန်မှာထိုင်သူကို မထိခိုက်အောင် အထိုက်အလျောက်ကာကွယ်ပေးတယ်။
လူငယ်ကြိုက် တံခါး ( ၂ ) ပေါက်ကားက ခုနကပြောသလို ကြားမှာ တန်းမပါဘူး။ အရှေ့တံခါးကအရှည်ကြီးနဲ့
ပိတ်ထားတယ်။ တစ်ခုခုဖြစ်လို့ အနောက်ခန်းကလူထွက်ချင်ရင်တောင် မမျှော်လင့်တဲ့ ထိခိုက်မှုမျိုးကြောင့်
ကားထဲမှာ ပိတ်မိတတ်တယ်။
.
နောက်ပြီး
စေတနာနဲ့ ပြောချင်တာက မိသားစုကိုချစ်ပါ။ ညီအစ်ကို မောင်နှမတွေကို အချိန်ပေးပါ။ တစ်နေ့လာတဲ့
သူတွေ တစ်နေ့ပြန်သွားကြတဲ့ ဧည့်သည်တွေချည်းပါ။ ဘယ်နေ့ ဘယ်ရက်မှာ အသက်ရှင်လျက်ခွဲခွာသွားမလား
.. သေခြင်းက ခွဲပစ်လိုက်မလား မသိနိုင်ဘူး။ မိသားစုကို အလုပ်အကျွေးပြုပါ။ စည်းရုံးမှုနဲ့
ချစ်ခြင်းမေတ္တာကို ဦးထိပ်ထားပါ။ အခုလို ကျွန်တော့ညီ ဂျူနီယာရဲ့ဇာတ်လမ်းကို နားထောင်ပေးလို့ကျေးဇူးပါပဲ။
ဒါပေမယ့် နားလည်မှုရှေ့ထားပြီး တစ်ခုတော့ တောင်းပန်ချင်တယ်။ “ ကျွန်တော့ကို မနက်ကြီး
ဘယ်တော့မှ ဖုန်းမဆက်ပါနဲ့ဗျာ ” ကျေးဇူးတင်ပါတယ်။
.
အထက်ပါ
ကြေကွဲဖွယ်ရာဇာတ်လမ်းကို ပြောပေးလာသူကတော့ ကျွန်တော့်အလုပ်က ဒေမွန်အိုမနီးစ် -
Damon Omnes ဖြစ်ပြီး ကျွန်တော့်လူမျိုးရွှေမြန်မာတွေဖတ်ဖို့ ရေးသားခွင့်ပေးခဲ့သူပါ။
မကြာသေးခင်ကမှ ဟာဝိုင်းယီကျွန်းကနေ ကယ်လီဖိုးနီးယားကို ပြောင်းလာသူပါ။ ကျွန်တော်လည်း
စိတ်မကောင်းခြင်းများစွာဖြစ်ပြီး သူပို့လာမယ့် ဂျူနီယာရဲ့ဂစ်တာပုံလေးကိုစောင့်ရင်း
ကျွန်တော့်ရဲ့ အက်ကွဲနေတဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်လေးကို ငေးကြည့်နေမိပါတော့တယ်။
.
koko2yeye@gmail.com ( KKL )
.
Thank
you for your permission Damon. God bless you and your family.
No comments:
Post a Comment