ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, June 15, 2014

စိတ်သွားတိုင်းကိုယ်ပါတဲ့ဘဝ

ဆောင်းပါးရှင် - ကလောင်စေတနာ


---- ရဲမင်း နဲ့ ရဲသွေး သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်း မတူညီကြပေမယ့် အမေရိကန်မြေပေါ်မှာ အတူတကွ ခြေချနေထိုင်တာခြင်းတော့တူပါတယ် ၊ ရဲမင်း က နည်းပညာ နဲ့ အင်တာနက်ကို ခုံမင်သူဖြစ်ပြီး ရဲသွေးကတော့ ဒီနိုင်ငံကို မရွှေ့ပြောင်းလာခင် ကားလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့သူပါ ၊ ဒါတင်မကသေးပါ ၊ ရဲမင်း ရဲ့ ကားသစ်ဝယ်တုန်းက ရဲသွေးကို အပါခေါ်ပြီး လိုက်ကြည့်ခိုင်းသေးတယ် ၊ အတူလာ ဆွေမျိုးတွေစီးဖို့ကားတွေကို ရဲသွေး က ဒိုင်ခံဝယ်ပေးခဲ့တယ် ၊ အခုဆောင်းပါးမှာ ကားအကြောင်း သူတို့ ဘယ်လိုဆွေးနွေးကြတယ်ဆိုတာ ရေးပြပါမယ် ။ 



ရဲမင်း ။ ။ ရဲသွေး ရေ ၊ မင်းမလဲ မအားတဲ့ကြားက သူများတွေကားဝယ်သမျှ လိုက်ပေးနေရတာ မပင်ပန်းဘူးလား ။
ရဲသွေး ။  ။ မပင်ပန်းပါဘူး ၊ ဒါက ငါ့ဝါသနာ ပဲလေ ၊ ကားသာကြည့်ရမယ်ဆိုရင် ငါက ထမင်းမေ့ ဟင်းမေ့ ပဲ ။



ရဲမင်း ။  ။ သိပါတယ် ၊ မြန်မာနိုင်ငံမှာကတည်းက ကားလောကမှာ ဆရာကြီးဆိုတော့ ငါက မင်းကို ဆရာတင်ပါတယ် ။
ရဲသွေး ။  ။ ရပါတယ် ၊ သူငယ်ချင်းတွေကိစ္စ ငါ့ကိစ္စ ပဲပေါ့ ၊ ဒီနေ့ ထူးထူးခြားခြား မင်းက စကားစတာ ကားအကြောင်းတွေချည်းဖြစ်နေပါရောလား ။



ရဲမင်း ။  ။ အေးဟုတ်တယ် ၊ အခုကွာ ငါ့သူငယ်ချင်း ဗမာတစ်ယောက်က ကားဝယ်မလို့ မင်းဘယ်က စရှာမလဲ ။
ရဲသွေး ။  ။ အွန်လိုင်းပေါ်က စရှာမယ် ။



ရဲမင်း ။  ။ အွန်လိုင်းဆိုတော့ ဘယ်ဝဘ်ဆိုဒ်တွေမှာ ရှာမလဲ ။
ရဲသွေး ။  ။ Yahoo , Google  နဲ့ Craigslist တို့မှာ ရှာမှာပေါ့ ။




ရဲမင်း ။  ။ အဲဒီထဲမှာ ဗမာတွေနဲ့ကိုက်တာ ဘယ်မှာရှာရမလဲ ။
ရဲသွေး ။  ။ ရာဟူးမှာရှာတာပိုလွယ်တယ်ကွ ၊ သူ့မှာ Auto လို့ရိုက်ချလိုက်တာနဲ့ တင်ထားတဲ့ကားတွေအများကြီးတွေ့ရတယ် ၊ ဈေးနှုန်းသင့်တဲ့ကားတွေလည်းတွေ့နိုင်တယ် ၊ တစ်ချို့တွေ ညစ်ပတ်တာ ၊ ကောင်းတာတွေလည်းရှိတော့ သတိထားရမှာပေါ့ ၊ ဒီတစ်ဝိုက်က ကားပြခန်း - Dealer မှာ ကားသွားကြည့်ဖူးတယ် ၊ တစ်ချို့က တအားကောင်းတာပဲဆိုပြီး ရေးထားတယ် ၊ တကယ်လိုက်ကြည့်တော့ကားက မကောင်းဘူး ၊ ဒါကို သတိထားရမှာပေါ့ ။


ရဲမင်း ။  ။ ဘာကိုဆိုလိုတာလဲ ၊ ဝဘ်ဆိုဒ်ထဲမှာကြည့်တော့ အပြစ်မတွေ့ဘူး ၊ အပြင်မှာလက်တွေ့ကြည့်မှ တွေ့တယ်လို့ပြောတာလား ။
ရဲသွေး ။  ။ ဟုတ်တယ် ၊ တချို့ဆိုရင် ကားက အရမ်းကောင်းတယ်လို့ပြောပေမယ့် သူ့မိုင်းလစ် - Milage မဖော်ပြထားဘူး ၊ မိုင်းလစ်မရေးထားရင်တော့ သတိထားရမယ် ၊ ငါစီးနေတဲ့ကားဆို ရှေ့ပါးခြမ်း ဆေးပြန်သုတ်ထားတာကို ပြောမပြထားဘူး ၊ ဒါကို ငါကသိတယ် ၊ သိလျက်သားနဲ့ဝယ်တာ ၊ ဘာလို့လဲဆိုတော့ ကားရဲ့အတွင်း Condition ကြည့်မယ် ၊ ထိုင်ခုံကြည့်မယ် ၊ ဒရိုင်ဘာခုံကြည့်မယ် ၊ နောက်တစ်ခါ အချက်ပြ - Signal လက်ရာတွေကြည့်မယ် ၊ အော်တိုမက်တစ် ဂီယာတံ က လက်ရာကို ကြည့်ပြီး အသုံးများမများ ကြည့်လို့ရတယ် ၊ နောက်ထပ် ဘေးက ပါဆင်ဂျယ် ထိုင်ခုံကြည့်မယ် ၊ နောက်က ထိုင်ခုံကြည့်မယ် ။


ရဲမင်း ။  ။ ဒါဆိုရင် ငါ မင်းကို အပိုင်းခွဲပြီးမေးကြည့်မယ် ၊ အတွင်းခန်းကို ဘယ်လိုစ, စစ်မလဲ ၊ ပြောပါဦး ။
ရဲသွေး ။  ။ ကားတံခါးကို ဖွင့်လိုက်တာနဲ့ ဂျပန် ရာဘာအနံ့ ဟုတ်မဟုတ် စမ်းလို့ရတယ် ၊ ဒိုင်ခွက်သန့်မသန့်ကြည့်ရမယ် ၊ RPM တက်မတက် စစ်ရမယ် ၊ မိုင်းလစ်မှန်မှန် စစ်ရမယ် ၊ မောင်းလိုက်လို့ မိုင်းလစ်အမှန်အကန် ဟုတ်မဟုတ်ကို စစ်လို့ရတယ် ၊ ကားအသစ်ကို ကီလို ( ၃ဝဝဝဝ ) မောင်းထားတယ်ဆိုရင် တာယာက အသင့်တင့်ရှိနေရဦးမယ် ၊ တာယာကုန်ခါနီးမို့လို့ ရောင်းတာလား ၊ ဒီလိုကားမျိုးဆို အများအားဖြင့် ကောင်းနိုင်တယ်ပေါ့နော် ။


ရဲမင်း ။  ။ ဒါကတော့ မိုင်းလစ်အကြောင်းပေါ့နော် ၊ နောက် အတွင်းပိုင်း - Interior Decoration အကြောင်း ဘာစစ်ရဦးမှာလဲ ။
ရဲသွေး ။  ။ ဒက်စဘုတ် - Dashboard ပတ်လည်ကိုပြောရရင် ဒီကားက မှန်ခွဲခံထားရလားဆိုတာ ကြည့်ရမယ် ။


ရဲမင်း ။  ။ ဟေ .. လုပ်စမ်းပါဦး ၊ မှန်ခွဲ မခွဲထားကို ဘယ်လိုကြည့်ရမှာလဲ ။
ရဲသွေး ။  ။ ကားရဲ့နဂိုအနေအထားအရ မှန်တွေပေါ်မှာ တိုယိုတာ ၊ နီဆန်း စသဖြင့်တံဆိပ်တွေရှိတယ် ၊ မှန်ဟိုဘက် ဒီဘက် ကာလာဟုတ်မဟုတ်စစ်ပြီး လက်နဲ့ကိုင်ကြည့်ရမယ် ၊ စက္ကူဖြူလေးခံပြီး အရောင်ကာလာဟုတ်မဟုတ် စစ်လို့ရတယ် ။


ရဲမင်း ။  ။ အင်း ဆက်စမ်းပါဦး ။
ရဲသွေး ။  ။ နောက်တစ်ချက်က တံခါးအဖွင့်အပိတ်ကိုကြည့်မယ် ၊ အများအားဖြင့် တံခါးဂျက် နေရာမှာ တအားစားနေတာရှိတယ် ၊ လူထိုင်တဲ့ဘက်က တံခါးဂျက် အလွန်စားနေရင်တော့ ဒီကားက အသုံးများထားတယ်လို့ ယူဆရမယ်ဆိုရင် ဒီကားမျိုးကို သိပ်မကြိုက်ဘူးပေါ့နော် ၊ ထိုင်ခုံကူရှင် ကို ကြည့်လို့ နည်းနည်းပါးပါးနွမ်းတယ်ပေါ့နော် မတရားကြီးမနွမ်းဘူးဆိုရင်တော့ ဒီကားက သန့်တယ်ပေါ့ ၊ ကားထဲက အနံ့ နဲ့လည်းဆိုင်တယ် ၊ ကူရှင် အနံ့ပေါ့နော် ၊ အဲဒါတွေနဲ့လည်းဆိုင်တယ် ။


ရဲမင်း ။  ။ နောက်ထပ်ရော သူငယ်ချင်း .. ။
ရဲသွေး ။  ။ ဒီနိုင်ငံကကားတွေက အတွင်းခန်းကို ရှင်းပေးထားတာများတယ် ၊ ရှမွိုင်းအောက်မှာ ပလပ်စတစ် ခင်းထားပေးမယ် ၊ သန့်သန့်ရှင်းရှင်း အမြင်ကောင်းအောင်လုပ်ထားပေးမယ် ၊ အဲဒီတစ်ချက် သတိထားရမယ် ။


ရဲမင်း ။  ။ သတိထားရမယ်ဆိုတော့ အဲဒါက သန့်နေတာက ကောင်းတာလား ၊ ညစ်ပတ်နေတာက ကောင်းတာလား ။
ရဲသွေး ။  ။ ညစ်ပတ်နေတာကို ကောင်းတယ်လို့ပြောတာမဟုတ်ဘူး ၊ ဒရိုင်ဘာမောင်းတဲ့ဘက်က ညစ်ပတ်ပြီး ကျန်တဲ့ ထိုင်ခုံ ( ၃ ) နေရာအောက်မှာ တအားသန့်နေတယ်ဆိုရင် ဒ်ီကား ကွန်ဒစ်ရှင် ကောင်းတယ်လို့တွက်လို့ရတယ် ၊ ခုံအားလုံး ညစ်ပတ်နေတယ်ဆိုရင်တော့ ဒီကားက သိပ်မသန့်နိုင်ဘူးပေါ့ကွာ ။


ရဲမင်း ။  ။ နောက်ထပ်စစ်လို့ရမယ့် အချက်တွေလည်း ပြောပါဦး ။
ရဲသွေး ။  ။ ကားအသုံးများထား မထားဆိုတာကို ကြည့်ရမယ်လေကွာ ၊ တစ်ချို့က ကားအသစ် မက်လို့ရောင်းသလား ၊ မိုင်းလစ် ( ၁ဝဝဝဝဝ ) ကျော်နေလို့ပဲ ရောင်းသလား ၊ မိုင်းလစ် ( ၈ဝဝဝဝ ) နဲ့ ( ၉ဝဝဝဝ ) မှာ ရောင်းသလား ၊ တစ်ချို့ကျတော့ တာယာလဲ ရမှာ ကြောက်လို့ရောင်းသလား ၊ တိုင်ပင်ခါးပတ်ကြိုး - Timing Belt လဲရမှာစိုးလို့ ရောင်းသလား ၊ အဲဒါတွေကို သတိထားရမယ် ။


ရဲမင်း ။  ။ ကဲဟုတ်ပြီ ဒါဆို ငါတို့ အတွင်းခန်းကနေ အင်ဂျင်ခန်းဘက် ဆက်ပြောလို့ရပြီလား ။
ရဲသွေး ။  ။ ရပြီ ၊ ဘောနက် - Hook ကို ဖွင့်လိုက်တာနဲ့ ဒီလာ က ကားဆိုရင် သန့်ရှင်းရေးလုပ်ထားတာများတယ် ၊ မီးခွက်ထောင့်က တန်းလေးတွေမှာ အကြော ရှိမရှိ ကြည့်လို့ရတယ် ၊ ဒီနိုင်ငံမှာ ကားက သိပ်အဖိုးမတန်တော့ ထိမိ ခိုက်မိရင်လည်း အာမခံကုမ္ပဏီက ထိတဲ့နေရာကို အစားထိုးလဲလိုက်တာမှာ ထုထား ပတ်တီးရိုက်ထားတာ သိပ်မရှိဘူး ၊ မြန်မာနိုင်ငံမှာဆိုရင်တော့ ဒါမျိုးကားကို သန့်အောင်မတရားလုပ်ထားတာ ၊ သနပ်ခါးကို မတရားလူးထားတာ ၊ ဒါပေမယ့် ကားက ချောချင်မှချောတာ ၊ ဒီနိုင်ငံမှကျတော့ ကားက ညစ်ပတ်ကောင်း ညစ်ပတ်နေပေမယ့် ကားကောင်းမကောင်းမှန်းလို့ရတာပေါ့ ။


ရဲမင်း ။  ။ နောက်တစ်ခု ငါတို့ ကားအပြင် သွင်ပြင်ကို ဘယ်လိုကြည့်မလဲ ။
ရဲသွေး ။  ။ ကားကို ဘေးတိုက် စကြည့်မယ် ၊ အပေါ်အောက်ကြည့်မယ် ၊ ခေါက်ကြည့်မယ် ၊ ရန်ကုန်ပုံစံမျိုးစစ်ရတာ ခပ်ဆင်ဆင်ပါပဲ ၊ ဒီမှာကတော့ ပတ်တီးသိပ်မလုပ်လောက်ပါဘူး ၊ ခေါင်မိုးချော မချောလည်း ကြည့်ရမယ် ၊ အဓိက တာယာကြည့်ရမှာ ၊ တာယာက မက်ခ်ျလင် - Machelin အကောင်းဆုံးပဲ ၊ ဒုတိယ က ဘရစ်စတုံး - Bridgestone ။


ရဲမင်း ။  ။ မက်ခ်ျလင် ကောင်းတယ်လို့ ဘာလို့ပြောနိုင်တာလဲ ။
ရဲသွေး ။  ။ ငါတို့သွားဝယ်တဲ့ကားလေး မင်းမှတ်မိလား ၊ ဘေးနားမှာ “ တဒုတ်ဒုတ် “  အသံမြည်နေတာလေ ၊ ငါ က အလိုင်းမင်းချိန် ဟိုဟာချိန် ဒီဟာချိန် ဘယ်လိုလုပ်လုပ် မရဘူး ၊ အဲဒါ မြန်မာကားပြင်ဆရာ စတီဗင် ဆီရောက်သွားတော့ သူက တစ်ခွန်းပဲ ပြောတယ် ၊ “ ခင်များကား တာယာလဲလိုက် ကောင်းသွားမယ် ” တဲ့ ၊ အဲဒီလိုကြားတော့ ငါက အစ မယုံဘူး ၊ သူက သေချာလည်းမကြည့် မစစ်ဆေးပဲ ပြောတယ်ပေါ့ ၊ နောက်တော့ ဘယ်ဟုတ်မလဲ ၊ တာယာလဲလိုက်တာ ဟား - အခု တကယ့်ရှယ်ဖြစ်သွားပြီ ၊ အခု ငါ့ကားထဲမှာ ဒီတစ်စီး လုံးဝ အငြိမ်ဆုံးပဲ ၊ ဘယ်လည်း မစောင်းဘူး ၊ ညာလည်း မစောင်းဘူး ။ သူက မက်ခ်ျလင် ထည့်လို့တော့မပြောပါဘူး ၊ တရုတ်တာယာ မထည့်နဲ့တဲ့ ။ ပြီးတော့ မက်ခ်ျလင် က တာယာတွင်းက ဝါယာ ကို အာမခံ မိုင်းလစ် ( ၅ဝဝဝဝ / ၆ဝဝဝဝ ) ပေးထားတယ် ၊ နောက် မိုင်းလစ် ( ၇၅ဝဝ ) ပြည့်တိုင်း ဝယ်တဲ့ဆိုင်မှာ တာယာလှည့် - Rotate လုပ်ပေးတယ် ၊ ကားဘီးပေါက်တိုင်းလည်း  ဆိုင်က ဖါပေးတယ် ။ ဈေးတော့ နည်းနည်းပိုပေမယ့် စိတ်ချမ်းသာတယ် ၊ သူတို့ဈေးလျှော့ - Discount ပေးတဲ့အခါ သက်သာပါတယ် ။ နောက်တစ်စီးက ဘရစ်စတုံး တပ်ထားတာ ၊ သူ့မောင်းရင် တဝူးဝူး နဲ့ လေယျာဉ်မောင်းရသလို အသံထွက်နေလို့ ။


ရဲမင်း ။  ။ ကဲ ခြုံပြီးပြောရရင် မြန်မာတစ်ယောက် အမေရိကားမှာ ကားဝယ်မယ်ဆိုပါတော့ ၊ ဝယ်မယ့်သူကလည်း ရန်ကုန်အတွေ့အကြုံရှိတယ် ၊ အဲဒါဆို မြန်မာနိုင်ငံ မှာ ဝယ်တာနဲ့ အမေရိကားမှာဝယ်တဲ့ Used Car ဘယ်လိုကွာမလဲ ။
ရဲသွေး ။  ။ မြန်မာပြည်မှာ လူလိမ် လူကောက်ပေါတယ် ၊ ပိန်ရှုံ့တာကို ပတ်တီးရိုက်ပြီးရောင်းတာများတယ် ၊ ဒီနိုင်ငံမှာ အသစ်လဲတာများတော့ ပတ်တီးပိုင်းဆိုင်ရာ သိပ်မရှိဘူး ၊ တာယာပိုင်းဆိုင်ရာ ကြည့်ရမယ် ၊ ရောင်းတဲ့လူမျိုးခြားကိုကြည့်ရမယ် ၊ မြေထဲပင်လယ် နဲ့ အာရှတိုက်သားတွေရောင်းရင် ဂရုစိုက်ရမယ် ၊ ဘို ဆိုရင် ကောင်းတာများတယ် ၊ အားလုံးတော့မဆိုလိုပါဘူး ၊ ရောင်းသူရဲ့အလုပ်အကိုင်ကိုလည်း လေ့လာသင့်တယ် ၊ အလုပ်ကြမ်းသမားလား ၊ အလုပ်အကိုင်ကောင်းသူလား ၊ ရောင်းသူက စည်းကမ်းကောင်းလား ၊ ကားပြင်မှတ်တမ်းရေးထားသူဆိုရင် ပိုစိတ်ချရတယ် ၊ History ပေါ့ ၊ တစ်ချို့         ဆို ကားသမိုင်း ကို အကုန်ဖျောက်ထားတယ် ။


ရဲမင်း ။  ။ ကားဝယ်ပြီးရင် နာမည်တန်းပြောင်းရတယ်လို့ကြားဖူးတယ် ၊ မပြောင်းပဲ မောင်းနေရင် မရဘူးလား ။
ရဲသွေး ။  ။ နာမည်မပြောင်းပဲ ကားဝယ်ရင် အာမခံ မရဘူး ၊ အလုံးစုံအာမခံ - Comprehensive ဝယ်လို့မရဘူး ၊ နာမည်မပြောင်းပဲ သူများကားထဲ ကိုယ့်နာမည် သွားထည့်ထားလို့မရဘူး ။


ရဲမင်း ။  ။ ငါ ကားဝယ်တယ်ဆိုပါတော့ ၊ ငါ့ကားကို အာမခံမဝင်ထားတဲ့ ငါ့သူငယ်ချင်းကိုပေးမောင်းရင် ဘယ်လိုဖြစ်မလဲ ။
ရဲသွေး ။  ။ ဖြစ်ပြီဆိုရင် မင်း အာမခံ - Insurance က လျော်ရမှာ ။


ရဲမင်း ။  ။ ကားငှားပြီး မောင်းရင်ကော ကုမ္ပဏီကရောင်းပေးတဲ့ ခရီးသွားအာမခံ ကို ဝယ်သင့်သလား ။
ရဲသွေး ။  ။ ဝယ်သင့်တာပေါ့ ၊ ဖြစ်ရင် ကိုယ်နဲ့မဆိုင်ဘူး ၊ ကုမ္ပဏီအာမခံက ရှင်းသွားလိမ့်မယ် ၊ အာမခံကြေးပေးရလှ ဒေါ်လာ ( ၅ဝ ) ကနေ ( ၁ဝဝ ) ကျော်ပေါ့ ၊ ဝယ်ကို ဝယ်ရမယ် ။


ရဲမင်း ။  ။ ဥပမာကွာ ၊ ငါက Rent A Car ကနေ ကားငှားမယ် ၊ အာမခံလည်းဝယ်တယ် ၊ ငါ့မှာလည်း ငါ့ကိုယ်ပိုင် အာမခံရှိတယ် ၊ ဆန်ဖရန် ကနေ LA သွားတယ်ပေါ့ကွာ ၊ လမ်းမှာ ငါကမှားပြီး သူများကား ( အမှန် ) ကိုတိုက်မိရင် ဘယ်လိုလုပ်မလဲ ။
ရဲသွေး ။  ။ ကားငှားကုမ္ပဏီက ငွေရှင်းပြေစာမှာ အာမခံဝယ်ထားတယ်ဆိုတာ ရေးထားတယ် ၊ ဖြစ်ရင် အဲဒါပြလိုက်ရင် ရပြီ ၊ ငွေရှင်းကတည်းက အာမခံအားလုံးပြည့်စုံပြီဆိုမှ မင်းကို ကားပေးလိုက်မှာ ။


ရဲမင်း ။  ။ နောက်ဆုံးမေးခွန်းကွာ ၊ အခု ပွင်းလင်းမြန်မာနိုင်ငံကနေ အမေရိကားကို အစည်းအဝေးတက်တာတို့ Seminar လာတက်သူတွေရောက်လာရင် အိမ်ရှင်က ဧည့်သည်ကိုလိုက်ပို့တဲ့အခါ မြန်မာနိုင်ငံကလူက အမေရိကားလိုင်စင်လည်းမရှိဘူး ၊ တက်မောင်းကြည့်မယ်ကွာဆိုပြီး တက်မောင်းမယ် ၊ တိုက်မိသွားတယ်ဆိုရင် ဘယ်လိုရှင်းမလဲ ။
ရဲသွေး ။  ။ ဖြစ်သွားရင် ပေးမောင်းသူရဲ့အပြစ်ပဲ ၊ အရမ်းအပြစ်ကြီးတယ် ၊ မင်းရဲ့ကားကို တက်မောင်းလို့ဖြစ်သွားရင် မင်းဝယ်ထားတဲ့ အာမခံကုမ္ပဏီက မင်းမောင်းတာမဟုတ်ရင် မလျော်ဘူး ၊ ငှားတဲ့ကားကို ဧည့်သည်တက်မောင်းလို့တိုက်မိရင်လည်း မင်းနာမယ်နဲ့ငှားသွားတာ - မောင်းသူစာရင်း - List of Drivers မှာ မပါသူ တက်မောင်းလို့ဖြစ်သမျှကို ရှင်းပေးမှာမဟုတ်ဘူး ၊ လိုင်စင်မရှိသူ ၊ အာမခံ - Insured မလုပ်ထားသူကို လုံးဝ ပေးမမောင်းသင့်ဘူးကွာ ။


ရဲမင်း ။  ။ ကျေးဇူးကွာ ၊ မင်းရှင်းပြလို့ ငါအတော်လေး နားလည်သွားပါပြီ ၊ နောက်မှ ကားဘယ်လိုပြင်ရမလဲ   ဆိုတာ ထပ်မေးရဦးမယ် ။
ရဲသွေး ။  ။ ရပါတယ် ၊ အချင်းချင်းတွေပဲ ကူညီရမှာပေါ့ ။

koko2yeye@gmail.com


No comments: