ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, October 27, 2014

Daylight Saving Time နဲ့ အကျိုးရလဒ်များ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
Daylight Saving Time ဟာ လည်ပတ်နေတဲ့ အချိန်နာရီစက်ဝိုင်းကနေ စွမ်းအင်ကို လုယူဖို့ ကြိုးစားတဲ့ လူသားတို့ရဲ့ ရလဒ်တစ်ခုလို့ ယူဆမယ်ဆိုရင် မမှားပါဘူး။ လွန်ခဲ့တဲ့ နှစ် ( ၁ဝဝ ) မတိုင်ခင်က ဒါမျိုးတွေ မစဉ်းစားခဲ့ကြပါဘူး။ နည်းပညာဆိုတာ ဝေလာဝေး .. မိမိစားဝတ်နေရေးတောင် အနိုင်နိုင်ဆိုတော့ လူသားတွေဟာ မိမိပိုင်နက်ကျယ်ပြန့်ရေးနဲ့ နယ်ချဲ့လမ်းထွင်ထူထောင်ရေးကို အာရုံရောက်နေချိန်လည်း ဖြစ်ပါတယ်။
.
နယူးဇီလန်နိုင်ငံသား ဂျော့ဗာနန်ဟတ်ဆန် - George Vernon Hudson က ကနဦး တွေးတောခဲ့ပြီး ( ၁၈၉၅ ) ခုနှစ်မှာ အဆိုတင်သွင်းခဲ့ကာ ( ၁၉၁၆ ) ခုနှစ်အရောက်မှာ အကောင်အထည်ဖော်ကျင့်သုံးခဲ့တဲ့နိုင်ငံတွေက ဂျာမဏီအစိုးရ နဲ့ သြစတေလျ-ဟန်ဂေရီပူးတွဲအစိုးရတွေပဲ ဖြစ်ကြတယ်။ တစ်ခြားနိုင်ငံတွေက သိပ်ဂရုမထားကြပဲ နောက်ပိုင်း ( ၁၉၇ဝ ) အရောက် စွမ်းအင်ပြတ်ကပ် - Energy Crisis of the 1970s ဆိုက်ရောက်တော့မှ မျက်လုံးမျက်ဆန်ပြူး လိုက်ကျင့်သုံးခဲ့ကြတယ်။
.
အလုပ်လုပ်ပုံက အထူးအဆန်းကြီးတော့မဟုတ်ပါဘူး။ သတ်မှတ်တဲ့နေ့ရောက်ရင် မိမိနာရီလက်တံကို ( ၁ ) နာရီ ရှေ့တိုးပြီး နေ့တာကို ရှည်ကြာစွာ နေထိုင်သုံးစွဲဖို့ ရည်ရွယ်တာပါ။ ကာလအားဖြင့် ( ၂ဝ၇ ) ရက်ခန့် ကြာမြင့်ပြီး အချိန်ရောက်ရင် တစ်နာရီ ပြန်ရွှေ့ပေးခြင်းဖြင့် ညနေ နေဝင်ချိန်ကို ချိန်ညှိပေးတဲ့အခါ မှောင်လို့မီးထွန်းရတဲ့ အဓိကစွမ်းအင်ယူနစ်ပေါင်းများစွာ ကို စုဆောင်းကြပါတယ်။ အခုလို နည်းပညာခေတ်ကာလမှာ မောင်းတံနာရီတွေကလွဲပြီး ( ၁ ) နာရီကို လက်နဲ့ရွှေ့စရာ မလိုတော့ပါဘူး။ အင်တာနက်ချိတ်ဆက်ထားတဲ့ကွန်ပျူတာ၊ လိုင်းဝယ်ထားတဲ့ - Internet Service Provider ဖုန်းကုမ္ပဏီတွေရဲ့ လက်ကိုင်ဖုန်းတွေ မှာ အလိုအလျောက်ညှိချိတ်သွားဖို့ ရွေးချယ်စရာ Option တွေ ပါလာကြပါပြီ။

.
ကောင်းကျိုးရော ဆိုးပြစ်တွေပါဝင်တဲ့ Daylight Saving Time ကြောင့် နေ့ခင်းပွဲ အားကစားပွဲတွေ၊ လှုပ်ရှားမှုတွေ ပိုများလာပေမယ့် ညဘက်လှုပ်ရှားတဲ့ စားသောက်ဆိုင်တွေ နဲ့ ကပွဲ၊ ဧည့်ခံပွဲတွေအတွက် အချိန်တိုသွားစေပါတယ်။ အဓိက မီးသုံးစွဲမှုကိုလျှော့ချတာဖြစ်လို့ လူသားထုပါဝင်ဆင်နွဲတဲ့အခါ အဆိုပါ စွမ်းအင်ချွေတာမှုအစီအစဉ်ဟာ အောင်မြင်ခဲ့တယ်။ လက်ခံသုံးစွဲနေသူတွေအတွက် ဒီလှုပ်ရှားမှုဟာ ပြသနာတစ်ရပ်မဟုတ်ပေမယ့် နေ့နဲ့ည နေဝင်ချိန်ကွာခြားမှု သိပ်မရှိလှတဲ့ ကမ္ဘာ့အရှေ့ဖက်ခြမ်းနိုင်ငံတွေအတွက်တော့ ရင်းနှီးအကျွမ်းဝင်မှု နည်းကြတယ်။
.
သူတို့ရဲ့ဆွေမျိုးတွေရှိတဲ့ အနောက်နိုင်ငံကို ဆက်သွယ်လိုတဲ့အခါ နေ့/ည လွဲနေတဲ့အချိန် ( ၁ ) နာရီထပ်မံကွာခြားသွားမှုကြောင့် ရံဖန်ရံခါ အခက်အခဲဖြစ်လေ့ ရှိကြတယ်။ ဥပမာ - မြန်မာနိုင်ငံနဲ့တွက်ပြောရရင် နိုဝင်ဘာလ ( ၂ ) ရက်နေ့ညနောက်ပိုင်းဆိုရင် အမေရိကန်အနောက်ဖက်ကမ်းခြေနာရီ နဲ့ ရန်ကုန်အချိန်ကိုတွက်တဲ့အခါ “ နေ့နဲ့ညပြောင်း ( ၁ ) နာရီခွဲပေါင်း ” ဖော်မြူလာ နဲ့ မကိုက်တော့ပါဘူး .. ( ၂ ) နာရီခွဲ ပေါင်းရပါလိမ့်မယ်။ ဒါမှ အမေရိကန်စံတော်ချိန် ( UTC -08:00 ) နဲ့ မြန်မာစံတော်ချိန် ( UTC + 06:30 ) တို့ကို စကေးကိုက်တွက်ချက်နိုင်ပါမယ်။
.
တစ်ခါတစ်လေ အနောက်နိုင်ငံတွေမှာ ည ( ၈ ) နာရီခွဲနေပြီ နေမဝင်သေးပါဘူး။ ဒါကြောင့် လမ်းမီးတွေမလိုပဲ ဖွင့်ထားရသလို တစ်နိုင်ငံလုံးအတိုင်းအတာ၊ တိုက်တစ်တိုက်လုံးအတိုင်းအတာနဲ့ဆို တော်တော်စုမိဆောင်းမိတဲ့ စွမ်းအင်ချွေတာမှုဆိုတာ ခံစားလို့ရပါတယ်။ ဒီလိုတွေးမိတဲ့ အသိပညာရှင်များ၊ အကောင်အထည်ဖော်ခဲ့တဲ့ အတတ်ပညာရှင်များ နဲ့ လိုက်ပါကျင့်သုံးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်များကို ကြည့်လိုက်ရင် စက်မှုထွန်းကားပြီးနိုင်ငံတွေဖြစ်နေတာကို ထင်ရှားစွာတွေ့နိုင်တယ်။ ဒီစံနစ်အရ မနက် ( ၈ ) နာရီထိုးတဲ့အထိ နေမထွက်သေးတော့ လမ်းမီးထွန်းရတဲ့ ဒုက္ခက ကင်းဝေးစေသလို ခြောက်သွေ့စွမ်းအင် နဲ့ လောင်စာဆီသုံးတဲ့ ယာဉ်၊ ယန္တရား၊ မော်တော်ကား၊ ရထား အားလုံးတို့ကို တစ်ပါတည်း ကုန်ကျစားရိတ် သက်သာစေပါတယ်။
.
အမှန်ကတော့ သဘာဝတရားက အလင်း နဲ့ အမှောင်ကို အလှည့်ကျပေးတယ် .. တိုလိုက် ရှည်လိုက်တော့ ရှိမပေါ့။ ဒါကို လောဘဇောတက်တဲ့ လူသားတွေက နေ့တိုလွန်းတယ် .. အလုပ်လုပ်လို့မပြီးဘူး .. ညတာရှည်လွန်း ရှည်ပြန်ပြီ ဖြစ်နေတဲ့အခါ သဘာဝအချိန်ယန္တရားမောင်းနှင်တံကနေ ( ၁ ) နာရီ ခဏ သွားချေးပြီး အမြတ်ထုတ် သုံးစွဲပါတယ်။ ဒါပေမယ့် ချေးထား ငှားထားတာဆိုတော့ အချိန်တန်ရင် မူလပိုင်ရှင်ကို ပြန်ပေးရတာမို့လို့ နောက်ဆုံးတော့ သဘာဝတရားကသာ အနိုင်ရစမြဲ မဟုတ်ပါလား။
.
.
Ref: thetakeaway.org, Wiki
.
" Daylight Saving Time နဲ့ အကျိုးရလဒ်များ " စာမူသည် ၂ဝ၁၅ ဖေဖော်ဝါရီလ ( ၁၄ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၇၃
) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။ Download Link:http://www.mediafire.com/download/l73o9w8335e3uhd/NG+Vol.+3%2C+No.+73+%28150%29.pdf
 





No comments: