ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, December 14, 2014

ဆက်ပြီးတွေးပေးကြပါ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်ကို အသစ်ဝင်လာသူတွေထဲမှာ မြန်မာပါတယ်ဆိုလို့ လေ့လာကြည့်မိတယ်။
.
တစ်နေ့မှာ သူနဲ့စကားပြောနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မျက်နှာပျက်သွားလို့ နောက်ပိုင်းကျမှ “ စောနက စကားပြောနေတဲ့သူက မြန်မာမဟုတ်လား .. အလုပ်အသစ်ဝင်လာတာလေ။ စကားပြောနေရင်းနဲ့ ဘာလို့ မျက်နှာက တစ်မျိုးကြီးဖြစ်သွားရတာလဲ ? “ လို့ တိုးတိုးလေး .. မေးကြည့်လိုက်တယ်။
.
“ လူတွေက သူ့အကြောင်းမသိကြလို့၊ ကျွန်မက သူမှန်းသိကတည်းက မျက်နှာချင်းမဆိုင်ချင်တာကို တည့်တည့်ကြီးတိုးလို့ စကားလက်ခံပြောနေရတာ “ လို့ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ လူလူချင်းပဲကွာ ပြီးတော့ မြန်မာတွေ ဆုံတွေ့ရတာပဲ ဘာလို့ စကားကောင်းကောင်းမပြောတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးနေမိပါတော့တယ်။
.
သူက ဆက်ပြီး “ သူ့ကို အုတ်ကလန်မြို့မှာ မသိတဲ့လူ မရှိဘူး။ စကားပြောရင်လည်း စင်ပေါ်ကချည်း ဆင်းကိုမဆင်းဘူး။ ကျွန်မတို့လည်း ဒုက္ခသည်ဘဝကနေလာတာပဲ သိတာပေါ့။ သူကမဟုတ်ဘူး .. ဒါဆိုလည်း သူသိတယ်။ ဟိုဟာဆိုလည်း သူလုပ်ပြီးသား .. အေးဆေးပါ .. ဆိုတာမျိုး နဲ့ သိပ်အမြင်ကပ်ဖို့ကောင်းတယ် “ ဆိုပြီး ရင်ဖွင့်ပါတော့တယ်။
.
ကျွန်တော်က “ ဟာ .. ဟုတ်ပါ့မလား။ ကြည့်ရတာဒီလောက်ကြီးမဆိုးပါဘူး “ လို့ ထောက်ပေးတော့ သူက မရပ်မနား ထပ်ပြီး
.
“ နောက်တစ်ခုရှိသေးတယ်။ အခု အစ်ကိုတို့အလုပ်ကို ကျွန်မဝင်ခဲ့တုန်းက ဘယ်လောက်ခက်ခဲလဲ? အင်တာဗျူးဆိုလည်းဖြေရတယ်၊ ရေးဖြေသချာင်္တွေလည်းဖြည့်ရသေးတယ်။ ဆိုလိုချင်တာက အလကားရတဲ့အလုပ်မဟုတ်သလို အင်မတန်လွယ်တဲ့အလုပ်လည်းမဟုတ်ဘူးလေ။ ဒါကို သူက ဘယ်လိုပြောတယ်မှတ်လဲ? သူ့ကို ကွှန်မတို့အလုပ်က လာလုပ်ဖို့ကမ်းလှမ်းတာ ခဏခဏပဲ။ သူက လာမလုပ်ချင်သေးဘူးလို့ပြောထားတယ် တဲ့ .. ကြည့်ဦး။ အစ်ကိုကြားဖူးလား ကျွန်မတို့အလုပ်က ဝင်လာပါ .. လာလုပ်ပါ လို့ ခေါ်တာ ရှိဖူးလို့လား? “ လို့ သူခံစားရသမျှကို အကုန်အစင်ပြောပြပါတယ်။
.
.
ဒီလိုနဲ့တစ်နေ့မှာ ကျွန်တော်နဲ့စကားပြောဖို့ အခွင့်ကြုံလာတဲ့အခါ သူဘယ်လိုလူစားဆိုတာ လက်တွေ့ကြီး သိလိုက်ရပုံက ဒီလိုပါ။
.
ကျွန်တော်တို့အလုပ်ကိုဝင်လာသူတွေမှာ Resume တင်ကတည်းက ဘယ်သူကထောက်ခံပါတယ် ဆိုတဲ့ Referral လုပ်သူကို ထည့်ရေးလေ့ရှိပါတယ်။ ကျွန်တော့်ကို  သူ့နာမည်  မိတ်ဆက်အပြီးမှာ ကျွန်တော်က .. “ ခင်များကို ဘယ်သူက Refer လုပ်ပေးလိုက်တာတုန်း “ လို့မေးလိုက်တော့ သူက “ မစန္ဒာ ( အမည်လွှဲ ) နာမည်ထည့်လိုက်တာ “ လို့ ပြန်ဖြေတယ်။
.
ဒါနဲ့ ကျွန်တော်ကလည်းဟုတ်ပြီပေါ့ .. “ အော် မစန္ဒာ နဲ့ သိတာလား? ဟုတ်တယ် .. မစန္ဒာက နာမည်ကြီးပဲ။ အဲဒီအစ်မကြီးက အားကိုးရတယ်  “ လို့ ပြောမိတဲ့အခါ သူက ဒေါကြီးမောကြီးနဲ့
.
“ ငါက မစန္ဒာရဲ့ဆရာကွ “ ဆိုပြီး အသံကျယ်ကြီးနဲ့ ပြောပါတော့တယ်။
.
ကျွန်တော်လည်း သူ့အနားကခွာလာခဲ့ပြီး ခေါင်းထဲမှာ တွေးရင်းတွေးရင်း ဆင်ခြင်စရာလေးတွေ တစ်ပုံတစ်ပင်ပါလာတယ်။
.
သူက ကျွန်တော်တို့အလုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှရောက်တာ၊ မစန္ဒာက ဒီအလုပ်မှာလုပ်နေတာ ( ၆ ) နှစ်လောက်ရှိပြီ။ မန်နေဂျာ နဲ့ Supervisor တွေကအစ အားကိုးရသူဖြစ်သလို Lead  အလုပ်တွေဆိုလည်း အကုန်နားလည်ပြီးသား။ ဆက်ဆံရေးဆိုလည်း ကောင်းမှကောင်း၊ သူတို့ဘာသာအရ ဆန်းဒေးဘုရားကျောင်းတက်တဲ့အခါမျိုးမှာ လူမျိုးတူတူ မတူတူ ဒုက္ခသည်ချင်းတူရင် အားလုံးကို ကူညီနေကျဆိုတာ လူတိုင်းအသိ။ ဖြစ်မယ့်ဖြစ်ရင်တောင် မစန္ဒာက အဆိုပါပုဂ္ဂိုလ်ရဲ့ ဆရာဖြစ်သင့်တာပါ။
.
နောက်ပိုင်းမှသိရတာက သူတို့ဟာ အမေရိကားကို မကူးပြောင်းခင် ယိုးဒယားနယ်စပ်က ဒုက္ခသည်စခန်းမှာ အကြာကြီးနေခဲ့ဖူးကြတယ်။ အဲဒီမှာ စာသင်တော့ မရှိ ရှိတဲ့ဆရာနဲ့ သင်ရတယ်။ သူက ဒါကိုပြောတာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အလုပ်မှာ သူ့ရဲ့အင်္ဂလိပ်စကားပြောကိုနားထောင်ကြည့်တဲ့အခါ ဆရာအဆင့်မရှိတာ သေချာပါတယ်။ အများအားဖြင့် ဒုက္ခသည်မြန်မာတွေပြောနေကျအတိုင်း ကျိုးပဲ့နေတဲ့ အင်္ဂလိပ်စကားကတော့ သူမသာ ကိုယ်မသာပါပဲ။
.
အခုလက်ရှိဘဝတွေကိုလည်း ယှဉ်ကြည့်ပါဦး။ မစန္ဒာက ကိုယ်ပိုင်အိမ်ဝယ်ပြီးပြီ၊ အလုပ်အကိုင်အတည်တကျနဲ့ ကုမ္ပဏီက အားကိုးရတဲ့လူလည်းဖြစ်နေပြီ။ ကလေးတွေလည်း ကျောင်းအသီးသီးက အဆင့်အတန်းတစ်ခုမှာ ပညာသင်နိုင်နေကြပြီ။ အင်္ဂလိပ်စာလည်း အတော်အသင့်နဲ့ အလုပ်အကိုင်အဆင်ပြေနေသူဘဝဆိုတော့ကာ အဆိုပါပုဂ္ဂိုလ်ကရော ဘယ်လိုနေထိုင်နေပါသလဲ?
.
ဆန်ဖရန်မြို့ရဲ့အနီးက မူလဆိပ်ကမ်းမြို့ အုတ်ကလန်ဆိုတာ လူမည်းပေါများတဲ့ မြို့ဟောင်းတစ်မြို့ပါ။ ပြောင်းရွှေ့မြန်မာတွေများသလို ဒုက္ခသည်များကိုကူညီတဲ့အဖွဲ့အစည်းတွေ အများအပြားရုံစိုက်ကြပါတယ်။ ရုံးပိတ်ရက်တွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပွဲတွေများသလို အခမဲ့လုပ်အားပေးရင် စားသောက်ရမယ် .. သောက်ရမယ်ဆိုတဲ့ နေရာတွေကလည်း အများသား။
.
.
အခုလို ဆရာ နဲ့ တပည့်နှိုင်းယှဉ်မှုကို “ လူ ” ကို လူလိုတန်ဖိုးထားတဲ့ ပိုလို့သာ မလုပ်သင့်တဲ့ဒေသ လို့ မြင်မိပါတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ကြိုးစားရတဲ့ အမေရိကားမှာ အိမ်ဖော်လည်းမခေါ်ထားနိုင်ပါဘူး။ ကားမောင်းသမားဒရိုင်ဘာလည်း မငှားနိုင်ပါဘူး။ ပျင်းလို့အဝတ်မလျှော်မိရင် နံတဲ့အဝတ်ကို နောက်တစ်ပတ်ပြန်ဝတ်ရတာ အမေရိကားပါ။ ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာ ဒီမြေပေါ်မှာ ခြေချနေသ၍ မဖြစ်မနေသိထားသင့်တဲ့ ခံယူချက် - Concept တစ်ခု ဖြစ်ပါတယ်။
.
ဒီပုဂ္ဂိုလ်ရဲ့ပြောစကားအရ သူတစ်ချိန်က ဒုက္ခသည်စခန်းမှာ ဆရာဖြစ်ခဲ့တာ မစန္ဒာက တစ်သက်လုံး ထိုင်ကန်တော့ရမည့်ကိန်းဆိုက်နေပုံက သိပ်အကြည့်ရဆိုးပါတယ်။ လူတိုင်း လွတ်မြောက်ချင်ပါတယ်။ ကျဉ်းကျပ်တဲ့အစိုးရကလက်ကနေလွတ်မြောက်ဖို့ တောင်တန်းစစ်ပြေးဒေသကိုစွန့်ခွာ၍ ဒုက္ခသည်စခန်းမှာ အသက်နဲ့ရင်းပြီး စာရင်းပေးသွင်းခဲ့တယ်။ ကာလရှည်တစ်ခုကိုစောင့်ပြီးတဲ့အခါ အမေရိကားကိုရောက်တော့ ဘဝကို အစကနေ ပြန်စရတယ်။ ဘယ်အမျိုးကမှ ( ၁ ) လ ထက်ပိုပြီး မကူညီနိုင်ပါဘူး။ တစ်စိမ်းဆိုပိုလို့ဆိုး .. မကူညီချင်ကြပါဘူး။ ဆိုလိုတာက ကုန်းထရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။
.
မစန္ဒာက ဒီမြေပေါ်ကို ကြိုတင်ရောက်ရှိနေရုံမက ဒီအလုပ်မှာလည်း သမ္ဘာရင့် ကျွမ်းကျင်အဆင့်ဖြစ်နေသူပါ။ သူလည်း လွတ်မြောက်ချင်ပါတယ်။ လွတ်မြောက်ဖို့ကြိုးစားနေပါတယ်။ အခုလိုနိုင်းယှဉ်ပြီးပြောရရင် ထိုပုဂ္ဂိုလ်က မသိရင်တောင် မစန္ဒာကို ပြန်မေး ပြန်ဆရာတင်သင့်ပါတယ်။ အမေရိကားမှာ မြန်မာနိုင်ငံက ကြိုးနီဗဟိုဦးစီးစံနစ်ချုပ်ကိုင်မှုတွေ မပါလာရင်တော့ ကိုယ့်အကြိုက်နဲ့ကိုယ် အောင်မြင်လွတ်မြောက်ဖို့ အခွင့်အလမ်းတွေက အသင့်စောင့်ကြိုနေပါတယ်။
.
.
ကိုယ်ရွှေထီးဆောင်းခဲ့တာကိုချည်းပြောနေမယ့်အစား နေရာသစ် ဒေသစိမ်းမှာ ရွှေခွေးမဖြစ်ဖို့ လွတ်မြောက်သင့်တယ်မဟုတ်ပါလား?ကိုယ့်ရဲ့အတ္တကို ခဝါချပြီး မြန်မာအချင်းချင်းဆက်ဆံသင့်တယ်မဟုတ်ပါလား? အားလုံးဆက်ပြီးတွေးပေးကြပါ။
.
.
ဓါတ်ပုံ - အင်တာနက်


No comments: