ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, December 15, 2013

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



          သူငယ်ချင်းတစ်ဦးထံမှ သူဖြေထားသော အမေရိကန်-နိုင်ငံသားပြုလက်စွဲစာအုပ် မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍ အမိမြန်မာနိုင်ငံအတွက်တစ်ခုခုရေးချင်နေမိသည် ၊ အမေရိကန်နိုင်ငံသားပြုလက်စွဲစာအုပ်ကိုအဓိက ( ၃ ) ပိုင်းခွဲပြုစုထားရာ ( A ) အမေရိကန်ဒီမိုကရေစီ၏အခြေခံမူများ ၊ ( B ) အစိုးရစံနစ်တည်ဆောက်ပုံ နှင့် ( C ) နောက်ဆုံးအမေရိကန်သမိုင်းနှုင့်အခြားသမိုင်းဝင်အချက်အလက်များ တို့ပါဝင်ကြသည် ၊ ထိုစာအုပ်တွင် မေးခွန်း ( ၁ဝဝ ) ပါဝင်ပြီး အဖြေများကိုပါ ဖော်ပြပေးထားသည် ၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံ၏ သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကို လေ့လာမိသောအခါ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်အသုံးတည့်နိုင်မည့် မေးခွန်း ( ၅ ) ခု ကို ထုတ်နှုတ်ဖော်ပြလိုပါသည် ။


မေးခွန်းနံပါတ် ( ၁ ) အမိမြေ၏အမြင့်ဆုံးဥပဒေမှာအဘယ်နည်း ။

          အဖြေ ။      ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည် ။

         ( ဖြေရှင်းချက် ။ အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအားလုံးထက်စောသည် ၊ ယင်းကိုပြည်သူအခြေပြုစည်းကမ်းချက်များဖြင့် နိုင်ငံ၏အစိုးရယန္တရားကို လည်ပတ်စေသည် ၊ ပြည်သူ့ကိုယ်စားလှယ်ဒီမိုကရေစီ ဟုခေါ်ဆိုပြီး ဥပဒေပြုအမတ်များကိုပြည်သူကရွေးချယ်ပေးရသည် ၊ အမေရိကန်နိုင်ငံသားများက နိုင်ငံကိုဒီမိုကရက်တစ်အချုပ်အချာအာဏာဖြင့်ဦးဆောင်မည့်သမ္မတ ကိုပါ ရွေးချယ်ပေးကြသည် ၊ အခြေခံဥပဒေသည် ပြည်သူလူထု၏အခြေံခံရပိုင်ခွင့်များကိုအကာအကွယ်ပေးသည် ၊ နိုင်ငံတွင်းတွင်ပြဌာန်းသမျှဥပဒေများသည် အဆိုပါဖွဲ့စည်းပုံအခြေခံကိုမလွဲမသွေလိုက်နာရမည် ။ )


မေးခွန်းနံပါတ် ( ၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သည့်အလုပ်ကို လုပ်ပါသနည်း ။

          အဖြေ ။      ။ ၁။ အစိုးရကိုတည်ဆောက်ပေးသည် ၂။ အစိုးရကိုအဓိပ္ပာယ်သတ်မှတ်ပေးသည် ၃။ အမေရိကန်ပြည်သူများ၏အခြေခံရပိုင်ခွင့်ကိုကာကွယ်ပေးသည် ။

         ( ဖြေရှင်းချက် ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာကို ဖယ်ဒရယ်မူဖြင့် ( ၃ ) ပိုင်းကန့်သတ်ထားပြီး အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြဌာန်းရေးအာဏာ ၊ တရားစီရင်ရေးအာဏာ တို့ဖြစ်ကြသည် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုအာဏာအသီးသီးကိုအဓိပ္ပာယ်ဖွင့်ဆိုရှင်းပြထားသည် ၊ အဆိုပါဖွဲ့စည်းပုံတွင် ဥပဒေပြင်ဆင်ခွင့် နှင့် ဥပဒေထပ်တိုးခွင့် ရှိသည် ၊ ပထမဦးဆုံးဥပဒေပြင်ဆင်ချက် ( ၁ဝ ) ချက်ကို အခွင့်အရေးပြန်တမ်း ဟုခေါ်ဆိုပြီး ၄င်းသည် အမေရိကန်တစ်ဦးစီ၏အခွင့်အရေးများကိုအခြေပြုထားပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်သည် ။ )


မေးခွန်းနံပါတ် ( ၃ ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ကိုယ်ပိုင်အစိုးရ၏ထိပ်ဆုံးစကားလုံး ( ၃ ) လုံးရှိသည် ၊ ၄င်းတို့ကိုဖော်ပြပါ ။

        အဖြေ ။      ။ WE THE PEOPLE - ကျွန်ုပ်တို့သည်ပြည်သူများဖြစ်သည် ။

         ( ဖြေရှင်းချက် ။ အခြေခံဥပဒေ က အောက်ပါအတိုင်းဖွဲ့ဆိုသည် - “ ကျွန်ုပ်တို့အမေရိကန်နိုင်ငံသားများသည် ပြီးပြည့်စုံသောနိုင်ငံတည်ဆောက်နိုင်ရေးအလို့ငှာ တရားမျှတရေး ၊ ဒီမိုကရေစီစံချိန်စံညွှန်းညီမျှရေး ၊ အမျိုးသားအကျိုးစီးပွားကာကွယ်ရေး ၊ အလုံးစုံတိုးတက်ရေးကိုဖော်ဆောင်နိုင်ရေး ၊ ငြိမ်းချမ်းရေးလက်ဝယ်ပိုင်ဆိုင်ရေး နှင့် နောင်လာမျိုးဆက်သစ်ကောင်းများပေါ်ထွန်းရေးအတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုလိုက်နာပါမည် ” ၊ “ကျွန်ုပ်တို့သည်ပြည်သူများဖြစ်သည် ” စကားလုံးအရ ပြည်သူများသည် အစိုးရကိုတည်ဆောက်သည်ဟု ဖွဲ့စည်းပုံ က ဆိုသည် ၊ အစိုးရသည်ပြည်သူအတွက်အလုပ်လုပ်ပြီးပြည်သူလူထု၏အခွင့်အရေးကိုကာကွယ်သည် ၊ အမေရိကန်တွင် အစိုးရ၏အာဏာသည်ပြည်သူ့ထံမှလာသည် ၊ ၄င်းကို ကျော်ကြားသောအချုပ်အချာအာဏာ ဟု ခေါ်တွင်သည် ၊ ဥပဒေပြုရန်ကိုယ်စားလှယ်များကို ရွေးချယ်သူများမှာ ပြည်သူများသာဖြစ်သည် ။ )


မေးခွန်းနံပါတ် ( ၁၂ ) “ တရားဥပဒေစိုးမိုးရေး ” ဆိုသည်မှာ အဘယ်နည်း ။

        အဖြေ ။      ။ လူတိုင်းဥပဒေလိုက်နာရမည် ၊ ခေါင်းဆောင်များဥပဒေလိုက်နာရမည် ၊ အစိုးရသည်ဥပဒေလိုက်နာရမည် ၊ ဥပဒေအထက်တွင်မည်သူမျှမရှိစေရ ။

( ဖြေရှင်းချက် ။ ဂျွန်အက်ဒမ်သည် အမေရိကန်၏ဒုတိယသမ္မတဖြစ်ပြီး အမျိုးသားအခြေခံဥပဒေကိုရေးဆွဲခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည် ၊ သူသည် “ ဥပဒစိုးမိုးသည့်အစိုးရဖြစ်သည် ၊ လူစိုးမိုးသည့်အစိုးရမဟုတ် ” ဟု တိုင်းပြည်ကိုအဓိပ္ပာယ်ဖွင့်ဆိုသွားသည် ၊ ဥပဒေအထက်တွင်မည်သူ / မည်သည့်အုပ်စုမျှမရှိစေရ ။ နိုင်ငံသားတိုင်းနှင့်ခေါင်းဆောင်များသည် ဥပဒေကိုလိုက်နာခြင်းသည် တရားဥပဒေစိုးမိုးရေးဖြစ်သည် ။ အမေရိကန်တွင် အမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဥပဒေစိုးမိုးရေး၏အခြေခံဖြစ်သည် ။ အမေရိကန်သည် ဒီမိုကရေစီဖြင့်အခြေခံဖွဲ့စည်းထားသည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေရှိသည့်တိုင်းပြည်ဖြစ်သည် ။ ထိုစံနစ်အရပြည်သူများသည်တရားဥပဒေများကိုလိုက်နာလိုကြသည် ၊ အကြောင်းမှာ ၄င်းတို့ရွေးချယ်ခဲ့သောလွှတ်တော်ကိုယ်စားလှယ်များကရေးဆွဲသောဥပဒေများဖြစ်သောကြောင့်ဖြစ်သည် ။ အကယ်၍ လူအားလုံးကိုဥပဒေတစ်ခုတည်းဖြင့်သာအုပ်ချုပ်မည်ဆိုလျှင် တစ်ဦးချင်းအခွင့်အရေး နှင့် ငြိမ်းချမ်းမှုတို့သည် ပိုမို၍အကာအကွယ်ရကြလိမ့်မည် ၊ တရားဥပဒေစိုးမိုးရေးသည် အစိုးရမှ ပြည်သူလူထုကိုသာတူညီမျှကာကွယ်ပေးရေးနှင့် မည်သူတစ်ဦးတစ်ယောက်၏အခွင့်အရေးကိုဖောက်ဖျက်ကျူးလွန်မှုမရှိစေရန် အကူအညီပေးသည် ။ )


မေးခွန်းနံပါတ် ( ၅၅ ) အမေရိကန်များ သူတို့၏ဒီမိုကရေစီအရေးတွင် ပါဝင်ဆင်နွှဲနိုင်သော အခွင့်အရေး ( ၂  ) ခု ကို ဖော်ပြပါ ။

        အဖြေ ။      ။ မဲပေးခွင့် ၊ နိုင်ငံရေးပါတီသို့ဝင်ခွင့် ၊ စည်းရုံးရေးအဖွဲ့များကိုကူညီခွင့် ၊ လူမှုအဖွဲ့အစည်းကိုကူညီခွင့် ၊ ပြသနာတစ်ခုခုရှိလျှင် ရွေးကောက်ခံနိုင်ငံအရာရှိကို သင့်ထင်မြင်ချက်ပေးခွင့် ၊ အထက်လွှတ်တော်အမတ် နှင့် လွှတ်တော်ကိုယ်စားလှယ်များကိုတိုင်ကြားခွင့် ၊ ပြသနာတစ်ခု ( သို့ ) မူတစ်ခုကို လူသိရှင်ကြားထောက်ခံခွင့် နှင့် ဆန့်ကျင်ခွင့် ၊ ရုံးခန်းဖွင့်ခွင့် ၊ သတင်းစာတစ်စောင်စောင်သို့စာရေးသားခွင့် ။ ( ထိုအထဲမှ ၂ ခု ကို ဖြေရမည် )

( ဖြေရှင်းချက် ။ နိုင်ငံသားများသည် ၄င်းတို့၏လူမှုအဖွဲ့အစည်းများတွင် တက်ကြွစွာလှုပ်ရှားပါဝင်ကြသည် ၊ ထို့ပြင်နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်လာလျှင် ဒီမိုကရေစီအမြဲရှင်သန်ပြီးအားကောင်းစေသည် ၊ ပါဝင်ကူညီနိုင်သောနည်းလမ်းများမှုာ အသစ်ရွှေ့ပြောင်းနိုင်ငံသားများကို အင်္ဂလိပ်စာ နှင့် လူမှုရေး တို့ကိုသင်ကြားပေးခြင်း ၊ မိဘ-ဆရာအသင်းဝင်၍ပါဝင်ကူညီနိုင်ခြင်း ၊ ဒေသခံကျောင်း၏ မိဘ-ဆရာဘုတ်အဖွဲ့ဝင်ရာထူးအတွက်ဝင်ရောက်အရွေးခံနိုင်ခြင်း နှင့် မဲရုံများတွင်ကူညီခြင်းတို့ဖြစ်ကြသည် ။ ပြည်သူများ မဲပေးနိုင်ပြီး နိုင်ငံရေးမဲဆွယ်ပွဲများတွင်ကူညီနိုင်သကဲ့သို့ လူမှုအဖွဲ့အစည်းများတွင် လုပ်အားပေးနိုင်သည် ။ သို့တည်းမဟုတ် မိမိတို့အတွက်အရေးကြီးသည့်ကိစ္စရပ် / ပြသနာများကိုဖြေရှင်းပေးရန် အထက်လွှတ်တော်အမတ် နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံခွင့်ရှိသည် ။ )


          ဥပဒေပြုလွှတ်တော်တွင် စစ်တပ်အခန်းကဏ္ဌရာခိုင်နှုန်းမည်မျှပါဝင်သနည်းဟု အဆိုပါစာအုပ်ထဲတွင် အထပ်ထပ်အခါခါရှာဖွေကြည့်မိသော်လည်း မတွေ့ရှိပါ ၊ နိုင်ငံတည်ဆောက်သည့်တပ်မတော်သည်နိုင်ငံကိုကျူးကျော်မည့်သူများကိုရှာဖွေနှိမ်နင်းရန်တာဝန်ရှိသည် ၊ အဓိကစစ်သေနာပတိချုပ်အာဏာသည် နိုင်ငံတော်သမ္မတ လက်ဝယ်တွင်သာရှိသည်ကိုဖတ်ရသည် ၊ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အလှည့်အပြောင်းအကွေ့အစွန်းတွင်ရောက်နေသည်ဟုဆိုလျှင်မှားအံ့မထင် ၊ ဘယ်ဘက်ကိုကွေ့မည်လား / ညာဘက်ကိုကွေ့မည်လား စိတ်ဝင်စားသူများရှိသလို ကပ်ကွေ့လား / ပန်းကွေ့လား မသုံးသပ်နိုင်သူများလည်း တပုံတပင်ဖြစ်နေကြသည် ၊ နောက်ဆံတင်းသူများကတော့ လမ်းဘေးလည်းချမရပ် ဘေးလည်းမကပ် ဒီမိုကရေစီလမ်းကိုကန့်လန့်ဒရွတ်တိုက် လိုက်နေကြပေသည် ၊ ထိုအကြပ်အတည်းကိုဖြေရှင်းရန် နှင့် မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် နိုင်ငံ့အကျိုးငှာ လေ့လာမိသော အဝေးရောက်အတွေ့အကြုံများကို တိုင်းကျိုးပြည်ပြုရေးသားမျှဝေလိုက်ခြင်းဖြစ်ပါသည် ၊ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်ကိုက်ညီသည့်အခြေခံအချက်အလက်များကို အသစ်ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချက်များတွင် ထည့်သွင်းပြဌာန်းနိုင်ပါရန် ပြည်သူများတင်မြှောက်ထားသော ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များကို စေတနာအရင်းခံ တိုက်တွန်းလိုက်ရပါသည် ။


ကိုညီညီ - တောင်ကြီး

" မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ " စာမူကို

 Hot News Journal အတွဲ ၄ ၊ အမှတ် (  ၁၇၄ ) ၊ စာမျက်နှာ ( ၃၁ ) တွင် ဖော်ပြပါရှိသည် ။

Download Link: http://www.mediafire.com/download/eq85m2g895eq6yi/174.pdf





" မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ " စာမူကို Hot News Journal အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

http://www.hotnewsweekly.com/node/1374

No comments: