ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, November 16, 2014

တန်းဖိုးနည်းလေ အန္တရာယ်ကြီးလေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မြန်မာသတင်းမီဒီယာတွေမှာ ကလေးတွေ ကော်ဗူးရှူတဲ့သတင်းတွေဖတ်ကတည်းက ဒီဆောင်းပါးကိုရေးဖို့ စိတ်ကူးရခဲ့တယ်။ ပြီးတော့ ကိုယ်ကလည်းမကြုံဖူးတာကတစ်ကြောင်း၊ တင်ပြချက်ကို နားလည်မှုလွဲသွားမှာစိုးတာကတစ်ကြောင်း၊ ဗဟုသုတရှိသူတွေထံမေးရမြန်းရ အင်တာနက်မှာ ရှာဖွေရန်ရှိတာတွေကတစ်ကြောင်းကြောင့် ဖော်ပြဖို့နှောင့်နှေးခဲ့တယ်။ ဆယ်ကျော်သက်ကလေးတွေနဲ့ ရင်ဆိုင်ရမှာ မိဘတွေအတွက် အခက်အခဲဆုံးကာလလို့ဆိုရင် သဘောတူကြပါသလား? သူတို့မှာ စိတ်ကစားတတ်စ၊ သိချင်စူးစမ်းစိတ်ပြင်းပြခါစ၊ တို့ကနန်း ဆိတ်ကနန်း စမ်းသပ်ကြည့်ချင်ကာလ ဆိုတော့ မိဘတွေ၊ အုပ်ထိန်းသူတွေ နဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကအစ မျက်စိနောက်တဲ့အရွယ်လို့ပဲ ပြောပါရစေ။
.
သမီးရည်းစားထားလို့ ပညာသင်လမ်းကြောင်းမှားရင် ကျောင်းခရီးလမ်းပျက်စီးသွားနိုင်တာ ဒီ ဆယ်ကျော်သက်အရွယ်ပါ။ ပိုပြီးပြောရရင် အပေါင်းအသင်းမှားလို့ လမ်းကြောင်းမှားသွားရင် ဘဝတစ်ခုလုံး လိုက်ပါမှားမှန်းမသိ ပေးလိုက်ရမှာ ဘာမှ ပြန်ရဖို့မရှိတော့ဘူး။ ဒီလို သူငယ်ချင်းဆိုးတွေက ကိုယ့်သားသမီးကို ဘာနဲ့ ဆွဲဆောင်နိုင်တယ်လို့ မိဘတွေထင်ပါသလဲ။ ခေတ်အဆက်ဆက် ဇရာက အသေမသတ်ပဲ ကြားဖြတ်အသက်ဇီဝိန်ချွေသွားတဲ့ မူးယစ်ဆေးဝါးအကြောင်း တင်ပြချင်ပါတယ်။
.
ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေပါးစပ်ဖျားမှာ ခေတ်စားတာ ဘိန်းစား၊ အရွယ်ရောက်လာတော့ ဆေးခြောက်၊ သူငယ်ချင်းတွေရှိလာတဲ့အရွယ်မှာ ဖင်စီဒိုင်း၊ မိဘအရွယ်ဝင်လာတော့ ရာဘ၊ WY၊ မြင်း စသဖြင့် စုံလို့ပါ။ အနောက်နိုင်ငံဘက်ပြောင်းရွှေ့လာတဲ့အခါ လူငယ်ကြားမှာ ယစ်မူးစေတဲ့အရာ - Substance တွေက မတူတော့ဘူး။ စာရေးပြီး အသိပညာပေးဖို့ စိတ်ဆန္ဒရှိလွန်းလို့သာ တူးတူးဆွဆွ လေ့လာခဲ့မိတယ်။ ဒီဘက်ပတ်ဝန်းကျင်ဆိုတာ ဒီလိုကိစ္စမျိုး မေးလို့ မြန်းလို့ လွယ်တာ မဟုတ်ဘူးလေ။

.
ပြီးခဲ့တဲ့နှစ်က တစ်ရက်မှာ အလုပ်က ဗီယက်နမ်ကောင်လေးအလုပ်ပျက်ရာက စပြီး ဒီအကြောင်း နားထဲ စရောက်လာခဲ့တယ်။ သူ့နာမည်က “ ထရမ်း ” လို့ခေါ်တယ်။ အဲဒီနေ့က သူအလုပ်ပျက်တာ Lead ကိုလည်း ဖုန်းမဆက်ဘူး Supervisor ကိုလည်း အကြောင်းမကြားပဲ အလုပ်မလာတာ။ နောက်တစ်ရက် အလုပ်ရောက်လာတော့ မေးကြည့်တယ် “ မင်း ဘာလို့ မနေ့က မလာတာလဲ ” လို့။ သူဖြေပုံက အသည်းယားစရာ “ We were high yesterday ” တဲ့။ ဟာ .. ခက်ပြီ။ မရှင်းလို့ ပြန်မေးရတယ်။ မင်းကိုမေးတာ ဘာလို့ “ We ” နဲ့ ပြန်ဖြေရတာလဲလို့ပေါ့။ အော်သိပြီ .. မင်းကောင်မလေး နဲ့ သွားလည်သလားပေါ့ .. ဆိုတော့ သူက “ မင်းမသိဘူးလား .. High ဆိုတာ နတ်ပြည်ရောက်တာကိုပြောတာ ” တဲ့။ အော် .. မသိပါဘူး။ မင်းတို့ဆီမှာလဲ နတ်ပြည်သွားလို့ရသလားပေါ့ဆိုပြီး “ You guys went Heaven? ” လို့မေးလိုက်တော့မှ သူက ဒီလိုရှင်းပြတယ်။
.
ငါတို့က မနေ့က “ ခရစ်စတယ် ” ကိုင်တာကွ။ ငါ့သူငယ်ချင်းတွေ ယူလာတာ ငါ့အပါ့မင့်မှာ ဝိုင်းဆွဲရင်း ဆွဲရင်းနဲ့ ကြမ်းပြင်ပေါ်ကနေတောင် မထနိုင်ပဲ “ မှန် ” နေလို့ အလုပ်မတက်နိုင်တာ လို့ ပြောမှ ဒါကို စကြားဖူးတာ။ ဒါနဲ့ ဒီကောင် မူးယစ်ဆေးဝါးတစ်ကယ်လုပ်တဲ့ကောင်ဆိုပြီး ကျွန်တော် ဘာမှဆက်မမေးရဲတော့ဘူး။ နောက်ပိုင်း အလုပ်ချိန်မမှန်၊ နားချိန် Break ထွက်ချိန်မမှန်၊ စကားပြောရင် ထောင့်မကျိုး၊ ညွှန်ကြားချက်တွေမလိုက်နာ၊ လူကိုကြည့်ရင် စောင်းငန်းငန်းနဲ့ အစစ အရာရာ အဆင်မချောလှတာကြောင့် သိပ်မကြာပါဘူး .. Supervisor က အေးဂျင့်ကို ဖုန်းခေါ်ပြီး အလုပ်နားခိုင်းလိုက်တယ်ဆိုတာ စိတ်မကောင်းစွာ သိလိုက်ရတယ်။
.
ဒီဘက်မြေမှာ မူးယစ်ဆေးဝါးအမှုဆိုတာ တီဗွီပေါ်မှာကလွဲလို့ မတွေ့ရပါဘူး။ ရှိတော့ရှိမယ် ကျွန်တော်မသိတာလည်း ပါမှာပေါ့။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် ဖြစ်နေတဲ့ ဘဝက ဗဟုသုတကို အလုပ်ခွင်နဲ့ အင်တာနက်ကပဲ ရှာလို့ရတယ်လေ။ လုပ်ဖော်ကိုင်ဖက် လူနိုင်တစ်ချို့ကို တီးတီးတိုးတိုးအင်တာဗျူးလေးလုပ်ထားတာတွေတော့ရှိတယ်။ ကျွန်တော့်မြန်မာနိုင်ငံသားတွေသိရအောင် ဗဟုသုတရှိတဲ့ ဒီဘက်နိုင်ငံပေါက်တွေကို လိုက်မေးထားတာတွေ ဖောက်သည်ချလိုက်ပါတယ်။
.
.
ပြောပြသူ “ ရမုန်း ”။          ။ ဟုတ်ပါတယ်။ သူ့နာမည် Crystal Meth လို့ခေါ်တယ်။ ဖန်ချောင်းကျိုးလေးတွေနဲ့တူပြီး ကိုယ်တိုယ်ဖောက်ယူ ကြိုချက်ရတာဖြစ်တယ်။ ဓါတုဗေဒအရည် ( ၄ ) မျိုးလောက် ရောစပ်ပြီး မီးပေါ်တင် အပူပေးရတယ်။ ပုံဆောင်မဲ့အချောင်းလေးတွေထွက်လာတာ ရှိသလို အမှုန့်ပုံစံလည်းရှိလို့ ပါဝင်တဲ့ ပစ္စည်းတွေပေါ်မူတည်တယ်။
.
သုံးစွဲပုံက ဆေးတံလိုမျိုး ဖန်သားပိုက်က အပေါ်ဖက်မှာ အငွေ့ထွက်ဖို့ အပေါက်ပါတယ်။ အဲဒီထဲ ခရစ်စတယ် ကိုထည့်ပြီး အောက်က မီးမြှိုက်လိုက်တဲ့အခါ ဖန်သားနဲ့ကပ်နေတဲ့ ဓါတုဗေဒဒြပ်ပေါင်း ( ၂ ) မျိုး လောင်ကျွမ်းထွက်လာတဲ့ အနံ့ကို ရှူတာ။ ဒါကိုရှူတော့ သူတို့မူးကြတယ်။ ခေါင်းတွေချာလပတ်လည်ကြတယ်။ လောကကြီးကို ဆေးရှိသ၍ မေ့နေကြတယ်။ ရှူတဲ့အတံကလည်း ဖန်သားပိုက်ချောင်းပဲ။ အဓိက ဖန်ခွက်ကို မီးကင်တဲ့အနံ့မျိုး။
.
.
ပြောပြသူ “ ဗောင်း ”။          ။ ဒီပစ္စည်းက အိမ်မှာချက်လို့ရတယ်။ မီးဖိုရှိရင်ပြီးပြီ။ ဒါပေမယ့် တစ်အိမ်လုံးကို အနံ့စွဲနေလို့ သာမန်လူ သိသာတယ်။ ပစ္စည်း ( ၃၊ ၄ ) မျိုးပေါင်းမှ Compound ဖြစ်လို့ လူငယ်တွေ အုပ်စုလိုက် လုပ်ကြတယ်။ လက်ဝယ်တွေ့ရင် ရဲဖမ်းလို့ လူဆုံပြီးချက၊် ပြီးရင် လက်စဖျောက် လုပ်လိုက်ကြတယ်။ ဆိုလိုတာက A က 1 ယူလာ၊ B က 2 ယူလာ၊ C အိမ်မှာရှိတဲ့ 3 နဲ့ ချက်ကြမယ်၊ ပြီးရင် D အိမ်မှာ အပီဆွဲမယ် ဆိုတာမျိုး။
.
သူတို့ “ံHigh ” တယ်ဆိုတာက လက်ရှိအခက်အခဲထဲကနေ ပြေးထွက်ချင်တာ။ စိတ်ဓါတ်ကျနေတဲ့ လူငယ်တွေကို ဘာလိုချင်တယ်ဆိုတာ မိဘတွေ မသိလို့ပိုဆိုးတယ်။ ဒါနဲ့ သာယာမိန်းမောလွယ်တဲ့ “ အသားခြောက်ငရဲပန်း ” ကို စမ်းသုံးကြည့်ဖို့ အပေါင်းအသင်းတွေ မြူဆွယ်တာကို မလွန်ဆန်နိုင်ကြဘူး။ မိဘတွေကလည်း ဒါကိုမသိဘူး။ နောက်ပိုင်း သားသမီးက အသားအရေတွေ နီမြန်းလာပြီး အရေခွံတွေကွာ၊ ပိန်လှီခြောက်ကပ်လာမှသိတော့ နောက်ကျကုန်ပြီ။
.
ခရစ်စတယ် သုံးရင် အရေပြား အရမ်းယားတယ်။ မကုတ်ပဲ မနေနိုင်ဘူး။ သူ့လုပ်ဆောင်ချက်က သွေးထဲမှာရှိတဲ့ အောက်စီဂျင် နဲ့ ရေဓါတ်ကို အကုန်စုတ်ယူပစ်လိုက်တာပဲ။ ဒီအခါမှာ လူ့သဘာဝကိုယ်ခံစံနစ် - Metabolism  ပျက်သွားပြီး ဦးနှောက်ရဲ့ထိန်းချုပ်မှု ကမောက်ကမ ဖြစ်ကုန်တယ်။ တစ်ဆက်တည်း ရီဝေဝေ မူးယစ်မှုကို ဖြစ်စေတယ်။ ပုံရိပ်ယောင် - Illusion ကို တစ်ကယ်ထင်စေတယ်။ တစ်ကယ့်အဖြစ်အပျက်ကမ္ဘာကနေ ခဏတာလေး ပုန်းနေလိုက်လို့ရတယ်။ စိတ်တိုတတ်လာတာကို အဟုတ်ထင်နေတယ်။ ကိုယ်လုပ်သမျှဖြစ်တယ်လို့ အမှတ်မှားစေတယ်။
.
တစ်ချို့တွေက ခရစ်စတယ် ကို အမှုန့်ကြိတ်လိုက်တယ်။ စတီးဇွန်းပေါ်မှာတင်၊ ရေနည်းနည်း ထည့်၊ လက်နဲ့မွှေပြီး အောက်က မီးခြစ်နဲ့ ဒါရိုက်ကင်ပြီး အငွေ့ကို ပါးစပ်နဲ့ လှမ်းစုတ်ယူပစ်လိုက်တယ်။ စဉ်းစားကြည့် .. အဆုတ်ထဲ တိုက်ရိုက်ရောက်သွားတာ။ အောက်စီဂျင်လိုနေတဲ့ အဆုတ်ဟာ အလွန်သိပ်သည်းတဲ့မီးခိုးဝင်လာတော့ Jammed Up ဖြစ်သွားပြီပေါ့။ ဒီအရည်ကို ဆေးထိုးအပ်နဲ့သုံးပြီဆိုရင်တော့ မတွေးရဲစရာပဲ။ တစ်ဖြည်းဖြည်းလည်းကြာလာရော သွားတွေကျွတ်လာမယ်။ ကုတ်ရာ ဖဲ့ရာကနေ အနာပေါက်လာမယ်။ အဲဒီအနာတွေက ဘယ်တော့မှ ပြန်မကျက်တော့ဘူး။
.
အဆိုးဆုံးက ဈေးနှုန်းပဲ။ ဒေါ်လာ ( ၂ဝ ) နဲ့ ( ၄ဝ ) ကြားလောက်ရှိရင် လူစုပြီးဆင်နွှဲလို့ရတယ်။ သက်သာတာက လူငယ်တွေရဲ့ စမ်းသပ်လိုစိတ်ကို သွေးတိုးစမ်းခိုင်းသလို ဖြစ်စေတယ်။
.
အသေးစိတ်ပြောပြတဲ့သူတို့ ( ၂ ) ယောက်က မသုံးစွဲပါပဲနဲ့ ဒီလောက်အထိသိနေတာ ကျွန်တော် အံ့သြရတယ်။ ဒီမြေမှာ မွေးတာလည်း ပါမယ်ထင်ပါတယ်။ လူကြီး နဲ့ ဆယ်ကျော်သက်ကလေးတွေကြားမှာ ဆက်သွယ်ရေး - Communication အထူးကောင်းမွန်ရင် ဒါမျိုးတွေကို ရှောင်ကျဉ်နိုင်မှာပါ။ ကလေးတွေကို ဂရုစိုက်ပါ။ သူတို့ဘယ်သူနဲ့ပေါင်းတယ်ဆိုတာ အမြဲလေ့လာပါ။ နေ့စဉ်ထူးခြားတဲ့အပြုအမူမှန်သမျှကို ခွဲခြမ်းစိတ်ဖြာပါ။
.
လူငယ်တွေကိုယ်တိုင်လည်း မရဏပန်း မပန်ချင်စမ်းပါနဲ့ .. မနမ်းချင်စမ်းပါနဲ့။ ရှောင်လေ ဝေးလေ ကောင်းလေပါ။ ကိုယ်ကိုယ်တိုင်ရော၊ မိသားစုရော၊ တိုင်းပြည်လူမျိုးရော ထိခိုက်မယ့်အရာကို မစမ်းသပ်ကြပါနဲ့။ အခုခေတ်က နာမည်ကြီး မူးယစ်ဆေးတွေမှ လူသတ်တာ မဟုတ်တော့ဘူး။ ချောင်ကြိုချောင်ကြားက ငွေနည်းနည်းနဲ့ အလစ်ချောင်းနေတဲ့ လက်နက်ပုန်းတွေ အများကြီးရှိတာ သတိထားကြပါ။
.
နိဂုံးချုပ်အနေနဲ့ ဗုဒ္ဒမြတ်စွာဘုရားရဲ့ ( ၃၆ ) ဖြာ မင်္ဂလာထဲက ထိပ်ဆုံးမင်္ဂလာဖြစ်တဲ့ “ လူမိုက်နဲ့မပေါင်းနဲ့” ဆိုတဲ့ ဆုံးမစာလေးကို ရင်ဝယ်မြတ်နိုး နှလုံးသွင်းလိုက်နာကြပါစို့ဟူ၍သာ တိုက်တွန်းလိုက်ချင်ပါတယ်။
.
.
ဓါတ်ပုံ - အင်တာနက်

" တန်ဖိုးနည်းလေ အန္တရာယ်ကြီးလေ " စာမူသည် ၂ဝ၁၅ မတ်လ ( ၁၄ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၇၇
) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link:http://www.mediafire.com/download/s2yxjczuxx498re/NetGuide+Vol+3%2C+Issue+77.pdf


No comments: