ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, August 23, 2014

သူတို့ရော အားနာတတ်သလား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
စစ်ကြောင့်ပျက်စီးခဲ့ရသလောက် ပြန်လည်နလံထူမြန်သူ လူမျိုးအနည်းငယ်ထဲမှာ ဗီယက်နမ်လူမျိုးတွေ အပါအဝင်ပါ။ ( ၂ဝ ) ရာစု သမိုင်းမှာ စံတင်ရလောက်အောင် “ နောက်ကျောမှာ ကလေးချီ၊ ဘယ်လက်မှာ ရိုင်ဖယ်ကိုင်၊ ညာလက်မှာ တံစဉ် နဲ့ စပါးရိပ်ရင်း မိုးပေါ်က အမေရိကန်လေယာဉ်တွေ့ရင် ပစ်ချ ” စံနစ် နဲ့ အမေရိက တောင် အရှူံးပေးရတဲ့ ချုံခို - Ambushing တိုက်ခိုက်ခြင်း အရမ်းကောင်းတဲ့လူမျိုးပါ။ နောက်ပိုင်း အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာတော့ တိုက်စစ်တစ်မျိုးပြောင်းပြီး အလုပ်တော်တော်ကြိုးစားခဲ့တယ်။
.
.
သူတို့ဟာ စစ်ကြောင့်နာကျည်းရမယ့်အစား အမေရိကားမြေမှာ မိမိရဲ့ သားသမီးတွေကို ပညာတတ်တွေအဖြစ် အမြောက်အများ မွေးထုတ်ပေးနိုင်တဲ့ အသည်းမာတဲ့ လူမျိုးလို့ ချီးကျူးချင်ပါတယ်။ သားသမီးထိန်းကျောင်းမှုမှာ ဘဝနာအောင်သင်ပေးတတ်ကြတယ်။ ရှင်သန်ခွင့်ပေးတဲ့ မြေပေါ်မှာ ရတဲ့အချိန်လေးအတွင်း အကျိုးရှိရှိ လုံ့လဝိရိယထားတတ်တဲ့ သူတို့ရဲ့ဇာတိရုပ်ဟာ ဗီယက်နမ်နိုင်ငံပြန်လည်ထူထောင်ဖို့ နဲ့ ပညာတတ်တွေ ပြည်တော်ပြန်ရေးမှာ တော်တော်အထောက်အကူဖြစ်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ဟာ မြန်မာနိုင်ငံနဲ့ အချိန်အတူတူကျရှူံးခဲ့ပေမယ့် အာရှခြင်္သေ့အဖြစ် ဆယ်စုနှစ်အတိုအတွင်း တက်လှမ်းနိုင်ခဲ့တာ အားကျစရာပါ။

အေးရှမ်းတွေ အားနာတတ်တာဟုတ်ရဲ့လား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အမေရိကားရောက် အေးရှမ်းတွေကို ( ၃ ) မျိုးလောက်ခွဲကြည့်ရအောင်။ ပထမအုပ်စုက အမေရိကန်ကျူးကျော်စစ်တွေကနေ ပြည်ဝင်ခွင့်ကို လျော်ကြေးသဘောမျိုးပေးလိုက်ရတဲ့အခါ အပိုဆုအနေနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံသားတွေ - ဥပမာ - ဖိလစ်ပိုင်စစ်အခြေစိုက်စခန်း နဲ့ စစ်ဘေးဒဏ်ခံ ဗီယက်နမ်ပြည်သူတွေ။ သူတို့တစ်တွေဟာ တရုတ် နဲ့ အိန္ဒိယန်းတွေပြီးရင် ထပ်တိုးရောက်လာတဲ့ အေးရှမ်းတွေလို့ပြောလို့ရတယ်။ ဖိလစ်ပိုင်သမ္မတမားကို့စ် ပြုတ်ကျပြီးနောက်ပိုင်းမှာ သူ့နိုင်ငံစီးပွားရေးဝင်ငွေ ( ၆ဝ ) % ကျော်ဟာ ပြည်ပထွက် ဖိလစ်ပီးနိုးတွေ ပြည်တွင်းပြန်လွှဲငွေတွေဆီကနေ ရခဲ့တယ်။ သူတို့နိုင်ငံဟာ အနောက်နိုင်ငံသားတွေ နဲ့ အများစုကိုးကွယ်ရာဘာသာတူညီတာလည်း ပံ့ပိုးအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။
.
.
ရောက်လေရာမှာ တည့်အောင်ပေါင်းတတ်တဲ့လူမျိုးဖြစ်ပြီး အင်္ဂလိပ်စကားပြော ယျေဘုယျကျွမ်းကျင်သူများလို့ ပြောနိုင်တယ်။ သူတို့ချင်းတွေ့ရင် ဘေးကလူကို ဂရုမစိုက်ပဲ ပထမဘာသာစကား First Language ကို အားပါးတရ ပြောတတ်လွန်းလို့ မြန်မာတွေက သူတို့ကို “ ဖဦးထုပ် ”  လို့ ချစ်စနိုးခေါ်ကြတယ်။ သူတို့ချင်းအဖွဲ့ကျနေတဲ့စကားဝိုင်းကို ဘေးကနားထောင်ရင် ဗမာလို “ ပစောက် ” နဲ့ အင်္ဂလိပ်စာလုံး “ P ” တို့ကို ရောသမမွှေ၊ ပြီးရင် “ ကကြီး ” အသံစုံကို အပေါ်ကနေ နည်းနည်းဖြူးလိုက်သလို ကုလားသံ အနည်းငယ်ပေါက်ပြီး စကားပြောမြန်တယ်။ ဒီလူမျိုးတွေရဲ့ အားသာချက် က ပြည်ပထွက်အလုပ်လုပ်သက်ကြာလာတော့ အကြောသိ ဓါတ်သိဖြစ်နေကြပြီး ရရင် ရသလို ရေသာခိုတတ်ကြတယ်။

အမေရိကရောက် ဘင်္ဂလားတွေ အားနာတတ်သလား

ဆာင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.

---- Dot-Com Boom ခေတ်တုန်းက ပြည်ပထွက်အတတ်ပညာရှင်များကြောင့် အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံအထိ မျက်နှာပန်းလှခဲ့ကြတယ်။ အိုင်တီ နဲ့ပတ်သက်ပြီး အမေရိကန် ဆီလီကွန်တောင်ကြားဟာ သူတို့ တစ်ထောက်နားခိုရာ တစ်ထစ်တက်လှမ်းရာ လေ့ကျင့်ကွင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြည်တွင်း ရုံးသုံးဘာသာစကားရဲ့အားသာမှုနဲ့အတူ မျိုးဆက်သစ်တွေဟာ အမေရိကန်မြေပေါ်မှာ ပေါက်ဖွားလာကြပြီး ပညာရေးပိုကောင်းတဲ့ အင်အားစုတပ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့တယ်။ သူတို့ဟာ အခုလက်ရှိ အင်တာနက် ဘီလူးကြီး Google Inc. မှာ ထိပ်ပိုင်းတာဝန်တွေယူထားသူတွေအထိ ခရီးပေါက်ရောက်တယ် ။
.
.
ကော်ပိုရေးရှင်းကြီးတွေ၊ သတ္တုတွင်းထွက် နဲ့ စတော့ရှယ်ယာဈေးကွက်တွေမှာ ငွေအင်အား၊ လူအင်အား နဲ့ အားကောင်းမောင်းသန်ချီတက်နေလိုက်ကြတာ ဥရောပသားများ နဲ့ စပိန်နွယ်ဖွား အမေရိကန်များ ငေးမောယူရတဲ့အထိပါပဲ။ သူတို့ဟာ အလုပ်ကြိုးစားသလို အချိန်ကိုလည်းတန်ဖိုးထားကြသူတွေဖြစ်တယ်။ အရေးကြုံ သက်လုံကောင်းအောင် ထိပ်တန်းပညာရေးကို လက်ဝယ်ပိုင်ပိုင် ကိုင်ထားကြတဲ့ ရိုသေးကျိုးနွံတဲ့ လူမျိုးဖြစ်ကြတယ်။ လခများအနေနဲ့လဲ အမေရိကန်တွေပြောစမတ်ပြုရလောက်အောင် သိန်းဂဏန်း - Six Figure ရကြတော့ လက်စောင်းထက်တဲ့ လူစားမျိုးလို့ ညွှန်းဆိုချင်ပါတယ်။ 

Wednesday, August 20, 2014

Myan de Cologne

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
နယ်မြေသစ်မှာ ကားလိုင်စင်ဖြေပြီးသိပ်မကြာဘူး ကျွန်တော်အချိန်ပိုင်းအလုပ်ရတယ် (၂ဝဝ၉)။ Netflix အွန်လိုင်းခွေငှားကုမ္ပဏီရဲ့ DVD ခွေသန့် ခွေကောင်း ပြန်ရွေးပေးရတဲ့အလုပ်ပါ။ ငှားကြည့်သူတွေ ပြန်ပို့လာတဲ့စာအိတ်နီတွေထဲကခွေကိုထုတ်၊ အစင်းရာ ခြစ်ရာ ပါမပါစစ်၊ အတန်းအစားခွဲပြီး သင့်တော်ရာ ဂျပ်ဖါခွံလေးထဲပြန်ထည့် စသည်ဖြင့်လုပ်ပေးရတယ်။

နောက်ပြီး ခွေပေါ်မှာရေးထားတဲ့ရုပ်ရှင်ကားနာမည် နဲ့ စာအိတ်ပေါ်ကနာမည်ကိုက်မကိုက်စစ်ဆေးပြီးသွားတဲ့ခွေတွေကို ဂျပ်ဖါထဲစီပြီးပြန်ထည့်ရတယ်။ ပြီးတဲ့ဂျပ်ဖါတွေ သိမ်းဖို့နဲ့ နောက်ထပ်စာအိတ်တွေလာပို့ဖို့အလုပ်ကို မက္ကဆီကိုနိုင်ငံသား (ချစ်စနိုးနာမည် - ပဲစား) တစ်ယောက်က လှည်းတစ်စီးနဲ့လှုပ်ရှားပါတယ်။

ဒီလူမလာခင်အဝေးကနေကျွန်တော်တို့ဗမာလုပ်သားတစ်သိုက်သိနေပါပြီ။ သူ့ရဲြ့ပင်းရှလွန်းတဲ့ ပြင်သစ်ရေမွှေး အော်ဒီကလုံးအနံ့လေးရတယ်ဆိုရင်ပဲ "တင်ပေးရန်" ၊ "ပြန်ယူထားရန်" ခွေဂျပ်ဖါတွေကို အဆင်သင့်လုပ်ထားပြီးနေပြီ။

သူတကာတွေ အာပုတ်ရည်အရွှဲသားအိပ်မောကျနေတဲ့အချိန်အလုပ်လုပ်ရတဲ့အမေရိကားရောက်ခါက လပိုင်းသား ကျွန်တော်တို့ရဲ့အလုပ်ရှားပါးတုန်းကဘဝ‌တွပါ။ မနက် (၃) နာရီထလုပ်ရတဲ့အလုပ်ဖြစ်နေတော့ ဘယ်သူမှရေချိုးလာဟန်မတူပါဘူး။ ဒီတော့ လူတွေ လူတွေဆိုတာ အနံ့အသက်ပေါင်းစုံတဲ့ ပန်းရဂုဏ်ခြံကြီးဖြစ်နေတော့တာပေါ့။

Monday, August 18, 2014

ဒါ မြန်မာကွ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
ပထမတစ်ခေါက် လျောင်ကီး လာတုန်းက ဆန်ဖရန်လေဆိပ်မှာ အထုပ်တွေကို ဖောက်စစ်မခံရဘူး။ ပြည်ဝင်ခွင့်စာရွက်တွေစစ်တာ စောင့်ရတာပဲရှိတယ် အားလုံးအဆင်ပြေတယ်။ နောက်ပိုင်း မိတ်ဆွေတွေ ဒီလေဆိပ်ရောက်တော့ ကြာတာပဲရှိတယ် အဆင်ပြေကြပါတယ်။
.
.
အလုပ်မှာ မြန်မာတွေများတဲ့အခါ ပွဲလုပ်တိုင်း လက်ဘက်သုပ် ထည့်လေ့ရှိတယ်။ အစပ် နဲ့ ကြက်သွန်ဖြူ ပေါ်မူတည်ပြီး ဒီနိုင်ငံက ဘို တွေ စိတ်ကြိုက်ဖြစ်လာတာတွေ့ရတော့ “ ဒါ မြန်မာကွ ” လို့တောင် ကြွေးကြော်ချင်စိတ်ဖြစ်မိတယ်။ သူတို့စားနိုင်အောင် ကြက်သွန်ဖြူထည့်လို့မရဘူး။ ငြုပ်သီးစိမ်းတောင် ပါတယ်ဆိုရုံလေး၊ အငန်လည်း မကဲစေနဲ့၊ ဟင်းချိုမှုန့် MSG ပါတာလည်း မသိစေနဲ့၊ ခရမ်းချဉ်သီးလှီးတာ သန့်ပါစေ၊ ဂေါ်ဖီထုပ် က လတ်ဆတ်နေမှနော်၊ နှမ်းလဲမမေ့နဲ့ဦး။ တစ်ချို့တံဆိပ်က ပဲကြော်ထဲမှာ နှမ်းကို သီးသန့်ထည့်ပေးတဲ့အိတ်လေးပါတော့ အဆင်ပြေတယ်။ သုပ်ပြီးရင် သပ်သပ်ရပ်ရပ်လေး Foil လေးနဲ့အုပ်ထား။ လူစုံမှ ဖွင့်၊ သူတို့သိပ်ကြိုက်တာ။ ဘို အရမ်းများတဲ့ စားပွဲတွေဆို ဗန်း - Tray ရဲ့ ရှေ့မှာ မစပ်ဘူးဆိုတဲ့အကြောင်း Non-Spicy ဒါမှမဟုတ် Medium-Spicy လို့ စာတန်းလေးရေးချပေးထားရင် ယုံကြည်မှုရှိစွာ မြန်မာ့ရိုးရာအစားအသောက် “ လက်ဘက်သုပ် ”  ကို သူတို့စားနေတာကို ကြည်နူးစွာကြည့်ရင်း ထပ်ပြီးအော်မိပါတယ် .. “ ဒါ မြန်မာကွ ”