ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, February 19, 2015

မလိုက်ဖက်တဲ့ နှစ်ပါးသွားတွေ ( တိုးနီ ဆက်ပြောသည် ) ၂။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကိုညီညီ။          ။ တိုးနီအနေနဲ့ ထူးခြားတဲ့အတွေ့အကြုံလေးတွေ ပြောဖို့ကျန်တာရှိရင် မျှဝေပေးပါဦး။
.
တိုးနီ။          ။ ပြောရမယ်ဆိုရင်တော့ ရေချိုးပုံ နဲ့ ရေချိုးတဲ့အချိန်မြင်ရတာတွေပဲ။
.
.
ကိုညီညီ။          ။ စိတ်ဝင်စားလာပြီ၊ ရှင်းပါဦး။
.
တိုးနီ။          ။ ရေချိုးတာက ကိုယ်လုံးတီး ချိုးရတာဗျ။ ရေချိုးခန်းဆိုပေမယ့် အကန့်ကန့်ပေးမထားဘူး။ ဘာလို့လည်းဆိုတော့ အဲဒီအကန့်နောက်ကွယ်မှာ တစ်ခုခုလုပ်လို့ ရတာကိုး။ ဥပမာဆို ဘိန်းထိုးတာတို့ ဘာတို့လုပ်လို့ရတယ်လေ။
.
.
ကိုညီညီ။          ။ အကန့်မပေးထားဘူးဆိုတော့ ဘာမှကို မကာပေးထားဘူးလား?
.
တိုးနီ။          ။ ဒီနိုင်ငံက ဘိုထိုင်အိမ်သာတွေမှာ ကာထားသလောက်ပဲ။ အောက်ကလွတ်၊ အထက်မြင်၊ ခါးပိုင်းသာ ကာပေးထားတဲ့ ရေစိုခံအပြားလေးပဲ ကာထားပေးတာ။ ရေချိုးပြီဆို ဟိုဘက်လှည့်လိုက်တာနဲ့ ဟိုဖက် ဒီဖက် အကုန်မြင်နေရတယ်။
.
တစ်ခြားလူ ရေချိုးရင် သွားမကြည့်မိဘူး။ ကြည့်ကို မကြည့်ရဲဘူး။ ကြည့်လို့ရှိရင် သူတို့စိတ်ထဲမှာ တစ်မျိုးမြင်သွားမှာလေ။ ကိုယ့်ဟာကိုယ် ဒီဖက်လှည့်ပြီးပဲ ချိုးလိုက်တယ်။ တစ်ချို့ကျတော့ ရေချိုးနေတုန်း ဇာတ်လမ်းရှာချင်ကြတယ်။ ဒါကလည်း ပဲစားအချင်းချင်းပါ။ တရုတ်တွေကိုတော့ လာလုပ်လို့မရဘူး။
.
တရုတ်တွေက ရေချိုးရင် ( ၃၊ ၄ ) ယောက်လောက် အတူတူချိုးတာ။ မြန်မာတွေကတော့ မကြောက်ကြပါဘူး။ တစ်ခါတစ်လေလည်း တစ်ယောက်ထဲချိုးတာ ရှိတယ်။ သူတို့ချင်းတော့ အရမ်းကြီးတော့လည်း လုပ်လို့မရပါဘူး။

Tuesday, February 17, 2015

ကျွန်တော်ပြန်လာမှာပါ အမေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော်လူမှန်းသိတတ်စ အဖေ နဲ့ အမေက နောင်ဂျိန်တီးနေကျ။ အခု ဒီရောက်မှ မဟုတ်ဘူး .. မြန်မာနိုင်ငံမှာကတည်းက တကျက်ကျက်နဲ့ ရိုးနေပြီ။ အဖေကတစ်မျိုး အမေကလည်း နောက်တစ်မျိုး။ အမေက တစ်ခုခုဆို ပါးစပ်ကနေ ချိုချိုသာသာမပြောဘူး လက်နဲ့ပြောတာ ကြောက်စရာကြီး။
.
မှတ်မိသေးတယ် .. ( ၄၊ ၅ ) နှစ်သားလောက်က ဖြစ်လိမ့်မယ်။ ရိုက်တာမခံနိုင်လို့ ထွက်ပြေးတာ နောက်ကနေ ကြက်မွှေးတစ်ချောင်းနဲ့ အမေ ကပ်လိုက်လာတယ်။ အိမ်ရှေ့ကနေ ဆင်းလိုက်ရုံရှိသေး ကားလမ်းပေါ် ကျွန်တော် တန်းရောက်သွားတယ်။ အမေက ချော့တယ်။ ဒါပေမယ့် အမေ့ကို ကျွန်တော်ကြောက်တယ်။ အမေ ရိုက်မှာကိုကြောက်တယ်။ အမေ ကတိမတည်မှာကို ပိုကြောက်တယ်။ ရိုက်တာကို ကျွန်တော် အမုန်းဆုံးပဲ။
.
အမေ့ကို ကတိတောင်းတယ် “ တုတ် နဲ့ မရိုက်ရင် ပြန်လိုက်မယ် ” လို့..။ ဘယ်ရလိမ့်မလဲ အမေ့နားက ဒီကတိ..။ နားရွက်သာ အဆွဲခံလိုက်ရတယ်။ အိမ်ပေါ် ပြန်ရောက်သွားတယ်။ တစ်ကယ် တုတ်နဲ့ ထပ်ရိုက်ရင် ကျွန်တော် ထပ်ထွက်ပြေးဦးမှာ။ နောက်ပိုင်း မပေးတဲ့ကတိပြည့်တယ်လို့ ဆိုရမလား .. ကျွန်တော် အရိုက်မခံရတော့ဘူး။ အမေ ဘယ်လိုဖြစ်သွားတာလဲ?
.
.
နိုင်ငံတစ်ခုပြောင်းလာတဲ့အခါ အရာရာဟာ ကျွန်တော့ကို ခပ်လှမ်းလှမ်းက လက်ယပ် စိမ်ခေါ်နေတယ်။ စကားအရာမှာရော၊ အင်္ဂလိပ်စာရော၊ လူမှုဆက်ဆံရေးမှာရော၊ သူငယ်ချင်းတွေဆို ပိုဆိုး .. အားလုံးအသစ်တွေချည်းပဲ။ အထူးသဖြင့် အမေရိကန်မှာဆိုတော့ အားလုံး အထူးအဆန်းချည်းပဲ။ မပြောင်းမလဲ ကျန်နေတာက အဖေ နဲ့ အမေတို့ရဲ့ စရိုက်တွေ။ အဖေက သောက်တယ်။ အမေက ဆူတယ် .. ဒါပေမယ့် အမြည်းချက်ပေးတယ်။ ကျွန်တော်က ဘေးကနေ အသားကြော်တွေ ထိုင်စားတယ်။

ညှိခဲ့တဲ့အချစ်တွေ ကလေးနှစ်ယောက်သက်သေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လမ်းမပေါ်ပြေးထွက်သွားတဲ့သားနောက်ကို ကြက်တောင်မွှေးတစ်ချောင်းနဲ့ ကျွန်မ လိုက်သွားမိတယ်။ အရင်လည်း သူ့ကို ဒီလိုရိုက်နေကျပဲ .. အခုကျမှ ဘယ်လိုဖြစ်နေတာလဲ? 
.
“ ပြန်လာခဲ့စမ်း ” ကျွန်မ လှမ်းအော်လိုက်တယ်။
.
“ မာမား ရတယ် .. သားပြန်မလာတော့ဘူး ” သားက လှည့်အော်ရင်း ဆက်ပြေးတယ်။
.
“ သား အရိုက်မခံရအောင်နေရင် မရိုက်ပါဘူး ” လို့ ကျွန်မ ဂရုဏာသံနဲ့ ချော့ပြောတယ် .. မရဘူး ဆက်ပြေးနေတယ်။ ဒါနဲ့ ကျွန်မလည်း မှီအောင်ပြေးလိုက်သွားတယ်။ စိတ်ထဲက ငိုကလည်း ငိုချင် ဒေါသလည်းထွက်နဲ့ ကလေးကို နားရွက်ဆွဲပြီး အိမ်ပြန်ခေါ်လာတယ်။ လက်ထဲမှာ ကလေးက မရုန်းတော့ဘူး။ ရှိုက်ဝင် ရှိုက်ထွက် ငိုသံလေးဟာ ကျွန်မဆီကလာတာလား?  ကလေးဆီကလာတာလား? ကျွန်မ မမှတ်မိတော့ပါဘူး။
.
.
အဲဒီကတည်းက ဒီနေ့ဒီအချိန်အထိ သားကို ကျွန်မ မာမာထန်ထန် မပြောတော့ဘူး။ “ ငါ့သားက ရိုက်တာ မကြိုက်တဲ့ ကလေးပါလား ” ဆိုတာ သိလိုက်တဲ့အချိန် ကလေးတောင် ( ၄ ) နှစ်သား ရောက်နေပြီ။ အင်း .. ဘယ်နှစ်နှစ် ဘယ်နှစ်လဆက်တိုက် ကလေးကို ရိုက်လာပါလိမ့်? ဆူးဆူးပြီး အတွေးနစ်နေတဲ့ မိခင်ရဲ့ ဗလောင်ဆူနေတဲ့ခံစားချက်ရင်ခွင်မျိုးဆိုတာ ကျွန်မ ခံစားလို့ ရလိုက်တယ်။

Sunday, February 15, 2015

မူးယစ်ဆေးဝါးကိုမှ ထပ်တုကြသတဲ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လူသားတွေကို ရောဂါကုတဲ့ဆေးထက် မူးယစ်ဆေးဝါးတွေက ဈေးပိုကောင်းတတ်ပါတယ်။ တစ်ခုသတိထားရမှာက ဈေးပေါတဲ့ မူးယစ်ဆေးဝါးက လူတွေကို ဒုက္ခပေးနိုင်စွမ်း ပိုကြီးမားနေတာပါ။ ဒီ့ထက်ပိုဆိုးတာက မူးယစ်ဆေးဝါးကိုမှ အတုထပ်လုပ်ကြတာပါ။
.
လူတွေရဲ့ ကိုယ်ချင်းစာတရားတွေက ဘယ်ရောက်ကုန်ကြပြီလဲ လို့ မမေးပါနဲ့။ မသမာစီးပွား နဲ့ ဆေးဝါးကုန်ကူးသူတွေဟာ ငွေရဖို့ နဲ့ မိမိရဲ့ ဆေးစွဲသက်ဆိုးရှည်ရေးကိုသာ အာရုံစိုက်ပါတယ်။ အနာဂါတ်ကို အရှည်သဖြင့်တွေးဖို့ ဝေလားဝေး .. တစ်လစာ၊ တစ်ပတ်စာ ထက်စာရင် တစ်မနက် တစ်ရက်စာကိုပဲ ကြည့်ပါတယ်။ ဒါတောင် ဆေးအစွမ်းပြလို့ မဟုတ်တရုတ်နတ်ပြည်တက်တုန်း ခဏပါ။ ဆေးဓါတ်ကုန်လို့ အာခေါင်ခြောက်ပြီဆိုရင် ဘီလူးဇာတ်ရုပ်လုံးပေါ်လာပြီး နောက်ထပ် တစ်ပွဲဆင်နွှဲရအောင် နည်းလမ်းရှာပါတော့တယ်။ ဒီကနေမှ ရာဇဝတ်မှုတွေ၊ လုယက်မှုတွေ၊ မှုခင်းတွေဆိုတာလည်း အမေရိကန်ရုပ်သံတွေပေါ်မှာ မမြင်ချင်မှအဆုံးပါပဲ။
.
.
ဆေးဝါးတွေကိုနောက်ကြောင်းပြန်ကောက်ရရင် ခေတ်သစ် WY ရာဘ ဆေးဟာ သုံးစွဲသူတွေရဲ့ ယဉ်ကျေးမှုတစ်ခုကို ပြောင်းလဲခဲ့တယ်။ အစက ဘိန်းတို့ ဆေးခြောက်တို့ဆိုတာ သုံးစွဲပြီးရင် လူတွေဟာ မှိန်းမောအိပ်ပြီး ဇိမ်ခံနေချင်တတ်တဲ့ အတန်းအစားမျိုးထဲကပါ။ နောက်ပိုင်း ရွှေတြိဂံနယ်မြေတစ်ဝိုက်က ချယ်လှယ်ချက်လုပ်လာတဲ့ မက်တာဖက်တာမင်းအုပ်စုဝင်ဆေးဝါးတွေဟာ ပြောင်းရွှေ့လာသူ တရားမဝင်လုပ်သားတွေအပေါ်မှာ စမ်းသပ်ကြည့်ရင်း ဈေးကွက်ကြီးလာခဲ့တယ်။ အဓိက ဆေးဝါးစမ်းသပ်ရာနေရာကတော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက် ဈေးကွက်ကြီးပဲဖြစ်ပါတယ်။
.
အစကတော့ မူးယစ် ဆို ဆိုတဲ့အတိုင်း မူးပြီးရင် ရစ်နေတာမျိုး မဟုတ်လား။ နောက်ပိုင်း မက် - Meth လို ဆေးမျိုးကျတော့ သောက်လေ လန်းလေ အိုခေမှာ စိုပြေတယ်ဆိုတော့ အစပိုင်းမှာ အန္တရာယ်မရှိဘူးလို့ အထင်သေးရာကနေ ပြသနာက ကြီးလာတော့တာပါပဲ။ အဲဒီခေတ်ကိုမှီတဲ့ လူကြီးတွေရဲ့အဆိုအရ မက် ပေါ်လာတဲ့အချိန်မှာ ဘိန်းဖြူပေါက်ဈေးဟာ သိသိသာသာကျဆင်းသွားတယ်။ ဒါနဲ့ လုပ်စားနေသူတွေလည်း နောက်ပိုင်းဆေးဝါးသစ်တွေကို ကုန်ကူးဖို့ ဈေးကွက်သစ်ရှာဖွေဖို့ ဖြစ်လာခဲ့ရတယ်။
.
ဘိန်းဖြူဟာ အနောက်နိုင်ငံကို ထွင်းဖောက်ဖို့ခက်လာတဲ့အခါ မက် အုပ်စုက အိမ်ကြိုအိမ်ကြားက ကားဂိုဒေါင်တွေမှာ နေရာယူလာကြတယ်။ အခေါ်အဝေါ်အမျိုးမျိုးပြောင်းလဲလာပေမယ့် တစ်နည်းနည်းနဲ့တော့ မီးမြှိုက်ချက်လုပ်ရတာချည်းပါပဲ။ ဆိုလိုတာက လိုအပ်တဲ့ ကုန်ကြမ်းက အလွယ်တကူရနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေဖြစ်လေလေ ချက်သူများလေလေ၊ ချက်လို့ ပစ္စည်းများများထွက်တော့ သုံးစွဲသူဈေးကွက်ရှာရလေလေ၊ သုံးစွဲတတ်သွားရင် ဆက်သုံးနိုင်ဖို့ သုံးစွဲသူအသစ်ကို စည်းရုံးရလေလေ စတဲ့ သုံးနားညီတြိဂံက မြန်မာနိုင်ငံအနီးက ရွှေတြိဂံနယ်မြေထက် အဆမတန်ဆိုးဝါးကျယ်ပြန့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
.
.
သုံးစွဲရတဲ့ ကိရိယာတွေက နည်းနည်းနဲ့ အလုပ်ဖြစ်ကြတယ်။ ဒြပ်ကူးဖို့ ဘီကာ - Beaker နဲ့ မီးဖို - Lab Burner ၊ သမိုမီတာ နဲ့ အပေါ်ဖွင့် ရေခဲသေတ္တာ - Chest Freezer စတာတွေရှိရင် ချက်လို့ရတဲ့အထိ လွယ်ကူလာခဲ့တယ်။ ဒီတော့ စသုံးမိရာက ဆေးစွဲသူလာသူတစ်ယောက်ဟာ ကိုယ်တိုင်အရဲစွန့်ပြီး ချက်ကြည့်တဲ့အထိ ဈေးကွက်အခြေစိုက်မိလာတယ်။ ပိုတဲ့ဆေးကိုရောင်းရင်း သူဟာ လက်ပိုက်ရောင်းချသူ - Dealer တစ်ယောက်ဘဝကို ရောက်ချင်းမလှရောက်လာခဲ့တယ်။
.
အမှုန့်ဘဝကနေ မြစ်ဖျားခံလာတဲ့ မူးယစ်ဆေးဝါးတွေဟာ နောက်ပိုင်းမှာ ဆေးပြား - Tablet ဒါကတော့ သောက်ရုံပဲ .. လွယ်တယ်၊ ရှင်းတယ်၊ အိမ်သုံးဆေးနဲ့ရောသိမ်းလို့ရတယ်။ နောက်ပိုင်း အရည် - Syrup ဖြစ်လာတော့ ထိုးသွင်းတဲ့ရှေးဟောင်းနည်းကို ပြန်ရောက်သွားတယ်။ ဒါကျတော့ ကုရာနတ္ထိဆေးမရှိတော့ဘူး။
.
.
နောက်ပိုင်းပိုဆိုးလာတာက ဆေးပြားကို အမှုန့်ကြိတ်ပြီး လက်ဘက်ရည်ဇွန်းလေးပေါ်တင် ရေနဲ့ သမအောင်ရောပြီး အောက်ကနေ ဂက်စ်မီးခြစ်နဲ့မြှိုက်၊ ထွက်တာတဲ့အငွေ့ကိုမှ ဖန်ပိုက်နဲ့လှမ်းရှူ .. ဒီအဆင့်ရောက်သွားသူတွေ အမှန်တစ်ကယ် ပြန်လမ်းမရှိတော့ပါ။ ဒီလိုဆေးကို Crystal Meth လို့ ခေါ်ပါတယ်။
.
သုံးစွဲသူတွေက သူတို့သုံးရလွယ်ကူရေးနည်းလမ်းတွေအမျိုးမျိုးရှာဖွေချိန်ဟာ မူးယစ်ရာဇာတွေကလည်း လူငယ်တွေကို ဆေးအသစ်တွေနဲ့ အမျိုးမျိုး မိတ်ဆက်ပေးနေချိန်လည်း ဖြစ်ပါတယ်။ ဒါကို အနောက်နိုင်ငံက အစိုးရတွေ လိုက်မမီဘူးလို့ အားနာစွာနဲ့ ဝေဖန်ပါရစေ။ အရှေ့က မဖမ်းပြနေပေမယ့် နောက်ဖေးပေါက်ကလွတ်နေသလို လက်သိပ်ထိုး သယ်ဆောင်ခွင့်ပေးတဲ့ အဂတိလမ်းကြောင်းက အကြီးသားမဟုတ်လား။
.
.

အထက်က ဆေးဝါးတွေအားလုံးမှာ မီသိုင်လင်း ဒိုင်အောက်စီ မက်တာဖက်တာမင်း -  MDMA ( Methylenedioxy Methamphetamine ) ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ နောက်တစ်ဆင့်တက်ပြီး တီထွင်လာတဲ့အခါ PMMA ( Para-Methoxy-N-methylamphetamine ) ဓါတ်ပါဝင်ပြီး နာမည်ပြောင်းလာသလို လူအသက်ကို ပိုမိုသတ်နိုင်စွမ်းထက်လာပါတယ်။ သူ့ရဲ့အဓိက လုပ်ဆောင်ချက်က ဦးနှောက်ရဲ့ လုပ်ကိုင်စွမ်းရည် နှေးအောင် ထိန်းချုပ်လိုက်ပြီး ခန္ဓာကိုယ်က ရေဓါတ်ကို အကုန်နီးပါး စုတ်ယူလိုက်တယ်။ ဆေးဖြတ်နိုင်သူတွေတောင် နဂိုမူလ အသားအရည်ကို ဘယ်လိုနည်းနဲ့မျှ ပြန်မရနိုင်တဲ့ လူဖြစ်ရှူံးတဲ့ဘဝပါ။

.

ဆေးချက်ပုံချက်နည်း တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလာသလို လမ်းကြိုလမ်းကြားမှာရောင်းတဲ့ မက် တွေဟာ ပါတီတွေ ကလပ်တွေကို အသွင်တစ်မျိုးနဲ့ ရောက်သွားပြန်ပါတယ်။ ပါတီကြိုက်ဆေးကိုတော့ Happy Tablet လို့ အမည်ပေးထားပြီး ဆေးအစွမ်းပြသက်တမ်းက အရက်နဲ့ခပ်ဆင်ဆင်ပါ။ ဆေးနာမည်က အက်စ်တက်စီ - Ecstasy လို့ လူငယ်တွေခေါ်ကြတယ်။

.

.

ကြုံဖူးသူတစ်ယောက်ရဲ့ ပြောပြချက်အရ ပါတီတက်ခါနီး နာရီအနည်းငယ်မှာသုံးလိုက်ပြီး ကဲချင်သလိုကဲ၊ အိမ်ရောက်ရင်ထိုးအိပ်၊ ကိုယ်ညက ဘာမှမလုပ်ခဲ့သလို နောက်တစ်ရက် အလုပ်ပြန်တက် ပုံစံနဲ့ လေထဲမှာ ဖြစ်စေချင်သလို ထင်ရာစိုင်းလို့ အကောင်းဆုံးလို့ မှတ်ချက်ပြုတာကို အသည်းတယားယား နားထောင်ဖူးပါတယ်။

.

ညတာရှည်ကပွဲ - Raves တွေ ကလပ်တွေမှာ ဆယ်ကျော်သက် နဲ့ နှစ်ဆယ်ကျော်သက်တွေ အင်မတန် အသုံးများတယ်။ ဒီဆေးဟာ အင်္ဂလန်ဖက်မှာတော့ မင်ဒီ - Mandy အနေနဲ့ ပါတီဆေးအဖြစ် နာမည်ဝှက်ပေးထားသလို အမေရိကားညနက်တွေမှာတော့ မော်လီ - Molly ဆိုပြီး ရေပန်းစားကြတယ်။ နောက်ဆုံးမှာ စူပါမင်းဆေး - Superman Pills အနေနဲ့ လူသေစေတော့မှ အစိုးရမသိတဲ့ အဖြစ်အပျက်တွေက သားသမီးတွေရဲ့ မိဘတွေကို အော့နှလုံးနာစေပါတော့တယ်။

.

.

 

အဖြစ်အပျက်က ဒီလိုပါ။ ပြီးခဲ့တဲ့လက ယူကေနိုင်ငံက နိုက်ကလပ်တစ်ခုမှာ Ecstasy ဆိုပြီးရောင်းလိုက်တဲ့ဆေးကိုသောက်ပြီး လူငယ် ( ၄ ) ယောက် သေဆုံးသွားပါတယ်။ အမေရိကားမှာလည်း  လူငယ် ( ၆ ) ဦးက ဖလော်ရီဒါပြည်နယ်မှာ၊ ( ၃ ) ဦးက ချီကာဂိုမှာ သေဆုံးခဲ့ပါတယ်။ အိုင်ယာလန်မှာလည်း အလားတူဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေက ရေးသားပါတယ်။

.

ဆေးဖောက်သူတွေက အစွမ်းပိုထက်အောင်ဆိုပြီး အန္တရာယ်သော ဘာသော နားမလည်ပဲ PMMA ကွန်ပေါင်းတွေ အများကြီးထည့်ချက်ရာက နည်းနည်းသောက်ပေမယ့်လည်း ဆေးလွန် - Overdose ဖြစ်ပြီး အသက်ဇီဝိန်ကြွေလွင့်ရတဲ့ ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းခန်းပါ။ PMMA ဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို အလွန်အမင်းမြင့်တက်စေတယ်။ အဲဒီကနေ သွေးပေါင်ချိန် အထက်ကိုဆောင့်တက်ပြီဆိုတော့ လူမသေပဲ ခံနိုင်မလား?

.

.

အခုနောက်ဆုံးဆေးကို ဗာတီဂို - Vertigo လို့ခေါ်တာ နောက်ပိုင်း အမေရိကန် TV စီးရီးတွေမှာ ပြသလာပါတယ်။ ဆေးဝါးအသွင်ကလည်း ပါရာစီတမောလို အပြားကနေ အမောက်စက်စလင်လို ဆေးတောင့် - Capsule အသွင်ပြောင်းလာပါတယ်။ တစ်ဖက်စိမ်း တစ်ဖက်ဝါ ဆေးလုံး ( ၁ ) ဒါဇင်လောက်ပါတဲ့ အထုပ်ငယ်လေးတွေကိုလိုက်ရောင်းနေတာ စကပ်တိုတိုနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေဖြစ်နေတာ ရင်လေးစရာပါ။ ဆေးမသုံးဖူးသူကို မွေးနေ့မှာ အမှတ်တရအနေနဲ့ ပေးလိုက်တဲ့အခါ ဆေးစွဲသူအဖွဲ့ဝင်အသစ် ရသွားပါပြီ။ ဆေးသယ်ဆောင်တဲ့နေရာက ထိတွေ့ကိုင်တွယ်ရှာဖွေဖို့ ခက်ခဲ့တဲ့ ပေါင်ခြံလိုနေရာ၊ ရင်ညွန့်လိုနေရာဆိုတော့ ပိုဆိုးပြီပေါ့။

.

.

ဒီလောက်အထိဆိုးဝါးတဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်ဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ နည်းအမျိုးမျိုးနဲ့ ခိုးကြောင်ခိုးဝှက် မိသားစုကိုသွေးခွဲမယ့်အရာဟာ သေနတ် မဟုတ်ပါဘူး။ လက်နက်ထက်ဆိုးရုံမက စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဟင်းခတ်ပစ္စည်း - Spice Products တွေကို ဖော်မြုလာအမျိုးမျိုး နည်းပညာအသွင်သွင်နဲ့ လူသတ်ဆေးဝါးတွေကို ထွင်နေကြတာ သတိထားကြပါ။ သားတွေ သမီးတွေရဲ့ခြေလှမ်းကို မပျက်စောင့်ကြည့်ကြပါ။ အရေးကြီးပါတယ်။

.

ကျန်းမာသန်စွမ်းဖို့ သဘာဝက ပေးထားတာ အများကြီးပါ။ ထို့အတူ လှပပျော်ရွှင်စေဖို့ ဆေးဝါးကင်းတဲ့ နည်းလမ်းတွေ အလျံပယ်ပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကိုသာ ခန္ဓာကိုယ်က အလိုရှိပါတယ်။ ဒါ့အပြင် ထိုးသွင်းဖို့ ဘာဆေးရည်မှ မလိုပါဘူး။ ရှူသွင်းဖို့ ဘာအငွေ့ပိုမှ မလိုပါဘူး။ အမှန်က လူလန်းဆန်းစေဖို့ ပျော်ရွှင်စေဖို့ ဆေးဝါးမှ သောက်စရာမလိုပါဘူး။ မဖြစ်မနေသောက်ရရင်လည်း အကျိုးပြုတဲ့ ဆေးဝါးအစစ်တွေကိုပဲ သောက်သုံးသင့်ပါတယ်။ ကောင်းကျိုးမပေးတဲ့ မူးယစ်ဆေးဝါး ( အတု ) ဆိုရင်တော့ “ No ” လို့ တစ်ခွန်းပဲ ပြောစရာရှိပါတော့တယ်။ စာချစ်သူအားလုံး ကျန်းမာရွင်လန်းပြီး သားသား မီးမီးအားလုံး မူးယစ်ဆေးဝါးနဲ့ ကင်းနိုင်ကြပါစေ ..။

.

koko2yeye@gmail.com