ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, July 30, 2015

Computer Network Engineering ပညာဖြန့်ဝေပေးသူ ကိုစိုင်းလင်းသူနှင့်အွန်လိုင်းစကားလက်ဆုံ

မေးမြန်းသူ ။          ။ ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကိုညီညီ ။။။။။။။။။။ ကိုစိုင်းလင်းသူ ငယ်ဘဝကျောင်းသားလောက ကနေ အခု ဒီ Networking နယ်ပယ်ထဲရောက်လာပုံလေးနဲ့ အွန်လိုင်းစကားဝိုင်းလေးကို စလိုက်ကြရအောင်။
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော်က မန္တွလေးသား ပါ။ ( ၁ဝ ) တန်းအောင်တော့ ကျွန်တော့အမှတ်က ဆေးတက္ကသိုလ် ဝင်လို့ရပေမဲ့ ကွန်ပျူတာ တက္ကသိုလ်ကိုပဲ တက်ရောက်ခဲ့ပါတယ်။ ( ၂ဝဝ၂ ) ခုနှစ် ကျောင်းမတက်ခင် ကွန်ပျူတာသင်တန်းတွေ တက်ပါတယ်။ Maintaining and Repairing PC, A+ တို့၊ Programming နဲ့ ပက်သက်လို့ဆိုရင် BASICA, C, C++, Visual Basic, SQL, MySQL တို့ အစုံပါပဲ။
.
အဲဒီတုန်းက  မန္တလေးမှာ ကျွန်တော်တို့အားကိုးရာ၊ သတင်းအရင်းအမြစ်ရရာ Resources Center တွေက National CD ဆိုင်က “ E-books ” CD တွေရယ်၊ ဗြိတိသျှကောင်စီစာကြည့်တိုက် - British Council Library တို့တွေပေါ့။ ကွန်ပျူတာတက္ကသိုလ် မတက်ခင်ကတည်းက သင်မဲ့သင်ရိုးညွှန်းတမ်းတွေကို ကြိုတင်ရှာဖွေပြီး ဖတ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ IT နယ်ပယ်ထဲ ရောက်လာတယ်လို့ ပြောလို့ရပါတယ်။
.
.
ကိုညီညီ ။။။။။။။။။။ လေ့လာစရာများလွန်းတဲ့ ကွန်ပျူတာလောကထဲမှာ ဘာကြောင့် Networking ကို ရွေးရတာလဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော် စာဖတ်ရင်းနဲ့ အင်တာနက်ဆိုတာကို စသိတဲ့အချိန်မှာ စာအုပ်ပေါ်မှာပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းက မန္တလေးမှာ အင်တာနက်မှ မရသေးတာ။ နောက်တော့ မှတ်မှတ်ရရ တီဗွီမှာ ကြော်ငြာလာတယ်။ အာရှဓနဘဏ်ရဲ့ Online Banking ကြော်ငြာပါ။  အဲဒီမှာ www ဆိုတာကို ကျွန်တော် သတိထားမိတယ်။ ဒီလိုနဲ့ မန္တလေးမှာ Bagan Net ကနေ ပြပွဲလာလုပ်တယ်။ အဲဒီမှာ အင်တာနက်သုံးဖို့ ကွန်ပျူတာ ( ၃ ) လုံး ချပေးထားတယ်။
.
အဲဒီမှာ ကျွန်တော်ဖတ်ဖူးတဲ့ Internet Explorer ကို Double Click လေးနှိပ်ပြီး ကျွန်တော်သိတဲ့ တီးဝိုင်းသုံးလေးခု ရဲ့ စာမျက်နှာတွေဖြစ်တဲ့ sum41, blink182, limp bizkit တို့ရဲ့ Website Address တွေကို ရိုက်ထည့်လိုက်တယ်။ သူတို့ရဲ့ဝဘ်ဆိုဒ်တွေ တက်လာတဲ့အခါမှာ ကျွန်တော် တော်တော်အံ့သြသွားတယ်။ အင်တာနက်ဆိုတာ တစ်ကယ်ကြီးကို ရှိတယ်ပေါ့။ မမြင်ဘူးတော့ မယုံဘူးလေ။ ကျွန်တော် စာအုပ်ထဲမှာ ဖတ်ဖူးတာက အဲဒီလိုဝဘ်ဆိုဒ်တွေကို ရေးတဲ့ ဘာသာစကားက HTML ဆိုတာ ကျွန်တော် သိလိုက်တယ်။
.
အဲဒါနဲ့ National CD ဆိုင်ကို ပြေးပြီး HTML, VB Script, Java Script တွေပါတဲ့ e-books တွေကို ဝယ်ပြီး စလေ့လာတယ်။ HTML လေ့လာရင်းနဲ့ TCP/IP တို့ Computer Networks တို့ ပါလာတယ်။ အဲဒီလိုနဲ့ Computer Networking ကို စိတ်ဝင်စားလာခဲ့ပါတယ်။
.
.
ကိုညီညီ ။။။။။။။။။။ မြန်မာလူငယ်တွေ နဲ့ မိခင်မြန်မာနိုင်ငံတို့ ကွန်ယက်မိဖို့ နည်းပညာ - Technology က ဘယ်လိုအထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ အံ့သြစရာကောင်းလောက်အောင်ကို နည်းပညာက မြန်မာလူငယ်တွေအတွက် အထောက်အကူ ပြုပါတယ်။ နေ့စဉ်ရှင်သန်နေရတဲ့ ဘဝအတွက်၊ အသက်မွေးဝမ်းကျောင်းအတွက်၊ ခိုင်မာတဲ့ ဘဝအာမခံချက်အတွက် အများကြီးပါပဲ။ ဥပမာပေးရမယ်ဆိုရင် အင်တာနက်ကြောင့်ပဲ။ ဟိုးအရင်က မရှိခဲ့ဖူးတဲ့ အလုပ်အကိုင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့တယ်။

.
အခုဆိုရင် Facebook, LinkedIn, Twitter တို့လို Social Network တွေကြောင့် နောက်ထပ် အလုပ်အကိုင်ပေါင်းများစွာ ထပ်ပေါ်ထွက်လာခဲ့ပြန်တယ်။ အခုဆိုရင် နည်းပညာ - Technology က ကျွန်တော်တို့ နေနေတဲ့ ကမ္ဘာကြီးကို ထပ်ပြီး အကျိုးပြုပြောင်းလဲလာနေပြန်တယ်။ အဓိကအားဖြင့် စီးဆင်းရာ Trend က လေးခု …
.
.
1 – IoT ( Internet of Things ) : Everything that can be connected, will be connected ! ;
.
2- Mobile : Information anywhere, anytime ! ;
.
3- Cloud Computing : Infinite power of computation in your pocket ! ;
.
4- Big Data : Insights about every aspect of our lives ! ;
အဲဒါတွေလို့ ကျွန်တော်မြင်တယ်။
.
ဟိုးအရင်က မြန်မာနိုင်ငံမှာ ISP ( Internet Service Provider ) တစ်ခုပဲရှိတယ်။ အခုဆိုရင် Telenor, Ooredoo အစရှိသဖြင့် အများကြီးပဲ။ Cisco, VMware, F5 အစရှိတဲ့ နည်းပညာကုမ္ပဏီတွေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာနေပြီ။ ဒါတွေနဲ့အတူ တစ်ကယ်အရည်အချင်းရှိပြီး အလုပ်လုပ်နိုင်တဲ့ မြန်မာလူငယ်အင်ဂျင်နီယာတွေ အများကြီး .. အများကြီး .. လိုအပ်နေတယ်။ 
.
ဒီလိုနဲ့ လူငယ်တွေဟာ နည်းပညာ အထောက်အကူနဲ့ သူတို့ရဲ့ ဘဝတွေကို သူတို့ကိုယ်တိုင် ပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းတွေဟာ ပွင့်လာပြီ။ ကျွန်တော်ကျောင်းသားဘဝ မြန်မာနိုင်ငံမှာ နေတုန်းကနဲ့ ဘာဆို ဘာမှကို မဆိုင်တော့ပါဘူး။ ကျွန်တော်တို့ လူငယ်တွေ မျက်စိကျယ်ကျယ်ဖွင့်ပြီး နားကြီးကြီး နဲ့ နားထောင်ဖို့ အရမ်းကို အရေးကြီးပါတယ်။
.
.
ကိုညီညီ ။။။။။။။။။။ လူငယ်တွေမှာ သူတို့အားကျတဲ့  မော်ဒယ်ဆိုတာရှိတယ်။ ကိုစိုင်းလင်းသူကို ပဲ့ပြင်ဆုံးမပြီး ဒီလိုထူးချွန်တဲ့လမ်းကြောင်းပေါ်ပို့ပေးခဲ့သူ - Mentor ဆိုရင် ဘယ်သူဖြစ်မလဲ။
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော့မှာ Mentor တွေ အများကြီး ရှိပါတယ်။ ကျွန်တော် နေနေတဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အားလုံးဟာ ကျွန်တော့ Mentor တွေ ချည်းပါပဲ။
.
.
ကိုညီညီ ။။။။။။။။။။ လူငယ်တွေမှာ ရည်မှန်းချက်အမျိုးမျိုးရှိနိုင်တယ်လေ။ တစ်ချို့ကျပြန်တော့ ရည်မှန်းချက်ပျောက်နေတတ်တာလည်းရှိကြလိမ့်မယ်။ အထူးသဖြင့် ဆယ်တန်းပြီးထားပြီး ဘာလုပ်ရမှန်းဝေခွဲရခက်နေတဲ့လူငယ်တွေကို ဘယ်လိုအကြံပေးချင်ပါသလဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ဒီမေးခွန်းက အရမ်းကျယ်ပြန့်တော့ ဖြေရခက်တယ်။ Computer Networking နဲ့ ပက်သက်လို့ ဘာလုပ်ရမှန်းမသိ ဝေခွဲရခက်နေတယ်ဆိုရင်တော့ ကျွန်တော် အကောင်းဆုံး အကြံပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Computer Network Engineering လုပ်နေရင်းနဲ့ကို လမ်းပျောက်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေ အများကြီးကို ကျွန်တော်တွေ့ဖူးလို့ပါ။
.
.
ကိုညီညီ ။။။။။။။။။။ အခုခေတ်ပညာတတ်တွေ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်သစ်ရှာပြီး ဘဝရပ်တည်ကြတာတွေ့တယ်။ နောက်ထပ်ကျောင်းပြီးထားတဲ့လူငယ်တွေကိုလည်း သူတို့လိုအဝေးမှာပညာထွက်သင်ဖို့တိုက်တွန်းကြတာတွေရှိနေတယ်။ အဲဒီလို ဦးနှောက်ယိုစီးမှုကို ဘယ်လိုမြင်ပါသလဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော့ အမြင်ပြောရင်တော့ People respond to Incentives. ဘာကြောင့်လဲဆိုတော့ People make decisions by comparing costs and benefits, their behavior may change when the costs or benefits change. အကောင်းဆုံး ဥပမာကတော့ အမေရိကန်နိုင်ငံပါပဲ။
.
နောက်ထပ် ဆက်စပ်ပြီးပြောရရင် ကျွန်တော် အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Thomas L. Friedman ရေးထားတဲ့ The Lexus and the Olive Tree ထဲက စာပိုဒ်တစ်ပိုဒ်ကို ပြောပြချင်ပါတယ်။ မြန်မာလိုဘာသာမပြန်ဘဲ သူ့အတိုင်းလေးပဲ  ကြိုက်လွန်းလို့ ထပ်ခါထပ်ခါဖတ်ရင်း အဲစာပိုဒ်ကို အလွတ်ရနေတယ်။ ဘာလဲဆိုတော့ …
.
“ In the future, the virtues of keeping your economy as open as possible will only multiply, because in the era of globalization, knowledge is the key to economic growth, and if you close your country off in any way to either the best brains in the world or the best technologies in the world, you will fall behind faster and faster ”
.
“ That's why the most open-minded, tolerant, creative and diverse societies will have the easiest time with globalization, while the most closed, rigid, uptight, self-absorbed and traditional companies and countries, which are just not comfortable with openness, will struggle ”
.
.
ကိုညီညီ ။။။။။။။။။။ အခုနေများ ကိုစိုင်းလင်းသူကို “ ပညာဆက်သင်ဖို့ ” အမေရိကန်၊ အင်္ဂလန် နဲ့ သြစတေးလျနိုင်ငံတွေထဲက တစ်ခုခုရွေးပါဆိုရင် ဘယ်နိုင်ငံဖြစ်မလဲ? ဘာကြောင့်လဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ပညာဆက်သင်ဖို့အတွက်ဆိုရင် ကျွန်တော်သင်ချင်တဲ့ ပညာရပ်ပေါ်မူတည်ပြီး နိုင်ငံကို ရွေးချယ်မှာပါ။
.
 ဥပမာ - ဖက်ရှင်နဲ့ ပက်သက်ရင် အီတလီပေါ့။ အာရှအီကော်နောမစ်နဲ့ ပက်သက်ရင် ဂျပန်၊ တရုတ်နိုင်ငံပေါ့။
.
ဆိုင်ဘာလုံခြုံရေး - Cyber Security နဲ့ ပက်သက်ရင် ဖင်လန်၊ ဆွီဒင်၊ အစ္စရေး အစရှိသဖြင့်ပေါ့။
.
ကျွန်တော် စိတ်ဝင်စားတဲ့ ပညာရပ်အတွက်ကတော့  အမေရိကားကို ရွေးမှာပါ။
.
.
ကိုညီညီ ။။။။။။။။။။ ပြည်ပမှာပညာသင်ပြီး ရင့်ကျက်လာတဲ့ ကိုစိုင်းလင်းသူကို တိုင်းပြည်တစ်ခုခုကို “ ပြန်လည်အလုပ်အကျွေးပြုဖို့ ” အမေရိကန်၊ စင်္ကာပူ နဲ့ မြန်မာနိုင်ငံတွေထဲက တစ်ခုခုရွေးပါဆိုရင် ဘယ်နိုင်ငံဖြစ်မလဲ? ဘာကြောင့်လဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ နိုင်ငံရယ်၊ လူမျိုးရယ်၊ ဘာသာရယ်လို့ ကျွန်တော် ခွဲခြားမမြင်ပါဘူး။  အဲဒီလိုကန့်သတ်လိုက်ရင် ကျွန်တော် အရမ်းကျဉ်းကြပ်တယ်လို့ ခံစားရလို့ပါ။ နေ့စဉ်နဲ့အမျှ ကျွန်တော်ရှင်သန်နေတဲ့ ပတ်ဝန်းကျင်က လူတွေကို ကျွန်တော်တတ်တဲ့ပညာနဲ့ အကျိုးပြုနေရဖို့က ကျွန်တော့ အတွက် ပိုပြီးလက်တွေ့ကျသလို ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။
.
.
ကိုညီညီ ။။။။။။။။။။ အခုခေတ်မှာ လူငယ်တွေနိုင်ငံရပ်ခြားမှာ ပညာနဲ့ရပ်တည်တဲ့လူငယ်တွေရှိတယ်။ ငွေအတွက်ရပ်တည်တဲ့လူငယ်တွေရှိလည်းရှိမယ်။ လူငယ်ချင်းအတူတူ သူတို့မှာ ဘယ်လိုကွာခြားချက်တွေရှိနေတယ်လို့ ထင်မြင်ယူဆပါသလဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော့အမြင်ကတော့ လူငယ်တိုင်းမှာ သူ့ယုံကြည်ချက်နဲ့ သူ့ဘဝကို လွတ်လပ်စွာ ရပ်တည်ခွင့် ရှိပါတယ်။ ဒါနဲ့ ပက်သက်လို့ ကျွန်တော် အရမ်းနှစ်သက်တာ နှစ်ခုရှိတယ် .. အမေရိကန် သမ္မတဟောင်းဖရန်ကလင်ရုစဗဲ့ - Franklin D. Roosevelt ရဲ့ Four Freedoms speech ဖြစ်တဲ့
.
( ၁ ) Freedom of speech
.
( ၂ ) Freedom of worship
.
( ၃ ) Freedom from want
.
( ၄ ) Freedom from fear တို့ ဖြစ်ပါတယ်။
.
နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ Freedom From Fear စာအုပ်ပါ။
.
.
ကိုညီညီ ။။။။။။။။။။ Team RHC ဆိုပြီး ပရဟိတအသင်းအဖွဲ့တွေကိုငွေလှူတာတွေ့ရတယ်။ ကိုစိုင်းလင်းသူ နဲ့ နောက်ကနေထောက်ပံ့ပေးတဲ့အဖွဲ့ဝင်တွေရဲ့ကိုယ်စား မြန်မာနိုင်ငံ နဲ့ မြန်မာလူငယ်တွေကို တစ်ခုခုပြောပေးနိုင်မလား?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော်အပါအဝင် ဒီ Team RHC က သူငယ်ချင်းတွေ အားလုံးဟာ အလှူရှင်စိတ်ဓါတ် နဲ့ Philanthropy အလုပ်တွေလုပ်ရတာကို နှစ်သက်ကြပါတယ်။ ကျွန်တော်တို့တတ်တဲ့ပညာနဲ့ စာသင်လို့ရတဲ့ငွေတွေ နဲ့ ဒီလိုအလုပ်တွေလုပ်ရတာကို ကျွန်တော်တို့အားလုံးတွေးမိတိုင်း စိတ်ချမ်းသာတယ်။  ဒီလိုလုပ်ခွင့်ရဖို့အတွက် ကျွန်တော်တို့ကို အခွင့်အရေးပေးတဲ့သူတွေကိုလည်း ကျွန်တော်တို့အမြဲ ကျေးဇူးတင်မိပါတယ်။
.
အထူးသဖြင့် ကျောင်းသားတွေကိုပေါ့။ ကျွန်တော်တို့ သူတို့ကို အမြဲပြောတယ်။ ကျွန်တော်တို့ ကျေးဇူးအရမ်းတင်တယ် လို့..။ ယုံယုံကြည်ကြည်နဲ့ စာသင်ဖို့ သူတို့က ကျွန်တော်တို့ကို အခွင့်အရေးပေးတာလေ။ ဒါဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးသော အောင်မြင်မှုပဲ။  ကျွန်တော်ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင် ကျောင်းသားတွေသာ ကျွန်တော်တို့ကို အခွင့်အရေးမပေးခဲ့ရင် RHC ဆိုတာ ဖြစ်လာစရာ အကြောင်းကိုမရှိတာ။
.
ကျောင်းသားတွေရဲ့ ကျွန်တော်တို့ Team RHC အပေါ်ထားတဲ့ ယုံကြည်မှုကို ကျွန်တော်တို့ အရမ်းတန်ဖိုးထားတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အရမ်းအားတက်ပြီး ပိုကြိုးစားတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့  မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေတယ်လို့ပဲ ခံစားရမိတယ်။ ကျွန်တော့်စိတ်ထဲမှာ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့တွေ အချိန်မဖြုန်းဘဲ အလုပ်လုပ်ကြရမယ်။
.
.
ကိုညီညီ ။။။။။။။။။။ လက်ရှိမှာ ပညာရှာတဲ့လူငယ်တွေဟာ ဘာသာရပ်တစ်ခုတည်းကိုသီးသန့်ထူးချွန်ချင်တာမဟုတ်တော့ပဲ ထပ်ဆင့်မေဂျာ - Double Major ယူလာတာတွေ တွေ့ရတယ်။ သူတို့ဟာ ပညာလောဘကြီးပြီး ငွေဖြုန်းတီးတယ်လို့ ထင်ပါသလား?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော်အထက်မှာပြောခဲ့သလို လူငယ်တိုင်းမှာ သူ့ယုံကြည်ချက်နဲ့သူ စိတ်ပါဝင်စားရာ ဘယ်ဘာသာရပ်ကိုမဆို လေ့လာသင်ကြားခွင့်ရှိပါတယ်။  ကျွန်တော်ဘယ်တော့မှ ပညာရပ်တစ်ခုကို ငွေနဲ့အချိုးမချပါဘူး။
.
ပညာလောဘကြီးပြီး ငွေဖြုန်းတီးတယ်ဆိုရင် ကျွန်တော်ဟာ တော်တော်ငွေဖြုန်းတီးတဲ့သူလို့ ပြောလို့ရပါတယ်။ ပညာရေးနဲ့ ပက်သက်လို့ ကျွန်တော်ဟာ .. ငွေကို .. လုံးဝကို မနှမြောတတ်ပါဘူး။  ပညာရေးမှာ ရင်းနှီးမြှုပ်နှံလိုက်ပြီးလို့ ပြန်ရလာတဲ့ အကျိုးရလဒ်ကို ကျွန်တော်ကောင်းကောင်းသိနေတယ်လေ။
.
.
ကိုညီညီ ။။။။။။။။။။ နောင်အနာဂါတ်လူငယ်တွေ ပညာသင်ယူနိုင်ဖို့အတွက် ကိုစိုင်းလင်းသူက ဘယ်နေရာကနေ ဘာတွေပြင်ဆင်ပေးထားပါသလဲ?
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ အခု ( ၂ဝ၁၅ ) ခုနှစ်က စလို့ YouTube မှာ ကွန်ပျူတာနက်ဝေါ့ကင်း နဲ့ ပက်သက်လို့ မြန်မာဘာသာနဲ့ကျူတိုရီရယ် - Tutorial တွေကို ဖန်တီးနေပါတယ်။ အခုဆိုရင် Video Tutorial ပေါင်း ( ၁ဝဝ ) လောက်ရှိသွားပါပြီ။ ကျွန်တော် Computer Network Engineer ဘာသာရပ်ကို စလေ့လာတုန်းကလို မခက်ခဲအောင်၊ ဒုက္ခမရောက်အောင်၊ မြန်မာလူငယ်တွေအတွက် ကျွန်တော်အလုပ်လုပ်သွားမယ်။
.
ခက်ခဲပြီး နားလည်ရခက်တဲ့ နည်းပညာဆိုင်ရာဘာသာရပ်တွေကို အလွယ်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုသင်ပေးရမလဲဆိုတာ ကျွန်တော် အမြဲစဉ်းစားတယ်။
.
.
ကိုညီညီ ။။။။။။။။။။ ကိုစိုင်းလင်းသူက Educator လို့ ခံယူထားပါသလား။ အဲဒါဟာ သင်တန်းဆရာ၊ ကျောင်းဆရာ၊ ထရိန်နာ - Trainer ဆိုတာနဲ့ ဘယ်လိုကွာခြားတယ်လို့ထင်ပါလဲ။ အထူးခံယူချက်ရှိရင် သိပါရစေ။
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော် ဘယ်ခေါင်းစဉ်အောက်မှာမှ ခံယူချက်အလျဉ်းမရှိပါဘူး။  ဒါတွေဟာ ပညတ်ချက်တစ်ခုလို့ပဲ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ ပက်သက်ပြီး ကျွန်တော့ပတ်ဝန်းကျင်နဲ့ မြန်မာလူငယ်တွေအတွက် ကျွန်တော် အလုပ်လုပ်နေဖို့ပဲ ကျွန်တော် စိတ်ဝင်စားပါတယ်။
.
အွန်လိုင်းကနေစာသင်ပေးတဲ့ Online Education ဟာ မြန်မာနိုင်ငံအတွက် အရမ်းကိုအရေးကြီးနေပါပြီ။ အဲဒီအတွက် ကျွန်တော် အများကြီး အလုပ်လုပ်ရဦးမယ်လို့ပဲ လက်ရှိခံယူထားပါတယ်။
.
.
ကိုညီညီ ။။။။။။။။။။ နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာဘွဲ့ရပြီး ပညာနဲ့ထိုက်တန်တဲ့အလုပ်အကိုင်မရရှိသူ လူငယ်လေးတွေကို စကားလက်ဆောင် တစ်စုံတစ်ရာပေးစေချင်ပါတယ်။
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ အဆင်မပြေတာတွေနဲ့ကြုံလာတိုင်း ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ ပြောလေ့ရှိတဲ့ ဆောင်ပုဒ် - Quote တစ်ခုရှိပါတယ်။
.
“ Fortune always favors the industrious ” တဲ့..။
.
မြန်မာလိုတော့ “ လုံ့လ ဝီရိယရှိတဲ့သူကို ကံကြမ္မာ က မျက်နှာသာ ပေးပါတယ် ” လို့ အဓိပ္ပာယ်ရမှာပါ။ မျက်စိကျယ်ကျယ်ဖွင့်၊ နားကြီးကြီးစွင့်ပြီး ဆက်တိုက်ကြိုးစားနေဖို့ အရေးကြီးပါတယ်။
.
.
ကိုညီညီ ။။။။။။။။။။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
.
ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော့ကို အခုလိုအခွင့်အရေးပေးပြီး ဖြေကြားခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
.
.
ခင်မင်ခြင်းများစွာဖြင့်
.
07-30-2015
.
" Computer Network Engineering ပညာဖြန့်ဝေပေးသူ ကိုစိုင်းလင်းသူနှင့်အွန်လိုင်းစကားလက်ဆုံ " စာမူသည် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ( ၁၅ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၉၇ ) ၊ စာမျက်နှာ ( ၅၁ ) နှင့် ( ၅၂ ) တို့တွင် ဖော်ပြပါရှိသည်။ with Ko Nyi Nyi TaunggyiSai Linn Thu
.
Download Link: http://www.mediafire.com/…/o0fw…/NetGuide+Vol+3%2C+No.97.pdf , 
.
https://app.box.com/s/ujmszl18930florgydkxops1d9nnxvep



No comments: