ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 8, 2020

"နည်းနည်းမှန်" နဲ့ "များများမှန်"


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ဒီနေ့အလုပ်ပိတ်တာနဲ့အပြင်မထွက်တာကြာနေတဲ့ကြားကအဝေးပြေးလမ်းကိုကားနဲ့မောင်းထွက်လိုက်တယ်။ နည်းသွားတဲ့ကားတွေကချောင်နေတဲ့ကားလမ်းကျယ်ကြီးကို ဗိုလ်ကျနေလိုက်ကြတာ။ ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်၊ တစ်လိုင်းကျော်အထိ Lane ချိန်းလိုက် နဲ့ စိတ်ထင်ရင်ထင်သလို လက်လွတ်စပယ်မောင်းနေကြတယ်။

မနေ့က TV သတင်းမှာတွေ့ရတာလည်း ဒီအတိုင်းပဲ။ ပုံမှန် တစ်နာရီကို ၆၅ မိုင်နှုန်းမောင်းရမှာ တကယ်မောင်းတော့ မိုင် ၁ဝဝ ကျော် ရဲကဖမ်းပြီပေါ့။ ကြည့်လိုက်ရသေးတယ်။ ရဲက ကားပေါ်ကဆင်း၊ တံခါးရွက်မှာလက်ထောက်ပြီး လေဆာသေနတ်နဲ့မိုင်ပိုမောင်းတဲ့ကားကိုရှာနေတာ။ ၁ နာရီအတွင်းမှာအစီး ၂ဝ ကျော် ဖမ်းပစ်လိုက်တယ်။

အဝေးပြေးလမ်း ၁ လမ်းမှာ အနည်းဆုံး ၄ လမ်းမောင်းတာရှိတယ်၊ ၅ လမ်းမောင်းတာရှိတယ်။ အရင်ကဆိုရင်ကားလမ်းကအမြဲပိတ်နေတော့အခုလိုအမြန်နှုန်းမျိုးနဲ့မောင်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။

ဟော . . အခု Stay at Home Order ကြောင့် လူတွေအိမ်ထဲမှာအနေများနေတဲ့အချိန်၊ လမ်းပေါ်မှာကားနည်းနေတဲ့အချိန် "ပိုင်ပြီဟ" ဆိုပြီး လုပ်ချင်ရာလုပ်ပစ်လိုက်တော့ တစ်နိုင်ငံလုံးအလုပ်တွေပြုတ်၊ စီးပွားရေးမကောင်းတဲ့ကြားက Ticket တစ်စောင်ရတာ တန်ပါရဲ့လား?

Tuesday, May 5, 2020

တန်ဖိုးသင့်အထည်ဆိုင်တွေဆက်လက်ရပ်တည်နိုင်မလား?


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

တန်ဖိုးသင့်အထည်ဆိုင်လို့ပြောရတာက သူ့ဆီမှာကိုယ်ပိုင်တံဆိပ်နဲ့ထုတ်လုပ်တဲ့အထည်တွေမရှိဘဲ တန်ဖိုးမြင့်အထည်တွေကိုလျှော့ဈေးနဲ့ရောင်းတဲ့ဆိုင်ကိုဆိုလိုပါတယ်။ ဒီလိုဆိုင်တွေမှာ အထည်ချည်းချည်းသာမဟုတ် အိမ်ထောင်ပရိဘောဂ၊ မီးဖိုချောင်သုံး၊ အိပ်ခန်းအသုံးအဆောင်၊ ပန်းခြံအလှဆင်ပစ္စည်းကနေ ဘီယာပုလင်းဖောက်တံအထိရောင်းချပါတယ်။

ပိုရှင်းအောင်ပြောပြရရင် ဉပမာ ကယ်ဗင်ကလိုင်း CK-Calvin Klein အင်္ကျီတစ်ထည်ကို တံဆိပ်ပိုင်ရှင် CK-Calvin Klein မှာဝယ်ရင် ၅၉.၉၉ ဒေါ်လာလို့ စိတ်ထဲမှာမှတ်ထားပေးပါ။ ဒီဇိုင်နာရှပ်အင်္ကျီလို့ခေါ်တဲ့ CK ဟာ သူ့သတ်မှတ်ချက်နဲ့သူ အထည် ၁ဝဝဝ ဆိုကုန်လောက်တယ်ဆိုပြီးထုတ်လုပ်လိုက်တယ်ဆိုပါတော့။

အထည် ၈ဝဝ ရောင်းကုန်အပြီးမှာ နောက်ထပ်ဒီဇိုင်းအသစ်က ထွက်လာတော့မယ်၊ ဝယ်သူတွေက ဒီ ဒီဇိုင်းကို ရိုးကုန်ပြီ၊ ဂိုဒေါင်ထဲမှာထားစရာနေရာကလည်း ကြပ်တည်းလာလေတော့ (ခေါင်းစဉ်ထဲမှာပါတဲ့) တန်ဖိုးသင့်အထည်ဆိုင်တွေဆီ ကျန်ဖြတ်၊ ပုတ်ပြတ် နဲ့ ဈေးလျှော့ရောင်းပြီးပို့လိုက်ကြပါတယ်။

ဒီအခါမှာ လျှော့ဈေးနဲ့ရထားတဲ့တန်ဖိုးသင့်အထည်ဆိုင်က မော်ဒယ်တစ်ဆင့်၊ နှစ်ဆင့်အောက်သွားတဲ့ CK အင်္ကျီကို ၂၉.၉၉ ဒေါ်လာနဲ့ရောင်းဖို့ပြင်ပါတယ်။ ဒါကိုသိတဲ့ဈေးဝယ်သူတွေက နာမည်ကြီးတံဆိပ်၊ အမျိုးအစားကောင်းအင်္ကျီ၊ သက်သာတဲ့ဈေးနှုန်းဆိုတဲ့ဆွဲဆောင်မှုတွေကြောင့် တန်ဖိုးသင့်အထည်ဆိုင်တွေမှာ ဝယ်ယူကြပါတယ်။

ဒီနည်းဗျူဟာနဲ့စီးပွားဖြစ်နေတဲ့ဆိုင်စာရင်းထဲမှာ TJ Maxx, Marshalls, Ross, Burlington Coat နဲ့ DD's Discount ဆိုင်တွေက နာမည်ကြီးပါတယ်။ အင်္ဂလိပ်စာလုံးကိုအတည့်ပြန်ရင်တော့ လက်လီအထည်အရောင်းဆိုင်-Clothing Retailers လို့ခေါ်ပေမယ့် တကယ်တမ်းကျတော့ တန်ဖိုးသင့်အထည်ဆိုင်-Off Price Stores ဆိုမှပိုပြီးအဓိပ္ပာယ်ပီပြင်မလားတွေးမိပါတယ်။