ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, January 30, 2015

ငွေမရပဲ ဘယ်သူက အလကားလုပ်ပေးမှာလဲ ( တိုးနီ ဒသမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ပတ်လောက် ထမင်းလိုက်ပို့ရင်း စနည်းနာလိုက်ရုံနဲ့ ကိုအယ်လ်ခမ်းဟာ အားတက်စရာ သတင်းတစ်ချို့ကို ယူဆောင်လာတယ်။ သူငယ်ချင်းတွေရှိတဲ့နေရာတွေကို သိပြီ။ အပိုဆု အနေနဲ့ မြန်မာ ( ၁၅ ) ယောက်လောက်ရှိတယ်ဆိုတာကိုပါ စုံစမ်းနိုင်ခဲ့တယ်။ သူကတစ်ဆင့် ဆက်သွယ်ပြီး အဆင်ပြေတဲ့အကြောင်း တစ်ဖက် နဲ့ တစ်ဖက် အကြောင်းကြားနိုင်ခဲ့လို့ စိတ်သက်သာရာ ရခဲ့တယ်။ ပြောရမယ်ဆိုရင် ကိုအယ်လ်ခမ်းက သူ့ဘယ်လိုအကြောင်းပါပြီး ဒီကိုရောက်လာတယ်ဆိုတာကိုသာမပြောတာ ကျန်တာကျတော့ ဘဝတူချင်းမို့ တတ်နိုင်သလောက် ကူညီပါတယ်။
.
.
ပထမဦးဆုံးရတဲ့အကူအညီက လူမွဲဖြစ်နေတဲ့ ကျွန်တော့ကို ဖုန်းကဒ် ချေးပေးတာပါပဲ။ ( ၅ ) ဒေါ်လာတန်ကဒ်ပါ။ အဲဒါနဲ့ ကျွန်တော့မိတ်ဆွေကိုဆက်လိုက်တဲ့အခါ အရမ်းအံ့သြသွားသလို စိတ်လည်းအရမ်းပူနေတာ သိရတယ်။ အားတက်သရော သူဘယ်လိုကူညီပေးရမလဲ? လိုအပ်တာပြောဆိုတော့ ပိုမိုနားလည်နှံ့စပ်တဲ့ ကိုအယ်လ်ခမ်း နဲ့ ဖုန်ပြောခိုင်းလိုက်တယ်။ ကိုအယ်လ်ခမ်းအကြံပေးတာက ...
.
အရင်ဆုံး ရှေ့နေရှာပါ။ ကိုယ်ဖာသာကိုယ် Story တည်ဆောက်ပါ။ ဆိုလိုတာက ဒီနိုင်ငံက ကိုယ့်ကို ဒုက္ခသည်အဖြစ်လက်ခံဖို့ တရားသူကြီးကို တင်ပြနိုင်ဖို့ ဇာတ်လမ်းတစ်ခုလိုတယ်။ ယုံကြည်နိုင်လောက်တဲ့ ရှေ့နေနဲ့တိုင်ပင်ပါ။ အချက်အလက်တွေ အဆင်သင့်ဖြစ်ရင် တရားသူကြီးကို ဦးတိုက်လျှောက်ပါ လို့ နည်းလမ်းပေးပါတယ်။

.
တစ်ဆက်တည်း “ ရှေ့နေနဲ့မလုပ်သ၍ ဒီအထဲကနေထွက်ရမှာကို မဟုတ်ဘူး .. ဒီမှာ အကြာကြီး သောင်တင်နေမှာ ” လို့ ပြောတော့ ကျွန်တော် တော်တော် စိတ်လေသွားတယ်။ ကိုစေတန် ကျွန်တော်တို့ကို ဒါတွေ ပြောမပြခဲ့ပါလားလို့ စိတ်ဆိုးမိတယ်။ သူက ပွဲစားလေ .. ကြောက်သွားလို့ မလာတော့ရင် သူ့ပွဲခ ဘယ်ရမလဲ။ ဒါကြောင့် သူ မပြောတာလေ .. မဟုတ်ဘူးလား။ ကိုအယ်လ်ခမ်းက ဒီရောက်လို့ လက်တွေ့ရင်ဆိုင်နေရသူဖြစ်တော့ သိတာပေါ့။ ဒီလိုကျတော့လည်း သဘာဝတော့ ကျသား။
.
.
ဒီစခန်းထဲကို ဝင်ခါစက ကျွန်တော့ကို ရှေ့နေရှိလား လို့ အရာရှိက တစ်ခေါက် မေးသေးတယ်။ မရှိမှ မရှိတာ .. No လို့ပဲ ပြောလိုက်တယ်။ ဖြစ်ရပ်မှန်ကို စဉ်းစားကြည့်ရင်လည်း ကျွန်တော့ ဒေါ်လာ ( ၂ဝ ) နဲ့ ဘယ်လိုရှေ့နေမျိုးကို ငှားလို့ရနိုင်မှာတဲ့လဲ?
.
ကိုအယ်လ်ခမ်း နဲ့ ပြောပြီးတော့ ကျွန်တော်က မိတ်ဆွေကို ဖုန်းထဲမှာ စိတ်မပူဖို့နဲ့ လိုအပ်ရင် ကျွန်တော်ပဲ ဆက်သွယ်မယ့်အကြောင်း ပြောပြလိုက်တယ်။ ရန်ကုန်က မိဘတွေကိုလည်း စိတ်မပူစေချင်လို့ ကျွန်တော်အဆင်ပြေတယ်လို့သာ ဖုန်းဆက်ပေးဖို့ အကူအညီတောင်းလိုက်သေးတယ်။
.
.
ကိုအယ်လ်ခမ်း နဲ့ ကျွန်တော် ရင်းနှီးမှု ပိုရလာတယ်။ သူဘယ်လိုကြုံရတယ်ဆိုတာပြောပြမယ့်အစား “ ဟိုလိုလုပ် ဒီလိုလုပ် ” ဆိုတာမျိုး အကြံပေးတတ်တာ အင်မတန်ကောင်းတယ်။ သူ နဲ့ စကားထိုင်ပြောရင်း ဘယ်ရှေ့နေငှားပြီး ဘယ်လောက်ပေးရမှာလဲလို့ မေးကြည့်တယ်။ ကိုအယ်လ်ခမ်း က ..
.
ရှေ့နေ ( ၂ ) မျိုး ရှိတယ်။ Free နဲ့ အခကြေးငွေပေးရတဲ့ ရှေ့နေတွေကို ဆိုလိုတာဖြစ်တယ်။ Free က နိုင်ငံခြားသားတွေဖြစ်တာ များတယ်။ Free ဖြစ်တဲ့အတွက် သူအားမှလာမှာ။ သူ့မှာလည်း ငွေရထားပြီး နဲ့ အလုပ်လက်ခံပြီးသား အမှုတွေ ရှိမှာပဲလေ။ နောက်ဆုံး လုပ်စရာမရှိတော့မှ Free အမှုကို လိုက်မှာပေါ့။
.
မကြာချင်ရင်တော့ ငွေပေးပြီးလိုက်မှ ရမယ်။ အဆင်ပြေချင်ရင် ငွေပေးပြီးသာ Fight တဲ့။ ငွေပေးပြီးခိုင်းတဲ့ရှေ့နေတွေထဲမှာ ဗမာလည်း ရှိတယ်။ ဒါဆို ပြောရ ဆိုရ ပိုအဆင်ပြေနိုင်တယ်။ မနက်ဖြန်ကျရင် ငါ့အမှု ရုံးချိန်းရှိတယ်။ ငါ့ရှေ့နေ နဲ့ တွေ့စရာရှိတယ်။ မင်း လိုချင်တယ်ဆိုရင် ငါ ချိတ်ပေးမယ်။ နောက်တစ်နေ့ညနေ သူ ပြန်လာတော့ ရှေ့နေက မင်းကို လာတွေ့မယ်။ ချိန်းထားပေးခဲ့ပြီ လို့ ပြောပါတယ်။
.
.
နောက်ရက်သိပ်မကြာပါဘူး .. ကျွန်တော့ကိုလာတွေ့တဲ့ရှေနေအမျိုးသမီးနာမည်က ဒေါ်ဖြူဖြူအောင် ပါ။ အင်္ဂလိပ်နာမည်လည်းရှိတယ် မမှတ်မိလို့ မပြောတော့ပါဘူး။ သူ က “ ငါ့မောင် .. ဘာမှ အားမငယ်နဲ့ ” လို့ စကားစပြီး အားပေးစကားတွေ ခရားရေလွှတ် ပြောပါတယ်။ သူ့ကို အလုပ်အပ်ရင် အောင်နိုင်အောင် လိုက်ပေးမယ်။ အပ်မလား မအပ်ဘူးလား လို့ပြောအပြီး ဈေးမေးလိုက်တဲ့အခါ ဒေါ်လာ ( ၈ဝဝဝ ) ပါ။ ဒါတောင် ကျွန်တော့ကို ဈေးလျှော့ပေးထားသေးတယ်။ ဈေးဆစ်လို့မရတော့ဘူး အလျှော့အတင်းမရှိဘူးတဲ့ ..။
.
သူက ထပ်ပြီး “ ငါ့မောင်က အမှုကို ဒီအထဲကနေရင်ဆိုင်မှာလား? အပြင်ကနေရင်ဆိုင်မှာလား? ” ဆိုပြီး မေးတဲ့အခါ ကျွန်တော်က မသိတာကြောင့် သူကပဲ ဆက်ရှင်းပြတယ်။ အပြင်မှာက အထဲကထက် ပိုကြာတယ်။ အပြင်ထွက်ဖို့ လျှောက်တင်ပြီးတာနဲ့ ( ၆ ) လ အတွင်း အပြင်ထွက်ဖြစ်အောင် ထွက်ရမယ်။ ပြီးတော့ အပြင်ကနေ အမှုရင်ဆိုင်တဲ့အခါ အာမခံကြေး ဒေါ်လာ ( ၂ဝဝဝဝ ) တင် ရသေးတယ်။ ဒါတောင် အမှုက နိုင်မှ ငွေ ( ၂ဝဝဝဝ ) ပြန်ရမယ်။ မနိုင်ရင် ပြန်ပို့ခံရတဲ့အပြင် အာမခံငွေလည်း အဆုံးပဲ။
.
အထဲမှာတင် ရင်ဆိုင်တာကျတော့ နေထိုင်ရတာ စိတ်ပူစရာမရှိဘူး။ နည်းနည်းတော့ မသက်မသာဖြစ်တာပေါ့နော်။ ဒါပေမယ့် တစ်ခုသာတာက အထဲမှာက လူတစ်ယောက်ဟာ ( ၁ ) နှစ်ခွဲထက် ပိုမနေရဘူး။ ဒါကြောင့် သည်းခံပြီး အထဲမှာပဲ ရင်ဆိုင်လိုက်တာက ပိုကောင်းတယ် လို့ ပြောပြတယ်။
.
သူပြောတဲ့အထဲမှာ သိပ်မရှင်းလို့ “ အထဲကနေ ရင်ဆိုင်လို့ မနိုင်ဘူးဆိုရင်ရော? ” ဆိုတော့ သူက ရှင်းတယ်လေ .. အထဲမှာရင်ဆိုင်လို့ မအောင်ရင် အပြင်ထွက်၊ ပြန်ရင်ဆိုင်၊ နိုင်ရမယ်။ တစ်ကယ်လို့ မပြောကောင်း မဆိုကောင်း ကံဆိုးလွန်းလို့ ကျခဲ့ရင်တော့ ပြန်ပို့ခံရမယ်။ ဒါပေမယ့် အဲဒီအချိန်ကျရင် စပေါ်တင်စရာမလိုသလို ငွေလည်း ရှူံးစရာ အကြောင်းမရှိဘူး လို့ အစ အဆုံး ရှင်းပြတယ်။ ခက်ပြီ။ ကျွန်တော် ဘာလုပ်ရမလဲ?
.
.
အမှုအောင်ရင် အပြင်ထွက်ပြီး သာမန် အမေရိကန်တွေကို နေထိုင်လို့ရမယ်။ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်မယ်။ Green Card လျှောက်လို့ရမယ်။ နောက်ပိုင်း Citizen လျှောက်လို့ရမယ်။ ပြောရမယ်ဆိုရင် အကုန်ကောင်းတယ်။ ဒီလို အမှုရင်ဆိုင်တာ မအောင်မချင်းတော့ Green Card လျှောက်လို့ မရဘူး။ ဆုံးဖြတ်လိုက်တယ် .. အထဲမှာ ပေတေနေပြီး ရင်ဆိုင်မယ်။ မိတ်ဆွေကို ဖုန်းဆက်ပြီး ရှေ့နေ နဲ့ ချိတ်ပေးလိုက်တယ်။ ရန်ကုန်က အဖေ နဲ့ အမေကို ငွေလွှဲပေးဖို့ အကြောင်းကြားခိုင်းလိုက်တယ်။
.
.
တစ်နေ့မှာတော့ ရှေ့နေက ကျွန်တော့်ကိုမှာထားတဲ့ Story အသေးစိတ်စာရွက်ကို လာယူတယ်။ ဒီလိုဆိုတော့ အလုပ် လုပ်သားပဲ။ ငွေမျက်နှာကြောင့် ဘယ်လိုကွာခြားတယ်ဆိုတာ ဒီမှာ ကျွန်တော် ကောင်းကောင်း ပညာရလိုက်တယ်။ ဟုတ်တယ်လေ .. ဒါ အမေရိကား .. ငွေမရပဲ ဘယ်သူက အလကားလုပ်ပေးမှာလဲ?
.
.
ဒါပေမယ့် “ တိုးနီ ” ရေ .. နေရာတကာမှာ ငွေဟာ အကုန်လုပ်မပေးနိုင်ပါဘူး။ ငွေကြောင့် တစ်စုံတစ်ရာအထိတော့ ခရီးရောက်ပါလိမ့်မယ်။ အများအကျိုးဆောင်တဲ့ “ ပီတိ ” ကသာ အရာအားလုံးကို ကျေနပ်မှုပေးနိုင်ပါတယ်ဆိုတာ “ တိုးနီ ” ရဲ့ စာတွေက သက်သေပြနေပါတယ်။
.

No comments: