ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, June 2, 2014

ပင်လယ်ကွေ့ကျွန်းဆွယ်က ထွန်းပေါက်လာတဲ့ ကာတာ အဲယားဝေးစ်

ဆောင်းပါးရှင် - ကလောင်စေတနာ


          သင်္ဘော ၊ မော်တော်ကားဖြင့် နိုင်ငံမကူးနိုင်သော ခရီးစဉ်များကို လေယျာဉ်ဖြင့်ခရီးသွားကြရသည် ။ ကမ္ဘာတွင် လေယျာဉ်ပျံထုတ်လုပ်သူများသည် လေကြောင်းပို့ဆောင်ရေးတွင် အမြဲတမ်းဦဆောင်နေသည်မဟုတ် ။ ခရီးသည်ဝန်ဆောင်မှု ၊ လေဆိပ်ဝန်ဆောင်မှု ၊ ခရီလမ်းဝန်ဆောင်မှု ၊ ပံ့ပိုးသော အစားအသောက် အဖျော်ယမကာ ၊ ခရီးသည်များ သက်တောင့်သက်သာရှိမှု နှင့် ဖျော်ဖြေမှု စသည်တို့ဖြင့် လေကြောင်းလိုင်းများကို ခွဲခြား၍ ဒေသန္တရာအဆင့် နှင့် ကမ္ဘာ့အဆင့်တို့ကို သတ်မှတ်ကြသည် ။

          လေထဲတွင် ပထမဗိုလ်စွဲသူမှာ အာရပ်စော်ဘွားများနိုင်ငံဖြစ်ပြီး ဒုတိယလိုက်သူမှာ ကာတာလေကြောင်းလိုင်းဖြစ်သည် ။ ယခုဆောင်းပါးတွင် ရေနံကြွယ်ဝ အာရပ်ချမ်းသာ ကာတာလိုင်းဖြင့် လေယျာဉ်စီးနိုင်ပုံတို့ကို တင်ပြပါမည် ။ ဝန်ထမ်းအင်အား ( ၃ဝဝဝဝ ) ကျော် ၊ လေယျာဉ်အစီးရေ ( ၁ဝဝ ) ကျော်တို့ဖြင့် ( ၁၂၅ ) နိုင်ငံသို့ ဋ္ဌာနချုပ် ဒိုဟာ - DOHA လေဆိပ်မှ ဖြန့်ကျက်ပျံသန်းသည် ။ ၄င်းတို့၏ကြိုးပမ်းမှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာလေကြောင်းကွန်ယက် - Oneworld Alliance သို့ ၂ဝ၁၃ အောက်တိုဘာလတွင် ဝင်ရောက်ပူးပေါင်း၍ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်လာသည် ။

          မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်သံများကြောင့် ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများဝင်ရောက်လာမှုများထဲတွင် ကာတာလေကြောင်းလိုင်းသည် သိပ်မစောခဲ့ပါ ။ ၂ဝ၁၃ နှောင်းပိုင်းမှသာ အကောင်အထည်ပေါ်ခဲ့ပြီး ခရီးစဉ်များစတင်ပြေးဆွဲလာသည် ။ ကာတာလေကြောင်း တစ်လိုင်း  မြန်မာနိုင်ငံနှင့်ဆက်ဆံလာသည့်အတွက် မြေထဲပင်လယ် ၊ ပင်လယ်ကွေ့ ၊ ဥရောပတို့ကို သွားသော မြန်မာကျောင်းသားများ ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ၊ အစိုးရကိုယ်စားပြုကိုယ်စားလှယ်များ နှင့် သံတမန်ရေးရာအရေးကြီးပုဂ္ဂိုလ်များအထိ ရွေးချယ်စရာ လေကြောင်းလိုင်းတစ်ခုတိုးလာခြင်းဖြစ်သည် ။

          ပြေးဆွဲနေသော လေယျာဉ် ( ၁၃၂ ) စီးတွင် ၆ဝ % မှာ အဲယားဘတ်စ် - Airbus လေယျာဉ်များဖြစ်ပြီး မော်ဒယ်အနိမ့်ဆုံးလေယျာဉ်မှာ Airbus A319-100LR ဖြစ်သည် ။ ကျန် ၄ဝ % မှာ ဘိုးရင်းလေယျာဉ်ပျံများဖြစ်ပြီး အငယ်ဆုံးလေယျာဉ်မှာမူ Boeing 777-200LR ဖြစ်သည် ။ နိုင်ငံမှာကြွယ်ဝချမ်းသာသလောက် အသုံးပြုသော နည်းပညာများမှာ အဆင့်မြင့်ပြီး နောက်ဆုံးထုတ်စက်ပစ္စည်းများကို ရွေးချယ်အသုံးပြု မားကက်တင်းဆင်းပုံကို ထင်သာစွာ တွေ့နိုင်သည် ။ သုံးစွဲသော ခရီးသည်တင်လေယျာဉ်များမှာ ကြီးမားသည့်အလျှောက် လေယျာဉ်ချိန်းပြီး ခရီးသည်ပြောင်းပေးသည့် Transit ကိစ္စများကို မိခင်လေဆိပ် ဒိုဟာတွင် ပြုလုပ်လေ့ရှိသည် ။ အကြောင်းမူ ကမ္ဘာ့အရှေ့ဘက်နှင့် အနောက်နိုင်ငံများကြား ဒိုဟာသည် အလယ်ခေါင်တွင် ထိုင်၍ စီမံခန့်ခွဲနေသကဲ့သို့ဖြစ်နေသည် ။ အာရှဖက်ခြမ်းတွင် ခရီးသည်ပူးပေါင်းရေးကို ၄င်းတို့ကိုယ်တိုင်မနိုင်သည့်အခါ ဘန်ကောက်လေကြောင်း - Bangkok Airways ကို အသုံးပြုပြီး ဥရောပ နှင့် မြောက်အမေရိကတိုက်တို့တွင်မူ ဒေသန္တရလေကြောင်းလိုင်းများ အကူအညီဖြင့် ခေါက်တို လူကဲ့ သည့် ကော်မရှင်စား အလုပ်ကို ပူးပေါင်းလုပ်ကိုင်သည် ။

          ရန်ကုန်မှ လန်ဒန်သို့သွားလျှင် လေယျာဉ် ( ၃ ) ဆင့်စီးရမည်ဖြစ်သည် ။ ပထမဦးစွာ ဘန်ကောက်လေကြောင်းဖြင့် သုဝဏဘူမိလေဆိပ်တွင် ( ၂ ) နာရီ ခွဲ ခန့်စောင့်၍လေယျာဉ်ပြောင်းရပြီ်း ထိုမှတဖန် ဒိုဟာလေဆိပ်တွင် ( ၂ ) နာရီခန့်စောင့်ကာ လန်ဒန်သို့ခေါ်ဆောင်သွားမည့် လေယျာဉ်ပေါ်သို့ လိုက်ပါရမည်ဖြစ်သည် ။ လေယျာဉ်အချိန်နှင့် လက်မှတ်အမျိုးအစားပေါ်တွင်မူတည်၍ လမ်းခရီးကြာချိန်မှာ တွက်ချက်ရ ခက်ခဲသော်လည်း ရန်ကုန် - လန်ဒန် ခရီးတွင် နားချိန် စီးချိန် အပြီးအစီး ( ၁၆ ) နာရီမှ ( ၂ဝ ) နာရီကြား စီးနင်းရမည်ဖြစ်သည် ။

          ပြောင်းရွှေ့မြန်မာများအသွားများသော ရန်ကုန် - ဆန်ဖရန်စစ္စကို ခရီးစဉ်ကို ဦးဆောင်ပြေးဆွဲနာမည်ကြီးသူမှာ ကာတာလေကြောင်းလိုင်းမဟုတ်ပါ ။ ဈေးနှုန်းအရသော်၎င်း ဈေးကွက်လက်ဦးမှုရရှိထား၍သော်၎င်း တရုတ်ပိုင် ချိုင်းနားအဲလိုင်း - China Airlines ကို မယှဉ်နိုင်ပါ ။ တရုတ်လိုင်းဖြင့် ဤခရီးကိုလာလျှင် ထိုင်ဝမ်တွင် ( ၁ ) နာရီ နား၍ ဆန်ဖရန် သို့ တိုက်ရိုက်မောင်းနှင်မည်ဖြစ်သည် ။ ကာတာလိုင်းဖြင့်မူ ဒိုဟာ တွင် နာရီများစွာနားရသည့်အပြင် အမေရိကန်လေပိုင်နက်တွင်းရောက်သည့်အခါ ဖီလယ်ဒဲဖီးယား ၊ ချီကာကို ၊ နယူးယောက်မြို့များမှတစ်ဆင့် ဆန်ဖရန်သို့ဆက်လက်စီးနင်းရသောကြောင့် ခရီးစဉ်မှာ မရှည်သင့်ပဲ ပျမ်းမျှ ( ၄၅ ) နာရီကြာမည်ဖြစ်၍ ရှောင်ကျဉ်မှသာ အဆင်ပြေနိုင်ပေမည် ။

          ရန်ကုန် မှ နယူးယောက်သို့သွားလိုလျှင် ရန်ကုန် - ဘန်ကောက်- ဒိုဟာ - နယူးယောက် လမ်းကြောင်းရှိပြီး စီနင်းချိန်ပျမ်းမျှ ( ၃၄ ) နာရီခန့်ရှိကာ လက်မှတ်နှုန်းထားချိုသာသည်ကို တွေ့ရသည် ။ ဒိုဟာ တွင် နာရီ ( ၂ဝ ) ခန့်နားပြီး နယူးယောက်သို့ ပျံသန်းခရီးစဉ်မှာ လက်မှတ်ခ သင့်တော်သော်လည်း ပျမ်းမျှ ( ၄၁ ) နာရီကြာသည့်အတွက် အတော်ပင်စိတ်ရှည်ရပေမည် ။ ထို့ကြောင့် ကာတာလေကြောင်းလိုင်းသည် မြန်မာနိုင်ငံသား ပြည်ပခရီးသွားများအဖို့ ရန်ကုန်ခရီးစဉ် အဝင်ဖြစ်စေ အထွက်ဖြစ်စေ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသော အားနည်းချက်ရှိနေသည် ။

          လူကုံထံအသိုင်းအဝိုင်းမှ မြန်မာကျောင်းသားများ စကောလားရှစ်ဖြင့် ကျောင်းအတက်များသည့် အမေရိကန် ဘော်စတွန်မြို့အတွက်မူ ကာတာလေကြောင်းလိုင်းမှာ အသုံးဝင်နိုင်သည် ။ ကိုးရီးယားလေကြောင်းလိုင်း ဖြင့် အင်ချွန်းလေဆိပ်တစ်ထောက်နားကာ ခရီးဆက်နိုင်ပြီး မြန်မာကျောင်းသားများ အဆင်ပြေပြေ သွားလာနေသည်မှာ ကာလကြာခဲ့ပြီဖြစ်သည် ။ ကာတာလေကြောင်းဖြင့် ရန်ကုန် - ဒိုဟာ - ဖီလဲဒဲဖီးယား - ဘော့စတွန် လမ်းကြောင်းဖြင့်သာမက ရန်ကုန် - ဒိုဟာ - ချီကာဂို - ဘော့စတွန် လမ်းကြောင်းဖြင့်လည်း ပတ်၍လာနိုင်သည် ။ အသွားအပြန်လက်မှတ်ဝယ်ထားသူဖြစ်ပါက ရန်ကုန်မှထွက်လျှင် ဒိုဟာတွင် နားချိန်ကြာသော်လည်း ဘော်စတွန်မှ ရန်ကုန်သို့ပြန်ရာတွင် အခြားလေကြောင်းလိုင်းများထက် များစွာမြန်ဆန်စွာ ခရီးဆက်နိုင်သည်မှာ အားသာချက်တစ်ခုဖြစ်သည် ။

          ရန်ကုန်ဖက်မှ လက်မှတ်ကို ဆူးလေဘုရားလမ်း နှင့် ကုန်သည်လမ်ထောင့် ရုံးချုပ်တွင် လူကိုယ်တိုင်ဝယ်ယူနိုင်ပြီး ခရက်ဒစ်ကဒ်သုံးသည့်နိုင်ငံတိုင်းတွင်မူ အွန်လိုင်းမှ တိုက်ရိုက် ရောင်းချသည် ။ လက်မှတ်ဝယ်ယူပြီးလျှင် အတည်ပြုအီးမေးလ် - Comfirmation Email ပို့ပေးမည်ဖြစ်ပြီး စီးနင်းမည့်ခရီးသည်၏ ( အမှန်တကယ်လက်မှတ်ဝယ်ယူသည့် ) ခရက်ဒစ်ကဒ် ကို လေဆိပ်တွင် သက်သေ တင်ပြပြီး စာရင်းသွင်း - Check In လုပ်ရန်လိုအပ်သည် ။ လက်မှတ်ဝယ်သူကိုယ်တိုင် စီးနင်းရမည့် အစီအစဉ်မှာ လူမှားမှု နှင့် အကြွေးဝယ်ကဒ်ပြား အလွဲသုံးစားပြုမှုတို့ကို ကာကွယ်ရန် ဟ သိရှိရသည် ။ လက်မှတ်လက်ခံအီးမေးလ်ကို ပရင်တာသုံး၍ စာရွက်ဖြင့်မထုတ်လိုလျှင် မိမိဖုန်းတွင် အီးမေးလ်ကို မျက်နှာမြင်ဓါတ်ပုံ - Screenshot ရိုက်ကာ လေဆိပ်လူမှုကြီးကြပ်ရေးကောင်တာတွင် ပြနိုင်ပါသေးသည် ။

          မိမိဆီရောက်လာသော အတည်ပြုအီးမေးတွင် Confirmation Email - Qatar Airways - Confirmation for Booking Reference  စသည်ဖြင့်ဖော်ပြပါရှိပြိး သိလိုသည့် လေယျာဉ်ထွက်ခွာ အချက်အလက်များကို လေကြောင်းလိုင်း၏ အင်တာနက်စာမျက်နှာသို့ ဖွင့်ကြည့်ရန်မလိုပဲ အီးမေးလ်ထဲတွင် စစ်ဆေးနိုင်အောင် အကုန်စီစဉ်ပေးထားသည်မှာ နောက်ဆုံးနည်းပညာ၏ အားသာချက်ဖြစ်သည် ။

          ခရီးသွားမည့်သူသည် ကွန်ပျူတာတွင် ရှာဖွေအင်ဂျင်ကို Google Chrome သုံးပါက Qatar Airways ဟု ရိုက်လိုက်လျှင် လေယျာဉ်လက်မှတ်သတိပေးစာသည် ဘေးတွင်ကပ်လျက်ပေါ်လာပါလိမ့်မည် ။ အဆိုပါ လင့် - Link ကိုဆက်လိုက်သွားလျှင် မူလ လက်မှတ်တစ်စောင်လုံးကို ကြည့်ရသကဲ့သို့ စုံလင်စွာမြင်ရသည်မှာ Google ၏ နောက်ဆုံးပေါ် Google Now Feature ကြောင့်ဖြစ်ပေသည် ။ ထို့ပြင် လက်ပွတ် Apple / Samsung ဖုန်းသုံးသူများကို အင်တာနက်ချိတ်ဆက်ထားချိန်တွင် Google Now မှ လေယျာဉ်ချိန်သတိပေးပါလိမ့်ဦးမည် ။ အထက်ဖော်ပြပါ အချက်ပေးမှုများသည် ကာတာအဲယားဝေး ၏ အထူးပြုလုပ်ချက်တော့မဟုတ်ပါ ။ အဆင့်မြင့်နည်းပညာသည် ငွေကြေးတတ်နိုင်သော လေကြောင်းလိုင်းများအကြားတွင် လူမျိုးဘာသာမရွေး နေရာဒေသမရွေး အသုံးတော်ခံနေပါတော့သည် ။


Ref: www.qatarairways.com , Qatar Airways From Wikipedia

ကလောင်စေတနာ

" ပင်လယ်ကွေ့ကျွန်းဆွယ်က ထွန်းပေါက်လာတဲ့ ကာတာ အဲယားဝေးစ် " စာမူသည် ၂ဝ၁၄ သြဂုတ်လ ( ၉ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၆ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။



No comments: