ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, April 5, 2015

အစစ်နောက်ကကပ်လိုက်တဲ့အကောင်းစား ( Brand-Name and Generic Comparison )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ချိန်က စီးပွားရေးသမားအဖြစ် ရပ်တည်ခဲ့ဖူးသူတစ်ယောက်အဖို့ ဘာဝယ်ဝယ် ပစ္စည်းမှန်ရမယ်၊ ဈေးသက်သာရမယ်၊ မသက်သာရင်တောင် ဈေးမှန်ရမယ်ဆိုတဲ့အတွေးကတော့ ဘယ်ဆိုင်ကိုပဲသွားသွား၊ ဘယ်အွန်လိုင်းစာမျက်နှာမှာပဲဝယ်ဝယ် စိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်။ တစ်ကယ်တမ်း ရေခြားမြေဝေးရောက်တဲ့အခါမှာတော့ အလွယ်တကူသောက်တဲ့ “ ရေ ” ကိုတောင် အစစ်၊ အကောင်းစား၊ မူလလက်ဟောင်း - Brand-Name ဆိုတာတွေရှိသလို အစစ်နောက်ကကပ်လိုက်တဲ့အကောင်းစား - Generic ဆိုတဲ့ တံဆိပ်တွေဆိုတာလည်း စားသုံးသူရဲ့ငွေတွေ သဲ့ယူနေတဲ့ စီးပွားရေးတစ်ခုအဖြစ် လေ့လာတွေ့ရှိရပါတယ်။
.
လူတွေဆိုတာကလည်း အခက်သား ..။ စစ်တဲ့ပစ္စည်းကိုသာပေးလို့ကတော့ တောင်းသလောက်ပေးပါ့မယ်ဆိုမှတော့ ရောင်းသူဖက်က အသာစီးယူပြီးသား ဖြစ်နေတော့တာပေါ့။ တစ်ခြားမကြည့်နဲ့ .. မြန်မာနိုင်ငံတီဗွီကြော်ငြာတွေပေါ်မှာလည်း ထိုနည်းနှင်နှင် အရောင်းမြှင့်တင်နေကြတာ တွေ့ဖူးကြမှာပါ။ ကုန်ပစ္စည်းအစစ်ဆိုတဲ့တံဆိပ်ဟာ ကနဦးပေါ်စကတည်းက သူက စခဲ့ရင် သူ့တံဆိပ်က မူလပေါ်မို့ နောက်မှလိုက်ထုတ်ကြသူများက အတုတွေလို့ ပြောကြတယ်မဟုတ်လား? ဒါဟာ အမေရိကားလိုဈေးကွက်မှာ နေရာတိုင်း မမှန်တာကို လေ့လာရင်းနဲ့ သိလာခဲ့တယ်။
.
.
ထိပ်ဆုံးကြုံတွေ့ရတာက အိမ်သုံးဆေးဝါးတွေ ဝယ်တဲ့အခါမှာပါ။ မြန်မာနိုင်ငံက မထွက်ခွာခင်တုန်းက အသည်းပါမောက္ခဒေါက်တာဦးခင်မောင်ဝင်း ရေးတဲ့စာတစ်ပုဒ်မှာ “ ကျွန်တော်က ဆေးဝါးအသစ်တိုင်းကို စမ်းသုံးသင့်တယ်လို့ မယူဆပါဘူး။ ဆေးတွေမှာ နိုင်ငံတကာအသိအမှတ်ပြု - FDA Approved ပါမှ သုံးဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ဆေးဝါးဋ္ဌာနတစ်ခုခုက စစ်ဆေးပြီးကြောင်း အသိမှတ်ပြုစာမပါရင် ဘေးကင်းလုံခြုံဖို့ စိတ်မချရပါဘူး ” လို့ ဖတ်မိထားတာ တစ်သက်မမေ့နိုင်ခဲ့ပါ။ ဒါကြောင့် ဆေး ဆိုတာကို စဝယ်ဖို့ မရဲခဲ့ပါဘူး။

.
ပိုဆိုးတာက ဒီဖက်နိုင်ငံမှာ ဆေးတစ်မျိုးဝယ်ရင် ဆရာဝန်ဆေးစာပါမှ ရောင်းပါတယ်။ အများတွေ့မြင်ရတဲ့ စင်ပေါ်ကဆေးတွေကိုတော့ ကောင်တာပေါ်ကဆေးများ - OTC ( Over the Counter ) လို့ ခေါ်ပါတယ်။ ဆရာဝန်ရေးပေးတဲ့ဆေးစာကိုတော့ Prescription လို့ ခေါ်ပါတယ်။ ကိုယ်ရဲ့ကျန်းမာရေးအာမခံ -  Health Insurance Provider ရဲ့ ကာကွယ်မှု - Coverage အရ ဆေးဖိုးဘယ်လောက်ကျကျ မိမိက ဘယ်လောက်ငွေပေး - ဆိုတဲ့စံနစ်မျိုးကို Co-Pay လို့ ခေါ်ပါတယ်။ ဥပမာ - နဲနဲလေးလှုပ်လိုက်တာနဲ့ ဟိုနားကိုက် ဒီနားနာတတ်သူ မြန်မာတစ်ယောက် အမေရိကားရောက်လာတဲ့အခါ တစ်ထပ်တည်းတူတဲ့ဆေးဝါးကို ဝယ်လို့မရနိုင်ပါဘူး။
.
ဒါကြောင့် ကိုယ်ဘာဖြစ်တယ်ဆိုတာသိရအောင် ဆရာဝန်နဲ့ ထိပ်ဆုံးပြရပါတယ်။ ဒီကနေမှ ဆရာဝန်က အကိုက်အခဲပျောက်ဆေး - Pain Killer ကို ဆေးစာရေးပေးလိုက်တော့မှ သွားဝယ်ရပါတယ်။ ဆေးကောင်တာကပေးလိုက်တာကိုမှတ်ထားပြီး နောက်တစ်ခေါက် ကိုယ့်ဖာသာကိုယ်သွားဝယ်လို့ မရပြန်ပါဘူး။ ဆရာဝန်နားမှာ ဆေးစာထပ်တောင်းရပါတယ်။ ဒီလို အလုပ်ရှုတ်တာကို မလိုချင်တဲ့ ကိုရွှေမြန်မာတို့ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ကိုက်မယ့် ဆေးဝါးတွေကို ဆိုင်တွေပေါ်မှာ အလွတ်ဝယ်လို့ရအောင် OTC ဆေးဝါးနာမယ်တွေကို မှတ်သားထားလာရပါတော့တယ်။
.
.
ဆေးဆိုင်ကိုရောက်တဲ့အခါမှာ ကောင်တာပေါ်ကဆေးတွေကိုကြည့်ပြီး မူးမေ့ချင်လောက်အောင် ဖြစ်ရတယ်။ အခေါ်အဝေါ်တွေကလည်းမသိ၊ ရေးထားတဲ့စာတွေကလည်း တစ်မျိုးတစ်ဖုံ၊ အရေးအသားကလည်း မကွဲပြားတဲ့အခါကျတော့ နောက်ဆုံး မြန်မာပြည်လူကြုံနဲ့ Biogesis၊ Burmeton၊ B6  နဲ့ Alaxan စတဲ့ဆေးတွေ မှာသောက်ရသူတွေ တွေ့ဖူးပါတယ်။ ရေးပေးထားတဲ့ဆေးနာမည်အတိုင်းဝယ်ရင် အကြောင်းမဟုတ်ဘူး .. မျက်စိလည်ပြီး Brand-Name ဘေးနား၊ အောက်နားကစင်တွေပေါ်မှာ Generic ဆေးတွေမှ အပုံအပင်။ ဈေးကလည်း သက်သာတယ်၊ ပါဝင်တဲ့ Supplement Facts OR Active Ingredient ( in each tablet ) တွေကလည်း အတူတူဆိုတော့ ဝေဝါးပြီး ဘာဝယ်ရမှန်းမသိဖြစ်မယ်ဆိုရင်လည်း ဖြစ်စရာပါ။ ဒါက ဆေးလောက ဥပမာပါ။
.
ဒီနေရာမှာ Generic ဆိုတာကို အနည်းငယ်ပြောပြချင်ပါတယ်။ ရန်ကုန်ဈေးကွက်အရ အီလန် - E Lan ဆပ်ပြာမှုန့်နာမည်ကြီးနေတဲ့အခါ သူနဲ့အရည်အသွေးတူ 200g ချင်းတူ၊ သံပုရာနံ့ချင်းတူ တဲ့ “ သန့်စင် ” ဆပ်ပြာမှုန့်ဆိုတာ ထွက်ခဲ့ဖူးတယ်။ အီလန်တစ်ထုပ်ကို ( ၂ဝဝ ) ကျပ်ရောင်းတဲ့အချိန်မှာ သန့်စင်က ( ၁၇ဝ ) ကျပ် နဲ့ ရောင်းပါတယ်။ ဒီနေရာမှာ အီလန်ဟာ Brand-Name ဖြစ်ပြီး စင်ပေါ်ကလူ ပါ။ သန့်စင်က နောက်ပေါက်ဖြစ်ပြီး Generic နေရာကနေ ဗီလိန်အနေနဲ့ ဈေးကွက်ထဲ ဝင်ကစားကြည့်သူ ဖြစ်ပါတယ်။ ဖန်သားပြင်ပေါ်မှာ ရုပ်ရှင်မင်းသမီးတွေနဲ့ ကဲကဲလန်အောင်ကြော်ငြာနေတာ အီလန်ကိုသာ မြင်နိုင်ပြီး သန့်စင် ကို ဒီလောက်တွေ့ရမှာ မဟုတ်ပါဘူး။ ရောင်းအားမှာလည်း သန့်စင် ဟာ အီလန်ကို မှီနိုင်ဖို့ အတော်ကြီးကိုလုပ်ယူရပါတယ်။ ဒါက Generic ရဲ့ အားနည်းချက်ပါ။
.
ဒါပေမယ့် အားသာချက်က ရှိနေပြန်ပါသေးတယ်။ အီလန် ရဲ့ ရောင်းအားကိုမှီပြီး သန့်စင် က မျှောလိုက်သွားလို့ရတယ်။ ဈေးသက်သာတဲ့အတွက် အီလန်ကို မသုံးနိုင်သူတွေက သန့်စင် ကို ဝယ်တယ်။ သံပုရာနံ့ပါရင်ပြီးရော၊ ဆပ်ပြာမှုန့်ဖြစ်ရင်ပြီးရော၊ ဘာအမှုန့်ဖြစ်ဖြစ် အဝတ်ပြောင်ရင်ပြီးရော ဆိုသူများနဲ့ အများနဲ့အလုပ်လုပ်ရတဲ့စားသောက်ဆိုင်၊ ဝန်ထမ်းချောင်ချိရေးတွေမှာ Generic ကို သုံးကြတယ်။ မြန်မာနိုင်ငံဈေးကွက်မှာတော့ အီလန် ရော၊ သန်ု့စင် ရော ကိုယ်ပိုင်စက်ရုံရှိကြတယ်။ ကုန်သည်တွေအကုန်လုံးက ဖောက်သည်အမျိုးမျိုးရဲ့လိုအပ်ချက်ကို ထိန်းထားနိုင်ဖို့ Brand- Name ရော Generic ရော တစ်ဆိုင်တည်းမှာ တင်ရောင်းကြတယ်။ အမေရိကားဈေးကွက်မှာ မတူတဲ့ Gereric ဈေးကွက်က ဒီလိုပါ။
.
.
ခေတ်မီအရင်းရှင်ဈေးကွက်ဟာ စီးပွားရေးကိုလိုနီစံနစ်တစ်ရပ် ဖြစ်ပါတယ်။ ဆိုင်သေးသေးလေးတွေဟာ ဆိုင်ကြီးတွေနဲ့ ယှဉ်ရောင်းနိုင်ဖို့ မလွယ်ကူလှပါ။ လိမ်ဖယ်လိမ်ဖယ် နဲ့ ရပ်တည်နိုင်တယ်ထားဦး တစ်နာရီ ( ၈ ) ဒေါ်လာ နဲ့ ( ၁၂ ) ဒေါ်လာကြားပေးရတဲ့အလုပ်သမားငှားရမ်းစားရိတ်ကို ကြာရှည်မထမ်းထားနိုင်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ ထင်ပေါ်ကျော်ကြားလာတဲ့ လုပ်ငန်းသစ် - Startup ဆိုရင်လည်း အလားအလာသာရှိပါစေ လုပ်ငန်းကြီးက ဝါးမြိုဝယ်ယူခြင်း - Acquisition နည်းနဲ့ သိမ်းပိုက်ပါတယ်။ နောက်တစ်ခုက အမေရိကားမှာ လူသုံးကုန်၊ အဝတ်အထည်၊ စားသောက်ကုန် စသဖြင့် ဈေးနှုန်းတွေကို အဆမတန်တင်ရောင်းတယ်။ ကြော်ငြာစားရိတ်၊ အလုပ်သမားခ၊ စတိုးဆိုင်ငှားရမ်းခ၊ ကားပါကင်ထိန်းသိမ်းခ .. ဒါတွေကလည်း ဈေးကမသေးပဲကိုး။
.
သူတို့တင်ရောင်းတဲ့ ပစ္စည်းအကြောင်း စပြောရအောင်..။ နာမည်ကြီးပစ္စည်းတွေကို သူတို့တင်ရောင်းကြသလို အဲဒီလိုနာမည်ကြီးတွေကို မယှဉ်နိုင်တဲ့ ဒုတိယတန်းစားထုတ်လုပ်သူတွေနဲ့ အထင်ကရစတိုးဆိုင်ကြီးတွေက အပေးအယူလုပ်ပြီး Generic ပစ္စည်းတွေ တရားဝင် ထုတ်လုပ်ကြတယ်။ ကိုယ်ပိုင်တံဆိပ်တပ်ပြီး “ မူလနာမည်ကြီး Brand-Name ဘယ်တံဆိပ်ရဲ့ ဘယ်ပစ္စည်းရဲ့ ပါဝင်မှုနဲ့အတူတူပါဝင်တယ် .. စမ်းသုံးကြည့်ပါ ” ဆိုပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါ်မှာ ပေါ်ပေါ်တင်တင် ရေးသားကြော်ငြာတာ တွေ့ရတယ်။
.
နောက်အားသာချက်တစ်ခုက နာမည်ကြီးပစ္စည်းကိုမှီပြီးရောင်းရမယ့်ကိုယ့်နာမည်နဲ့ပစ္စည်းကိုတင်ရောင်းပေးဖို့ ဘယ်စတိုးဆိုင်ကိုမှ ဒူးထောက်ခယစရာမလိုပါဘူး။ ဆိုင်က စင်ပေါ်မှာတင်ထားတဲ့ Brand-Name ရဲ့ ဘေးနား၊ အောက်နား၊ အပေါ်နားမှာ ကပ်လျက် တင်ထားလိုက်ရုံသာ .. ကြော်ငြာနည်းက ဒီလောက်အထိ လွယ်ကူပါတယ်..။ ထုတ်လုပ်သူက ပို့လာတဲ့ပစ္စည်း ကိုယ့်ဆိုင်ရောက်တယ်ဆိုရင်ပဲ အသင့်လက်တင်ရောင်းနိုင်တာက အားသာလွန်းတာမို့ လက်ဝါးကြီးအုပ်အရင်းရှင်ကုန်သည်ကြီးတွေ Generic ပစ္စည်းကို မဖြစ်မနေထုတ်လုပ်ကြတယ် .. ဈေးကွက်ရှာကြတယ်..။ တစ်ခုသတိထားကြည့်ပါ .. အမေရိကန်က Generic ထုတ်ပြီးရောင်းနေတဲ့ စဆိုးဆိုင်ကြီးတွေမှာ ကိုယ်ပိုင်စက်ရုံမရှိကြပါဘူး။
.
.
Generic ဟာ အတုမဟုတ်ပါဘူး။ အတုလုပ်ငန်းက မသမာတဲ့ အောက်လမ်းစီးပွားရေးလုပ်ငန်းပါ။ Generic ဟာ ဒုတိယအဆင့် ကုန်ထုတ်လုပ်ငန်း အဖြစ် အမြတ်များစွာကို သဲ့ယူတဲ့ အတန်းအစား - Category တစ်ခု အဖြစ် ရပ်တည်နေပါတယ်။ Generic ဆိုပြီး စားသုံးသူစိတ်ချရမှု - Customer Satisfaction မရှိဘူး လို့ ယူဆလို့မရပါဘူး။ သူ့မှာလည်းသူပြည့်စုံအောင် လုပ်ရပါတယ်။ ဥပမာ - ဆေးဝါး Generic ဆိုရင် FDA – Food and Drug Administration က ထောက်ခံချက် ( ထောက်ခံပြီး ) – Approved မပါရင် ထုတ်လို့မရပါ။ Brand-Name တို့လိုပဲ အစစ အရာရာ ရင်းနှီးမြုပ်နှံမှု တူညီပါတယ်။
.
Generic ပစ္စည်းကို ထုတ်လုပ်ပေးရသူ စက်ရုံတွေဖက်ကလည်း သာတဲ့အချက်တွေရှိပါတယ်။ သူတို့ဟာ ပထမတန်းစားပစ္စည်းကို မယှဉ်နိုင်သလို ဈေးကွက်ဝင်တိုးဖို့ မားကက်တင်း မဆင်းရရုံမက ရောင်းလို့မကုန်မှာလည်း မပူရပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်ရန်၊ လုပ်ငန်းလည်ပတ်လို့သာ အာရုံထားရပြီး လုပ်ငန်းလည်ပတ်ငွေအတွက် ပူစရာမလိုပါ .. အရင်းရှင်ကုမ္ပဏီတွေထံ လက်ဖြန့်တောင်းလိုက်ရုံပါပဲ။ သူ့ရဲ့အဓိက အာရုံစိုက်အလုပ်က ဒုတိယအတန်းစားလက်ရာကောင်းမွန်မှု - Quality ကို မပြတ်တမ်းထိန်းထားပြီး ပထမတန်းစားပစ္စည်းရဲ့ ဈေးကွက်ပြောင်းလဲမှု နဲ့ သုတေသနပစ္စည်းအသစ်တွေကို မျက်ခြေမပြတ်ရင် ရပါပြီ။
.
.
ချုပ်ပြီးပြောရရင် မြန်မာနိုင်ငံမှာ Generic လုပ်ငန်း မထွန်းကားသေးပေမယ့် ရှိနှင့်ပြီးသားတစ်ချို့တော့ တွေ့ရပါတယ်။ ဆက်လက်ရှင်သန်နိုင်အောင် မားကက်တင်းအလုပ်တွေ များများလုပ်ဖို့ လိုပါတယ်။ စားသုံးသူတွေကို ပညာပေးဖို့လိုပါတယ်။ လူမှုဖူလုံရေး၊ သက်သာချောင်ချိရေး၊ မိသားစုစီမံကိန်း၊ ကုမ္ပဏီဝန်ထမ်းသက်သာ စတဲ့ လူသားအရင်းအမြစ်တိုးတက်ဖို့ Generic လုပ်ငန်းအကြောင်း ဦးဆောင်ဦးရွက်ပြု ရှင်းပြမယ့်လူတွေလိုပါတယ်။ ဖောက်ထွက်တီထွင်မည့် Entrepreneur တွေ လိုပါတယ်။ နိုင်ငံစီးပွားရေးထူထောင်ဖို့ ဈေးသက်သာပြီး အရည်အသွေးပြည့်မှီတဲ့၊ ပထမတန်းစားထက် မညံ့တဲ့ ထုတ်ကုန်တွေ လိုအပ်ပါတယ်။
.
ကျွန်တော်တို့ ကြုံနေရတာက ကျွန်တော် ကျွန်မတို့ မိဘပြည်သူများ မျှော်လင့်ထားသလို စီးပွားရေးမှာ Generic တွေ မထွန်းကားလာပဲ အတုတွေပေါများနေတာ စိတ်အပျက်ရဆုံးပါ။ တစ်ယောက်အောင်မြင်ရင် ဝင်ပေါက်သေးသေးလေးကို နောက်လူတွေ အတင်းဝင်တိုးကြတာ ပိုဆိုးပါတယ်။ ရှေ့လူလည်း ငြိမ်ငြိမ်မနေရ၊ နောက်လူလည်းအဆင်မပြေ၊ နောက်ဆုံးတော့ ဈေးကွက်ပျက်စင်ပြိုတဲ့ပွဲ - မြန်မာနိုင်ငံက ဒီလိုဖြစ်နေပါတယ်။ အဆိုးဆုံးက နှစ်ပေါင်း ( ၆ဝ ) ကျော်အတွင်း Generic အစိုးရအဆက်ဆက်ကြားမှာ အတုတွေနဲ့ကြီးခဲ့ရတဲ့ မိဘပြည်သူများရဲ့ ဘဝပါပဲ။
.
.
ထင်သာမြင်သာအောင် Brand-Name နဲ့ Generic တို့ရဲ့ နှိုင်းယှဉ်မှုတွေကို Walmart နဲ့ Target စတိုးကြီးတွေနမူနာနဲ့ လင့်တွေ တင်ပေးလိုက်ပါတယ်။ အားလုံး ဆက်တွေးပြီး လမ်းသစ်ဖောက်နိုင်ကြပါစေ။
.
.
.
Walmart က အလေးချိန်တူ ဈေးသက်သာ နှိုင်းယှဉ်ချက်။
.
နဲ့
.
.
.
Target က ဈေးမကွာ အလေးချိန်သာ ပစ္စည်းနိုင်းယှဉ်ချက်။
.
.
နဲ့
.
.
.




No comments: