ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, March 15, 2015

ရွှေလား ငွေလား သေချာစဉ်းစား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မြန်မာနိုင်ငံကနေ ခရီးထွက်တော့မယ်ဆိုတော့ ပစ္စည်းပစ္စယတွေထုတ်ပိုးရင်း လက်ဝတ်ရတနာတွေကို ဘယ်လိုသယ်သွားမလဲဆိုတာ ဝေခွဲရအခက်ခဲဆုံး ကိစ္စတစ်ခု ဖြစ်ခဲ့ရတယ်။ ရန်ကုန်အိမ်ကနေထွက်တော့ သယ်ချင်သမျှ ရွှေထည်တွေ ( သိပ်မများပါ ) .. ခန္ဓာကိုယ်ပေါ်မှာ ဆင်မြန်းပြီးသကာလ ကျွန်တော်တို့ဇနီးမောင်နှံဆိုတာ ရပ်တကာ ရွာတကာဖိတ်ထားတဲ့အလှူပွဲကိုသွားတဲ့ တောသူကြီးလင်မယားပုံစံ ပေါက်နေပါတော့တယ်။ တာဝန်ကျလေဆိပ်စောင့် ရဲမေက ဒီအထာသိတော့ ကျောက်တွေပါတဲ့ လက်ဝတ်တွေကို အသေအချာစစ်ဆေးနေပါတယ်။
.
ကိုယ်ကလည်း ခရီးစဉ်ဖြောင့်ချင်တာကြောင့် ဒီအခက်အခဲကို ကျော်ဖြတ်ဖို့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိတာမဟုတ်ပါ .. သိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာနေခဲ့တဲ့သက်တမ်းတစ်လျှောက်လုံး ဝန်ထမ်းတွေကို အဆိပ်ပင်ရေလောင်းသလို အားပေးအားမြှောက် ဆက်မလုပ်ချင်တော့တာကြောင့် ဘာမှမပေးပဲ နေလိုက်တယ်။ အဲဒီအခါကျ အထက်လူကြီးကိုဖုန်းဆက်တော့ အမျိုးသမီးရဲ့ စိန်ဆွဲသီးက ယူလို့မရဘူးပြောလို့ လိုက်ပို့သူနဲ့ ပြန်ထည့်ပေးလိုက်ရပါတယ်။ ငွေရှိလို့မဟုတ်သလို ရွှေရှိလို့လည်း မဟုတ်ပါဘူး။ တစ်ခါမှမရောက်ဖူးတဲ့ အမေရိကားဆိုတဲ့နိုင်ငံကိုသွားဖို့ အိမ်ပြောင်းတာထက်မလျော့တဲ့ ရွှေ့ပြောင်းသယ်ယူမှုတွေ လုပ်ခဲ့ရတဲ့သဘောပါ။
.
.
အမေရိကန်မြေဆီလွှာကိုနင်းတော့ အထင် နဲ့ အမြင်က တစ်ခြားစီဆိုတာ သိလာတယ်။ ဒီနေရာသစ်မှာ လူတွေ ရွှေမဝတ်ကြဘူး။ မြန်မာတွေလို တို့လို့တွဲလောင်းဝတ်တာ ဘာမှမရှိဘူး။ တွေ့ဖူးသမျှကတော့ ရွှေဖြူပါးပါးလေး နဲ့ လက်စွပ်ဖြူလေးနဲ့။ တစ်ချို့မိန်းကလေးငယ်လေးတွေကျ ဟမ်းချိန်းသေးသေးလေးဝတ်တာမျိုး ဒီလောက်ပဲ ဝတ်ကြတယ်။ ဒီတော့ ကျွန်တော်တို့ယူလာတဲ့ ရွှေတွေက ဥစ္စာခြောက်ဖို့ကလွဲရင် ဘာအသုံးကျဦးမှာလဲ? အဲဒါနဲ့ ကျေးဇူးရှိတဲ့အစ်မကို အကူအညီတောင်းပြီး သူ့ဘဏ်က သံသေတ္တာ - Locker ထဲမှာသိမ်းထားဖို့ သွားအပ်ထားရတယ်။ အိမ်မှာထားရင်လည်း လူကြီးတွေကအလုပ်သွား၊ ကလေးတွေကကျောင်းသွား နဲ့ စိတ်ချရပုံလည်း မရှိဘူးဆိုတော့လေ။ ဒါက ရောက်ပြီးမှ ကြုံရတဲ့ ရွှေ ဝတ်မရတဲ့ ဒုက္ခ။

.
.
မလာခင်ကတော့ ကျေးဇူးရှိတဲ့အစ်မလင်မယားကို “ ကမ္ဘာ့ရွှေဈေးကျရင် ဝယ်ပေးပါလားလို့ ” ပြောဖူးတယ်။ တရုတ်တန်းဖက်မှာတော့ ရွှေဆိုင်တွေ အများကြီးရှိတယ်၊ ငါတို့တော့မလုပ်တတ်ဘူး၊ နင်လည်း လာတော့မှာပဲလေ၊ ရောက်မှပဲ နင်ကိုယ်တိုင် လေ့လာကြည့်လို့ပြောလို့ စိတ်လျှော့ခဲ့ရတယ်။ သူတို့ပြောတဲ့မြို့က ရွှေဆိုင်တွေရောက်တဲ့အခါ ဈေးကွက်က မတူတာကို သိလာတယ်။ အဲဒီမြို့က လူမည်းအရမ်းများသလို အနောက်ဖက်ခြမ်းပင်လယ်အော်ဒေသမှာ ထစ်ကနဲ သေနတ်ပစ်ရင် သေချာတယ် .. ဒီနေရာပဲ။ သူ့တရုတ်တန်း ပတ်ပတ်လည်မှာ Victorian House လို့ခေါ်တဲ့ ရှေ့လှေခါးဖွင့် ရှေးဟောင်းအိမ်တွေ အများကြီးရှိတယ်။
.
နောက်ထပ်လူမျိုးတစ်မျိုးက ဗီယက်နမ်တွေ..။ လူမည်းတွေနဲ့အပြိုင် တစ်ချိန်က လက်ကြမ်းဇက်ရမ်းခဲ့လို့ ဟောလီဝုဒ်မင်းသားကြီး ကလင့်အိစဝု ကတောင် ရုပ်ရှင်ရိုက်ဖို့ ကြောရိုးယူခဲ့ရတဲ့ နေရာမျိုးလေ။ အသိတစ်ယောက်က အုတ်ကလံမြို့က တရုတ်ဆိုင်တစ်ဆိုင်မှာ ရွှေချောင်းဝယ်ပြီး ရန်ကုန်ပို့တယ်လို့တော့ ကြားဖူးတယ်။ ဘယ်လို ဘယ်ပုံ လေဆိပ်တွေကို ကျော်ဖြတ်တယ်တော့ ကျွန်တော် ဥာဏ်မမှီတော့ ဆက်ရေးဖို့ မရဲတော့ပါ။ ဒီနေရာမျိုးမှာ ကျွန်တော် ရွှေချောင်းဝယ်ပြီး ဈေးတက်ရင် ပြန်သွားရောင်းဖို့ စိတ်ကူးကို ဘယ်လိုမှ အခန်းမဆက်နိုင်ခဲ့ပါဘူး။
.
ဒီလိုနဲ့ ဒီဘက်နိုင်ငံကိုကြိုပို့ထားတဲ့ ငွေသေတွေလဲ ထန်းလျက်ခဲ တစ်ဖြည်းဖြည်းခွေးလျက်သလို ကုန်နေရင်းက ရွှေဝယ် ရွှေရောင်း အကြောင်း လေ့လာကြည့်မိတယ်။ အမေရိကန်တစ်ချို့ နဲ့ ရွှေစုသူတွေ ဝယ်ကြတဲ့ ရွှေအများစုက အွန်လိုင်း ကပါ။ စက်ဖြတ်ရွှေချောင်း၊ ပုံလောင်းရွှေဒင်္ဂါး နဲ့ အထိမ်းအမှတ်ရွှေပုံဆောင်ခဲ၊ လက်ဝတ်ရတနာ ဆိုပြီး အကြမ်းအားဖြင့် ( ၄ ) မျိုး လောက် မှတ်ထားလို့ရတယ်။ အဲဒါတွေထဲကနေ ထုတ်နှုတ်ပြရရင် ..
.
.
www.apmex.com ( အက်ပ်မက်စ် ဟု ဖတ်ပါသည် )
American Precious Metals Exchange – APMEX စာမျက်နှာက ရွှေချောင်း - Bullion တွေနဲ့ ကမ္ဘာအရပ်ရပ်က ရွှေဒဂါင်္မျိုးစုံရတာ တွေ့ရတယ်။ ရွှေသမား ဝဘ်ဆိုဒ်ထဲမှာ ဈေးအကြီးဆုံးဖြစ်သလို ဆရာကြီး သဘာကြီးနေရာကလူတွေ အရောင်းအဝယ်လုပ်ကြတယ်။ iTune နဲ့ Google Play Store မှာ ဖုန်းနဲ့သုံးဖို့ App တွေ တင်ထားတာ တွေ့ရတယ်။
.
အမေရိကန်က နာမည်ကြီး အမေရိကန်အီးဂဲလ် - American Eagle ၊ လူရိုင်းခေါင်းရွှေဒဂါင်္းပြား - Gold Buffalos ၊ ၁၉၉၃ ခုနှစ်မတိုင်ခင်ကရွှေပြား -  Pre-1993 US Gold စတာတွေ ရှိတယ်။
.
ကနေဒီယမ်ရွှေပြားတွေမှာတော့ နိုင်ငံ့ပုံရိပ်ဖြစ်တဲ့ သကြားရွက် - Maple Leaf က လူကြိုက်အများဆုံးဖြစ်သလို ဈေးအမြင့်ဆုံးပေးရတဲ့ ရွှေဈေးမျိုးပါ။ ကနေဒါတရုတ်တန်းက ကမ္ဘာပေါ်မှာ အကြီးဆုံးပါ။ ဒါကြောင့် တရုတ်လူမျိုးအကြိုက် နှစ်သစ်ကူး - Lunar Gold Coin တွေ ထုတ်ရောင်းတယ်။ အခုနှစ် ( ၂ဝ၁၅ ) ဆိတ်ပုံ ယူမလား? ( ၂ဝ၁၄ ) မြင်းနှစ်အမှတ်တရ ရွှေဝယ်စုမလား? ရွှေထည့်တဲ့ဗူးပါလိုချင်ရင် ( ၁၅ ) ဒေါ်လာထပ်ပေးရင် တစ်ပါတည်းဝယ်လို့ရပါသေးတယ်။ ဒီအုပ်စုထဲကရွှေဒင်္ဂါးတွေ လိုချင်ရင်တော့ Royal Canadian Mint Gold Lunar Coins - RCM Gold Lunar Coins လို့ ရှာရင် တွေ့နိုင်ပါတယ်။
.
မက္ကဆီကိုဟာ တစ်ချိန်က ရွှေကြောပေါ်မှာတည်ထားတဲ့ နိုင်ငံပါ။ စပိန်ကိုလိုနီခေတ်တစ်လျှောက် ရွှေတွေ ကုန်သလောက် ဖြစ်ခဲ့တယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးတဲ့အခါ အောင်မြင်မှုအထိမ်းအမှတ်နဲ့ လွတ်လပ်ရေးနတ်သမီးပုံဟာ နိုင်ငံ့ကိုယ်စားပြုပုံရိပ်ကို မြတ်နိုးကြတယ်။ မြောက်အမေရိကတိုက်မှာတောင် ရှားရှားပါးပါးတွေ့ရတဲ့ မက္ကဆီကိုရွှေဒင်္ဂါးတွေကို APMEX  မှာ ရနိုင်ပါတယ်။ အဲဒီအထိမ်းအမှတ်ရွှေဒဂါင်္းတွေ ဝယ်ချင်ရင်တော့ Libertads ဆိုတဲ့ နာမည်ကို သိထားမှ ဖြစ်ပါလိမ့်မယ်။ ရွှေဒဂါင်္း ရဲ့ ရှေ့မျက်နှာစာမှာ လွတ်လပ်ရေးနတ်သမီးဟာ မီးတောင်နောက်ခံနဲ့ ပျံနေတဲ့ပုံ ဖြစ်ပါတယ်။ နောက်ကျောမှာ သိန်းငှက် က မြွေကို တိုက်ပွဲနိုင်နေတဲ့ပုံကလည်း သူတို့သမိုင်းကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ်။
.
ထုံးစံအတိုင်း သြစတေးလျအထိမ်းအမှတ်ရွှေဒင်္ဂါး ဝယ်ချင်ရင်တော့ သားပိုက်ကောင် ပုံလေးနဲ့ ရမှာပါ။ ရွှေပြား နဲ့ ဝယ်ချင်ရင်တော့ Gold Bar လို့ ခေါ်ပါတယ်။ ရောင်းသူက နာမည်ပေးတာပေါ်မူတည်ပြီး Perth Mint လို့ ခေါ်တာလည်း ရှိပါသေးတယ်။ ဒီလိုအပြားလေးတွေကို ရွှေချိန်အနည်းဆုံး ( ၁ ) ဂရမ် ကနေ ( ၁ဝဝ ) ဂရမ်ချိန်အထိ ရှိသလို အောင်စ နဲ့ဆို ( ၁ဝ ) အောင်စပြားတစ်ပြားကို ဒေါ်လာ ( ၁၂ဝဝဝ ) ကျော် ပေးရမှာပါ။ ရွှေခေတ်တစ်ခေတ်ဆန်းခဲ့တဲ့ ပါ့သ် မြို့ရဲ့ ရွှေတွင်းသမိုင်းကိုယ်စားပြု ဘဲငန်းပုံရွှေပြား ( လေးထောင့်ပြား ) အားလုံးဟာ ရောင်းကတည်းက မှတ်ကျောက်တင်ပြီးသား - ( In Assay ) စာတန်းပါမှ သူတို့အမှတ်တံဆိပ်အဖြစ် စိတ်ချရပါလိမ့်မယ်။ တစ်ခြားအထိမ်းအမှတ်ရွှေဒဂါင်္းတွေလည်း အများကြီးရှိပါတယ်။
.
ဗြိတိန်ဘုရင်မကြီးပါတဲ့ရွှေဒဂါင်္းယူမလား? ဝင်စတန်ချာချီပါတဲ့ပုံယူမလား? ရပါတယ်။
.
တရုတ်နိုင်ငံအထိမ်းအမှတ် ပင်ဒါဝက်ဝံရွှေဒင်္ဂါးတွေဆိုလည်း ဒီမှာ ရှိပါတယ်။ ကျောင်းဆောင်ပုံ နဲ့ အောက်မှာ ခုနှစ်သက္ကရာဇ်ထိုးထားတဲ့ ဒဂါင်္းဝိုင်းတွေလည်း အများအပြားပါပဲ။ နှစ်သစ်ကူးကိုယ်စားပြု အကောင်မျိုးစုံ သူ့နှစ်နဲ့သူ ရွှေဒဂါင်္းတွေလည်း အစုံရပါတယ်။ တရုတ်နိုင်ငံဗဟိုဘဏ်ကိုယ်တိုင်လောင်းထားတဲ့ ချိတ်ပိတ် ပင်ဒါရွှေဒဂါင်္းဆိုရင် ပေါက်ဈေးထက် ပိုပေးရမှာ သေချာပါတယ်။
.
နောက်ထပ်နိုင်ငံတွေထဲမှာ အစ္စရေးရှေးဟောင်း ဗျက်စောင်းတီးရွှေဒဂါင်္း ရှိပါတယ်။
.
 ပြင်သစ်က အီဖယ်မျှော်စင်ရွှေဒင်္ဂါး၊ ကံကောင်းခြင်းနတ်သမီးပြင်သစ်ရွှေဒင်္ဂါး၊ ရွှေကြက်ဖပြင်သစ်ရွှေဒင်္ဂါး တို့ တွေ့ရပါတယ်။
.
နယူးဇီလန်နိုင်ငံကျတော့ သူ့အထိမ်းအမှတ်က ကျွန်းကို ယူထားတာပါ။ Niue ကျွန်း အမှတ်တရအနေနဲ့ နယူးဇီလန်ရွှေဒင်္ဂါးတွေမှာ တွေ့ရပါလိမ့်မယ်။ နိုင်ငံရဲ့ဆွဲဆောင်မှုဖြစ်တဲ့ မစ်တာတောင်ထိပ် - Mitre Peak ဟာ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုဖြစ်သလို ရွှေဒင်္ဂါးပေါ်မှာလည်း ပုံနှိပ်ဖော်ပြကြပါတယ်။ တစ်ခြား နယူးဇီလန်ရွေပြားတွေမှာတော့ ကာတွန်းပညာရှင် ဝေါဒစ်စနေ ရဲ့နာမည်ကျော် ကာတွန်းရုပ်လေးတွေနဲ့မို့လို့ ချစ်စရာပါ။
.
စင်္ကာပူနိုင်ငံကိုယ်စားပြု ခြင်္သေ့ခေါင်းရွှေဒင်္ဂါးမှာတော့ အောက်နားမှာ ခွေးပုံသေးသေးလေး တွေ့ရမှာပါ။ ဒီရွှေဒင်္ဂါးတွေကို ဈေးကွက်ထဲ အစိုးရက ထုတ်ပေးခဲ့တာကို အမှတ်အသားပြုတဲ့အနေနဲ့ တရုတ်နှစ်သစ် ခွေးသတ္တဝါပုံကို မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။ မျောက်နှစ်မှာမွေးသူများအတွက်  Singold Monkey ဆိုပြီး ရှာဝယ်လို့ ရပါသေးတယ်။
.
အက်ပ်မက်စ် စာမျက်နှာရဲ့ နောက်ပိုင်းမှာ စက်ဖြတ် လက်ဝတ်ရတနာတွေပါ ဝယ်လို့ရပါတယ်။ အဲဒီထဲမှာ
.
ရွှေရင်ထိုး - Gold Cuff Links
ရွှေဆွဲသီး - Gold Pendants
ရွှေဆွဲသီးကွင်း - Gold Bar and Coin ( Bezels )
ရွှေဟမ်းချိန်း - Gold Pendant Chains
ရွှေဆွဲကြိုး - Gold Necklace
ရွှေနားဆွဲ၊ ရွှေနားတောင်း - Gold Earring
ရွှေလက်ကောက်ပျော့ - Gold Bracelet
ရွှေလက်စွပ် ( ပလိန်း ) – Gold Ring နဲ့
ရွှေသော့တွဲ - Gold Key Rings ( ကီးချိန်းရှေ့မှာပါတဲ့ ရွှေပြားကို သတ်သတ်ဝယ်ရမှာပါ )  … စ,တာတွေကို အသေးစိတ်ရှာဖွေနိုင်ပါသေးတယ်။
.
.
ရွှေအကြောင်းပြောရင်း ရွှေဒင်္ဂါးအကြောင်းရောက်သွားလို့ လမ်းမလွဲသွားစေလိုပါဘူး။ ရွှေကုမ္ပဏီတွေက အရုပ်ကို အဓိကရောင်းနေတာကိုကြည့်ရင် သိနိုင်ပါတယ်။ထိပ်ဆုံးစဉ်းစားရမှာက ရွှေဝယ်ရတဲ့အကြောင်းရင်းက ငွေပိုလို့ ရွှေဝယ်စုမှာလား? မြန်မာနိုင်ငံကလို ဆင်ယင်ချင်လို့ ဝယ်ဝတ်တာလား? ရွှေကို ကျရင်ဝယ်ထားမယ် တက်ရင်ပြန်ရောင်းမယ်ဆိုပြီး ရင်းနှီးမြှုပ်နှံချင်တာလားပေါ်မူတည်ပြီး အဖြေတွေက မတူနိုင်ပါဘူး။
.
ရွှေဝယ်စုသူများက ဝယ်ပြီးရင် မေ့ထားတဲ့သဘောရှိပါတယ်။ တွေ့ကရာ လှတပတလေးဝယ်လိုက်လို့ စိတ်ကျေနပ်သွားရင် ဇာတ်လမ်းက ပြီးသွားပါပြီ။ ဘာအထိမ်းအမှတ် ညာအထိမ်းအမှတ်အနေနဲ့ ဝယ်သူများရဲ့ ဈေးပိုပေးဝယ်သူများရဲ့ အမြတ်နဲ့ အွန်လိုင်းရွှေကုမ္ပဏီတွေ အသက်ဆက်ကြပါတယ်။
.
.
ဝတ်ချင်သပဆိုရင် ဒီနိုင်ငံမှာက ဟန်ပြလောက်ပဲ ဝယ်ဝတ်ကြတယ်။ မြန်မာအခေါ် ဖင်စီကွင်းလေးတွေ၊ ဆဲကြိုးလေးတွေ၊ စတီးကြိုးလေးတွေ စတဲ့ တန်ဖိုးနည်းပြီး သိပ်မထင်ပေါ်အောင် ဆင်ယင်ကြတယ်။ မြန်မာနိုင်ငံက ရွှေမြန်မာများကတော့ ဒီလိုမဟုတ်ပါဘူး .. နာမည်နဲ့လိုက်အောင် “ ရွှေ မှ ရွှေ ” ဝတ်ချင်ကြတယ်။ ဒီဖက်နိုင်ငံက ရွှေဖုံးထားတဲ့ - Coated တွေ မကြိုက်လို့ မြန်မာနိုင်ငံကနေ တကူးတကမှာပြီး ဝတ်ကြတယ်။
.
အလုပ်ထဲမှာ လစာထုတ်ချက်လက်မှတ် - Paycheck တစ်စောင်ရရင် ဘယ်လောက်ပေးမယ်ဆိုပြီး ချက်ပေး ဝယ်ကြတယ်။ လူကြုံရှိသူများက သယ်လာတာကို ကြားပွဲစားက ငွေစိုက်ရှင်းပြီး အမြတ်တင် ပြန်ရောင်းတယ်။ ပြီးလည်းပြီးရော အားလပ်ရက်ရတော့ ရန်ကုန်ပြန်လည်တဲ့အခါ ကိုယ်ဝယ်ထားတဲ့ရွှေက မတရား ဈေးကြီးနေပါလေရော။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ပွဲစား နဲ့ မလွတ်တဲ့ ဗမာတွေပါ တကား..။
.
.
ရွှေ ဝယ်-ရောင်း လုပ်ဖို့က ရွှေပြား - Gold Bar တွေကို ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာပုံမှပါဖို့မလိုဘူး .. ရွှေစစ်ဖို့လိုတယ်၊ အလေးချိန်မှန်ရမယ်၊ ရောင်းချင်ရင် ပြန်ဝယ်တဲ့ ကုမ္ပဏီမှာ ဝယ်ရမယ်။ ပို့ရင်တော့ အများသူငါပို့တဲ့ စာတိုက်နဲ့ ပို့လာတာမို့လို့ စိတ်နိုင်မှ လုပ်ဖို့ တိုက်တွန်းချင်တယ်။
.
ရွှေခဲ - Nugget မှာတောင် ပုံများရင် ဈေးက ပိုတယ်။ နာမည်ကြီးရင် ဈေးပိုတောင်းတယ်။ ဘယ်လိုပဲနေနေ ကိုယ်ကဝယ်လိုက်ရင် သူက တစ်ခါမြတ်ပြီ၊ ပြန်ရောင်းရင် ဝယ်တဲ့ကုမ္ပဏီကိုပဲ ပြန်ရောင်းရတာမို့လို့ ( ဒါက ပိုစိတ်ချရတယ် ) သွင်းဈေးနဲ့ ပြန်ကောက်ပြန်ရော..။ အဲဒီတော့ အဝယ်ရော အရောင်းရော သူ့စိတ်ကြိုက်ချည်းပဲဆိုတာ သတိထားရမယ်။
.
.
ဒီလိုအရောင်းအဝယ်လုပ်ဖို့ ကိုယ့်ဘဏ်စာရင်းမှာ စာရင်းရှင် - Checking Account ရှိရပါမယ်။ အကြွေးဝယ်ကဒ် - Credit Card နဲ့ ဝယ်ရင် ဈေးအများကြီးပိုတယ်။ ကိုယ့်ငွေကိုယ်ပြန်သုံးတဲ့ Debit Card သုံးရင်လည်း အပိုဆောင်းငွေ - Charge ယူတာပါပဲ။ ချက်လက်မှတ်ပို့ပြီး ဝယ်ရင်တော့ မရတာ မဟုတ်ဘူး .. ရတယ် .. စောင့်ရတယ်။ ချက်က ကုမ္ပဏီဆီမရောက်သေးဘူး ရွှေဈေးပြောင်းနေရင် ရှင်းရမယ့် ကိစ္စတွေ ရှိနိုင်တယ်။
.
အကောင်းဆုံး နဲ့ အမြန်ဆုံးဝယ်နည်းကတော့ နိုင်ငံချင်းဘဏ်ကနေလွှဲတဲ့ Wire စံနစ် ဖြစ်ပါတယ်။ အခု ကိုယ်က ပို့လိုက်ရင် နေ့ချင်း ကုမ္ပဏီဆီ ငွေရောက်တယ်။ ဒါဆို သူတို့လုပ်ကိုင်ဖို့ Processing Time အချိန်ကာလတစ်ခုကိုစောင့်လိုက်ရင် ကိုယ့်ဆီ ပို့ - Ship လာတာ ပိုမြန်တယ်။ နှစ်ကုန်ခါနီးလို့ အခွန်ပြဋ္ဌာန်း - Tax Return လုပ်တဲ့အခါ ရွှေအရောင်းအဝယ်လုပ်လို့ ငွေရှုံးထားရင် အခွန်ကြေငြာခွင့်ရှိပါတယ်။
.
.
ငွေပိုနေလို့ ဘဏ်အပ်ထားရင် ငွေတိုးနည်းနည်းပဲပေးတယ်။ ရွှေဝယ်ထားရင် အရင်းအနှီးကြီးတယ်။ ကုမ္ပဏီတွေက ဝယ်ဈေး နဲ့ ရောင်းဈေး အနည်းဆုံး ဒေါ်လာ ( ၄ဝ ) လောက် ခွာဖြတ်ကြတယ်။ တစ်ကယ်ဝယ်မယ်ဆိုရင်လည်း အပေါ်က ရေးထားတာတွေဖတ်ပြီး “ ရွှေဝယ်မှာလား? အရုပ်ဝယ်မှာလား? ” သေသေချာချာ စဉ်းစားစေချင်တယ်။ ဒီတော့ ကိုယ်ကပဲ ရွှေအရောင်းအဝယ်လုပ်နိုင်မလား .. ရွှေကုမ္ပဏီတွေပဲချမ်းသာကြမလား လွန်ဆွဲပွဲမှာတော့ “ နိုင်ငံခြားမှာ ရွှေကံစမ်းသူတွေဟာ စွန့်စားမှုအပြည့်နဲ့ပါ ”  ဆိုတာ လေ့လာတင်ပြလိုက်ရပါတယ်။
.
koko2yeye@gmail.com
.
" ရွှေလား ငွေလား သေချာစဉ်းစား " စာမူသည် ၂ဝ၁၅ ခုနှစ်၊  စက်တင်ဘာလ ( ၅ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၁ဝဝ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/s7k1eqcz8idw7w1/NetGuide+Vol+3%2C+No.100.pdf






No comments: