ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, March 4, 2018

What's on you mind, ကိုညီညီ?

ဒီစာကို Facebook ရဲ့ "What's on you mind, ကိုညီညီ?" ဆိုတဲ့ နေရာမှာရေးပါတယ်။ အကြောင်းကတော့ Facebook သုံးရင်းခံစားရတဲ့စိတ်ကိုချက်ချင်းလက်ငင်းဖော်ပြချင်လို့ပါ။

ကျွန်တော့အတွက်တော့ Facebook သုံးတယ်ဆိုတာ ဘာ လူလုံးပြဖို့မှမဟုတ်သလို ဘယ်ဘဝကိုမှ သာယာဖို့လည်း မဟုတ်ပါ။ ဒါကြောင့် ချစ်စ၊ ခင်စ၊ ကြင်နာစ၊ လူသူတွေအပေါ်မေတ္တာပွားရင်း မသိကြ၊ မခင်ကြ၊ မရင်းနှီးကြသူတွေအပေါ် မိတ်ဆွေဖွဲ့လို့သာ ကိုယ်သိသမျှ၊ ကိုယ်မြင်သမျှ၊ ကိုယ်ကြားထားသမျှ အသိဥာဏ်တွေကို
ကိုယ်မသေခင်နောက်ဆုံးနေ့အထိ
ဆင့်ပွားသယ်ယူဖြန့်ဖြူးနေခြင်းသာဖြစ်ပါတယ်။

ဒီအခါမှာ ကိုယ်နဲ့အရင်စီးပွားဘက်၊ ပြိုင်ဘက်၊ မြို့ရွာရပ်ကျေးအသိုင်းအဝိုင်းတွေက "ဒီလူ ဘာတွေကြောင်ပြန်ပြီလဲ?" လို့ ထင်ကြတယ်။ ထင်ကြပါစေ . . ကြိုက်သလိုမြင်ကြပါစေ . . သူတို့အတွေးနဲ့သူတို့ဖြစ်နေလို့ သူတို့ရေးတဲ့သူတို့စာ သူတို့ပဲ ပိုင်ပါတယ်။

သူတို့ရဲ့ တိတ်တဆိတ်ဖတ်သွားတဲ့ ကျွန်တော့ရဲ့ပို့စ်တွေမှာ လူဖြူ လူမည်း . . လူရင်း လူစိမ်း . . ဘယ်သူ့ကိုမှမခွဲခြားပဲ အသိသညာတွေထည့်ရေးလွှတ်လိုက်ပြီးသားပါ။ ဒါကြောင့် သူတို့လည်း တစ်ခုခုရသွားပေမယ့် ကျွန်တော့ကိုအသိအမှတ်မပြုတာ ကျွန်တော်ဘယ်လိုမှမခံစားရပါဘူး။

Comment တွေမှာ သူတို့နာမယ်မပေါ်လာလည်း ကျွန်တော်ဘယ်လိုမှမဖြစ်သွားပါဘူး။ ခေတ်ပြိုင်၊ စီးပွားပြိုင်၊ လုပ်ငန်းပြိုင်၊ စာရေးပြိုင်နေတုန်းကလည်း ဒီလိုပဲ ကျွန်တော် သူများတွေကို ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာမို့လို့ ကျင့်သားရနေပါပြီ။
Share မှာဆို ပိုလို့သာဆိုး . .။ ကိုယ်ရှဲဒိုးလုပ်နေသူသိမှာစိုးလို့ သူတို့ Share သွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့ရပါ။ ဒါကိုလည်း ကျွန်တော်ကျေနပ်ပါတယ်။

တကယ်တော့ Facebook ဆိုတာ "မရှိလည်း ကောင်း ရှိလည်း ကောင်း" ဆိုတဲ့ ရှေးစကားပုံကိုငှားသုံးပြီးပြောရရင် သိပ်မရှည်တဲ့စာတစ်ပိုဒ်ဆို ဖတ်တာကြာလှ (၂) မိနစ်ပေါ့။ Like သူအားလုံး စာကိုဆုံးအောင်မဖတ်သလို မ Like သူတွေထဲမှာ ကျွန်တော်တင်တဲ့စာတွေဆို ပြီးဆုံးအောင်ဖတ်သူတွေ ကျွန်တော့ရင်ထဲမှာခံစားမိပြီးသားပါ။ အရာထင်တယ် အရာမထင်ဘူးဆိုတာက စာဖတ်သူရဲ့နောက်ပိုင်းလုပ်ရပ်ပေါ်မှာအကဲဖြတ်ပေးသွားမှာဖြစ်ပြီး အဲဒီ Like နဲ့Reactions တွေက အငွေ့ပျံပြီး ဘာမှမကျန်ခဲ့နိုင်တာကိုသိထားတာမို့ ပိုမိုပီတိဖြစ်ရပါတယ်။

အခုနောက်ပိုင်း Vlog - Video Blogging လုပ်လာတဲ့အခါ အဆိုပါအမြင်ရှိသူတွေရဲ့စိတ်ကို ပိုမိုအကြပ်အတည်းထဲပို့မိသလိုဖြစ်ရတာ သိရပြန်ပါတယ်။ ဒါကြောင့် . . ပြောပြရဦးမယ် . .။ အတွေးတွေအားလုံးဟာ အရေး (စာရေးခြင်း) တွေအဖြစ် အသွင်ကူးပြောင်းသွားဖို့ ရာနှုန်းပြည့်မသေချာပါဘူး။ တခါတရံကားမောင်းရင်းတွေးမိမယ်။ တခါတရံ ရေချိုးရင်းအသိတစ်ခုရမယ်။ တခါတလေကျတော့ ဒုက္ခတစ်ခုခုရောက်မှ "သံဝေဂ" ဆိုတာ မမျိုချပဲ ရခဲ့တယ်။

ဒါတွေဟာ စာလုံးဖြစ်ဖို့ဆိုရင် ကိုယ့်ဦးနှောက်ထဲမှာ အရင်အနှစ်နှစ်အလလသိမ်းထားတဲ့မရေးဖြစ်သေးတဲ့စာသားတွေနောက်မှာတန်းစီစောင့်စားရင်း တိမ်တွေနဲ့အတူလွင့်မျောသွားလေတဲ့အခါ သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီလိုအသိဥာဏ်ဗဟုသုတတွေကို Vlog လုပ်ပြီး ကိုယ့်ဝေါထဲက Videos ဆိုတဲ့အကန့်လေးမှာသိမ်းဖို့ Live အနေနဲ့ရိုက်ခဲ့ပါတယ်။

ကျွန်တော့လို စာရေးသူတစ်ယောက်ရဲ့ခံစားချက်ဆိုတာ သိပ်အထီးကျန်ပါတယ်။ ကိုယ်တွေးသလို နောက်ဘယ်သူ့ကိုမှလိုက်တွေးဖို့ခိုင်းစေလို့မရသလို ကိုယ့်ထက်မြင့်တဲ့အတွေးအခေါ်တွေမရဖို့ တားဆီးလို့မရပြန်ပါဘူး။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ကျောက်စရစ်ခဲတစ်ဆုပ်ကိုလက်ထဲမှာကိုင်ပြီး နံရံကိုပစ်ပေါက်လိုက်သလိုပဲ ထိချင်တဲ့သူကိုထိသွားနိုင်သလို အခန့်မသင့်ရင် ကိုယ့်ကိုကိုယ်ပြန်ထိမှန်နိုင်ပါတယ်။

နောက်တစ်ခုက နည်းပညာဆိုတာ ဘယ်တော့မှရပ်မနေပါဘူး။ ကျွန်တော်လျှောက်လှမ်းနေတဲ့ပလက်ဖောင်းမှာ တီထွင်သူတွေရှိနေသ၍ အသစ်အသစ်တွေဟာပေါ်လာနေမှာဖြစ်ပါတယ်။

ဒါကို ကျွန်တော့ရဲ့မှတ်ဥာဏ်မှာ အသိတရားတွဲလျက်ရှိနေသ၍ ဆက်လက်ပြီး ပညာရပ်နဲ့ဆိုင်တဲ့စာတွေ၊ အသိပညာနဲ့ယှဉ်တဲ့ကိုယ်ကျင့်တရားတွေ၊ ဗဟုသုတနွယ်တဲ့ဒုက္ခသုက္ခတွေအပြင် လူငယ် နဲ့ ပညာရေး၊ ပညာရေး နဲ့ မိဘတို့ရဲ့အမြင်၊ မိဘ နဲ့ သားသမီးဆက်ဆံရေး စတာတွေကိုတော့ မရပ်မနား တောက်လျှောက်သွားပြီး ရုပ်မအား နာမ်မအား ကြိုးစားနေမယ့်အကြောင်း အမှာစကားပါးလိုက်ပါရစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-04-2018

No comments: