ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 24, 2021

အမေရိကားရောက် မြန်မာစစ်သားမိန်းမတစ်ယောက်ရဲ့ရင်ဖွင့်သံ

"မြန်မာပြည်ရဲ့ ဓမ္မနဲ့အဓမ္မ"


#ဖြစ်ရပ်မှန်ဆောင်းပါးရှည်
(၁)
မင်္ဂလာပါ ဦးညီရေ ကျမက အခု အမေရိကားမှာပါ။ ကျမဘဝရဲ့ တရားမျှတမူကို ရှာဖွေချင်လို့ နေ့စဉ်နဲ့အမျှ တနုံ့နုံ့ခံစားရလွန်းလို့ ဒီစာကိုကျမရေးပြီး စာဖတ်သူတွေကို သိစေချင်ပါတယ်။ အကြောက်တရားကို ရွံမုန်းစွာနဲ့ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၇ဝ ကျော်ပျက်စီးခဲ့တဲ့ စနစ်ဆိုးထဲမှာ လူသားမျိုးဆက် သက်တမ်း ၂ ဆက် ပျက်စီးခဲ့တာ အားလုံးအသိပါပဲ။ လူသားမျိုးဆက်တွေက ဘယ်လိုပျက်စီးခဲ့တာပါလဲ။

အဲဒီခေတ်တွေမှာ တရားမျှတမှုဆိုတာ ဘယ်ဆီနေမှန်းမသိ၊ ကိုယ်ပိုင်ဦးနှောက်၊ ကိုယ့်ခြေကိုယ့်လက်နဲ့ ရှာဖွေဖို့မစဉ်းစားဘဲ ကိုယ်ချင်းစာစိတ်ကင်းမဲ့တဲ့ အတ္တအပြည့်လူသားတွေနဲ့ သူတို့သားသမီးတွေကြောင့် ပြည်သူတွေ စိတ်ဓာတ်ရေးရာ ပျက်စီးသွားခဲ့ရတယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ဖြစ်တဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ကြတယ်။

ကျမတို့မိဘ၊ အဖိုးအဖွားတို့က စီးပွားရေးကို တစ်မိသားစုလုံး ကျားကုတ်ကျားခဲ လုပ်ကြတဲ့မိသားစုတွေ ဖြစ်ပါတယ် ဦးညီ။ အမျိုးသားရဲ့ မိသားစုက ခေတ်ပျက်ထဲက သူဌေးတွေပေါ့။ နှဖူးကချွေး ခြေမကျမှရတဲ့ငွေနဲ့ ချမ်းသာသူက ငွေကိုတန်ဖိုးထား နားလည်သလို စာနာစိတ်အပြည့်နဲ့ မာန်မာနမရှိ သိုသိုသိပ်သိပ် နေတတ်သူတွေက တစ်အုပ်စု။

အသက် ၂ဝ ကျော်ကျော် "ဥုံဖွ" ဆိုပြီး ရာထူးရချိန်၊ ခေတ်ပျက်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လက်နက်ပါကိုင်ခွင့်ရတဲ့နေရာကို ရခဲ့လေတော့ ရှိသမျှထန်းတော ငါ့ထန်းတော ငါ့ထန်းတော ဆိုတဲ့စိတ်နဲ့ အပိုင်စားရတဲ့ နယ်တခွင်မှာ ငါ့အမိန့် ငါ့အာဏာ ငါ့ ကြောက်ရမယ်ဆိုပြီး လုပ်စားလိုက်တာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာသွားတာက အမျိုးသားဘက်က တစ်အုပ်စု။

မြို့တက်၊ တိုက်ဆောက်၊ ရွှေလင်ပန်းနဲ့ အချင်းဆေး။ ချမ်းသာလာသလိုနဲ့ နေလိုက်ကြတာ ဆိုပေမဲ့ ဘယ်လိုပဲ ငွေရှိလို့ လူချမ်းသာစာရင်းထဲ ရောက်ရောက် နှုတ်ထွက်စကားနဲ့ လူ့စရိုက်ကတော့ အဆင့်အတန်း ခွဲခြားလို့ရပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ ငါ့အမိန့် ငါ့အာဏာ ငါ့ ကြောက်ရမယ်ဆိုတဲ့ စာနာမှုကင်းမဲ့တဲ့ အုပ်ချုပ်မှုက ငွေရဖို့တင်မဟုတ်ဘဲ မိသားစုကိုပါ ပုံစံတစ်ခုနဲ့ အုပ်ချုပ်လာခဲ့တယ်။

ဒါစား၊ ဒီလိုနေ၊ ဒါပဲလုပ်၊ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ မူနဲ့ အုပ်ချုပ်လိုက်တာ သားသမီးတွေဟာ မှန်နေပါရက်နဲ့ ကြောက်ပြီး မှားပေးရတဲ့ဘဝ၊ မစားချင်ပါဘဲနဲ့ ကြောက်ပြီး စားခဲ့ရတဲ့ဘဝ၊ စိတ်မပါ ပါဘဲနဲ့ ကြောက်လို့လုပ်ခဲ့ရတဲ့ဘဝနဲ့ ကြီးပြင်းလာခဲ့ရတယ်။ ဒီလိုနဲ့ သူတို့ရဲ့ သားသမီး ၃ ယောက်ဟာ သူ့လိုအမိန့် အာဏာရှိတဲ့ နေရာတစ်နေရာရောက်ဖို့ အပြင်းအထန် ကြိုးစားပါတော့တယ်။ သူဆိုတာက ကျမအမျိုးသားဖြစ်လာမယ့် "သူ" ပေါ့။ လက်နက်ကိုင် အရာရှိတစ်ယောက်ဖြစ်ဖို့ ငွေရှိရင် ဖြစ်တယ်လေ။

(၂)
နေရာတစ်နေရာရဖို့၊ အမိန့်အာဏာနဲ့ လုပ်စားလို့ရဖို့ ရရာနည်းအကုန်သုံး၊ လူပိုင်တွေနဲ့ ပေးကမ်းပြီး ရင်းလိုက်တာ သူတို့ရဲ့သားဟာ စစ်တပ်အရာရှိ တစ်ယောက်ဖြစ်လာခဲ့တယ်။ ကျမမိသားစုက စီးပွားရေးသာ တွင်တွင်လုပ်ကြသူတွေပါ။ ကျမအမေဟာ ကျမတို့ပညာတတ်ဖြစ်စေဖို့ စည်းစနစ်တကျ ကျစ်ကျစ်လစ်လစ်နေတက်တဲ့ အမျိုးတွေရှိရာပို့ပြီး ကျောင်းတက်စေခဲ့တယ်။ အမျိုးသားနေတဲ့မြို့မှာ အဖေ့အစ်မကြီးက နေတာကြောင့် ကျမအမျိုးသားနဲ့ ကျမဟာ ငယ်သူငယ်ချင်းအဖြစ် အတူတူ ကျောင်းတက်ခဲ့ကြရာက သံယောဇဉ်တွယ်ရစ် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူ သင်တန်းဆင်း အရာရှိဖြစ်လို့ ဗိုလ်ကြီးရာထူး တင်ချိန်မှာ ကျမတို့လက်ထပ်ခဲ့ကြတယ်။

မတူညီတဲ့ မိသားစု ၂ ခု ပေါင်းဖက်ကြတာမို့လို့ မတူညီတဲ့အတွေးအခေါ်၊ မအပ်စပ်တဲ့ စိတ်နေသဘောထားတွေ အများကြီး ကွဲလွဲခဲ့ကြတယ်။အမြဲတမ်းလိုလို စိတ်သဘောထားမတိုက်ဆိုင်တဲ့ အချိန်တွေများလာတော့ စိတ်ပင်ပန်းကြီးစွာ ဘဝခရီးကို ဆက်ခဲ့ကြရတယ်။ စီးပွားရေးလုပ်တဲ့ မိသားစုကကြီးလာသူ ကျမက စီးပွားရေးသာ နားလည်ပြီး မဟုတ်မမှန်၊ အကြံအဖန် တစ်ခုမှ အားမပေး၊ မထောက်ခံ၊ အထင်မကြီးတတ်။ မိသားစုဘဝဖြစ်လာပြီမို့ စီးပွားရေးသာ လုပ်လိုစိတ် ပြင်းပြနေပေမဲ့ သူကတော့ သူကြံရည်ဖန်ရည်နဲ့ ချမ်းသာမှာကြောင့် အလုပ်လုပ်စရာမလိုဘဲ ထားနိုင်တယ်ဆိုပြီး တွက်ထားပုံရတယ်။

နေရာ၊ အာဏာ၊ အမိန့်၊ အကြောက်တရားနဲ့ ရလာမယ့်ဝင်ငွေနဲ့ ချမ်းသာဖို့ဆိုတာက စီးပွားရေးလုပ်တတ်၊ ဘာသာတရားနားလည်၊ ငွေကိုတန်ဖိုးထားတတ်တဲ့ ကျမအတွက်တော့ အရွံရှာဆုံး စိတ်ဖိစီးမှုကြီးပါပဲ။ ဒါပေမဲ့ ကျမတို့ ဘယ်လောက် နားလည်မှုလွဲလွဲ၊ ဘယ်လောက် စကားများရန်ဖြစ်ဖြစ်၊ ငယ်သံယောဇဉ်နဲ့ ၂ ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တူညီစွာ စုံမက်ချစ်ခင်ကြတယ်။ ကျမလက်ထပ်ပြီး ၃ လ တိတိအလုပ်မရှိဘဲ၊ မလုပ်ရဘဲ နေနေခဲ့ပေမဲ့ သူ့လစာအနေအထားနဲ့ သူ့စိတ်ရင်းဓာတ်ခံကို ကျမသိချိန်မှာ ကျမမိသားစုဘဝအတွက် စီးပွားရေးသာလုပ်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။


(၃)
ကျမ စီးပွားရေးမျိုးစုံ လုပ်ခဲ့တယ် ဦးညီ။ ကျမကျွမ်းကျင်တဲ့ စားသောက်ကုန်လုပ်ငန်းကို အရာရှိကတော်နဲ့ မတန်လို့မို့ မလုပ်ရဘူးဆိုလို့ ကျမ မကျွမ်းကျင်တဲ့ တခြားစီးပွားမျိုးစုံ လုပ်ခဲ့ရတယ်။ တစ်ဖက်မှာ သူတို့မိသားစုရဲ့ အကြံအဖန်ပေါင်းများစွာနဲ့ ချမ်းသာခဲ့တာကလည်း နှစ်အနည်းငယ်အတွင်းမှာ လုံးဝပြုတ်ပြုတ်ပြုန်း၊ မြို့ရဲ့နေရာအစုံ ချောင်ကြားမကျန် အိမ်ငှားနေရတဲ့ဘဝကို ရောက်သွားခဲ့တယ်။ ကျမရဲ့မြို့၊ ကျမနေလာတဲ့ ပတ်ဝန်းကျင် တော်တော်များများမှာ ကျမက အင်မတန်အလုပ်လုပ်နိုင်သူကြီးအဖြစ် ချစ်ခင်ကြသလို စကားပြောရင် ပြတ်သားလွန်းလို့ နဲနဲရွံ့ကြတယ်။

ကျမသမီးအကြီးကို ကိုယ်ဝန်ရှိချိန်မှာ ကျမက စီးပွားအတော် ဖြစ်နေပါပြီ။ အမျိုးသားက နေရာလေးရလာတော့ ဝင်ငွေလေးလည်း ကြံတတ် ဖန်တတ်ဝင်လာခဲ့တယ်ပေါ့ရှင်။ ဒီနေရာမှာ ငွေကိုတန်ဖိုးထားတက်ခြင်းက စကား စပြောလာတယ်။ သူများဆီက လက်ဖြန့်တောင်းမှ စားရတဲ့ဘဝကို မုန်းတဲ့မာန ကျမမှာရှိတယ် ။ ဒါက စီးပွားရေးသမားတိုင်းမှာ ရှိလိမ့်မယ်လို့ ထင်ပါတယ် ဦးညီ။ ဒီတော့ သူများသနားမှစားရတဲ့ဘဝထဲ မကျရောက်ဖို့ ကိုယ့်နဖူးကချွေး ခြေမကျအောင် ရှာထားရတဲ့ငွေကို တစ်ကျပ်တစ်ပြားကအစ ကျမ တန်ဖိုးထားပါတယ်။ သူရတဲ့ငွေကတော့ ကျမနဲ့ ဆန့်ကျင်ဖက်မို့လို့ တန်ဖိုးထားတာခြင်းလဲ မတူသလို အသုံးချတာခြင်းလည်း အကွာခြားကြီး ကွာခြားခဲ့တယ်။

ငွေကိုတန်ဖိုးထားတဲ့ကျမ လက်ဆုပ်လက်ကိုင်ရချိန်မှာ မိသားစုဘဝအတွက် အိုးပိုင်အိမ်ပိုင်ရဖို့ စိတ်ကူးစယဉ်ပါတယ်။ မြေ ၁ ကွက်ကနေ ၂ ကွက်၊ မြေလွတ်ကနေ အိမ်သေးသေး ၂ လုံးဆောက် အိမ်ငှားတင်၊ ရင်းနှီးမြှုပ်နှံမှုကနေ ဝင်ငွေရ၊ ကိုယ့်ခွန်ကိုယ့်အားကနေလည်း ဝင်ငွေရ ဆိုပြီး ၂ ဖက် ၂ လမ်းက သမာသမတ်ကျကျ ဝင်ငွေရှာခဲ့တယ်။ အဲလိုနဲ့ ကျမသမီးကြီး မွေးပြီးချိန်မှာ “ထွက်ငွေ” ဆိုတဲ့ ငွေယိုပေါက်ကြီးကို စမြင်လာပါတယ် ။


(၄)
အထည်ကြီးပျက် သူ့မိသားစုဝင်တွေဟာ အိမ်ငှားနေရပါတယ်။ အိမ်ငှားခ တချို့တဝက်ကို အမျိုးသားက ပို့ပေးရတယ်။ ကျမက စီးပွားလုပ်တတ်သူမို့ အမျိုးသားဝင်ငွေနဲ့ ပတ်သက်ရင် ကျမစီးပွားရငွေထဲက ယူမသုံးရင်ပြီးရောဆိုပြီး မေးလည်းမမေး တောင်းလည်း မသုံးခဲ့ဘူး။ ဘယ်လောက်ရပြီး ဘာတွေသုံးနေတယ်ဆိုတာလည်း မသိချင်ခဲ့ဘူး။ သိတာတစ်ခုကတော့ သူဝင်ငွေကောင်းလာချိန်မှာ အရင်ကတည်းက အပျော်အပါး ကြိုက်သူဓာတ်ခံမို့ အပျော်အပါးနဲ့ ပတ်သက်ရင် အကုန်လုပ်ပါတယ်။

သူ့မိသားစုကလည်း တတိတိ နည်းမျိုးစုံနဲ့ အလိမ်အညာတွေပါ ပါဝင်ပြီး ‌ငွေတောင်းပါတယ်။ အိမ်လခ ၁ နှစ်ပြည့်လို့ ပေးရတော့မယ်ဆိုရင် ကျမ ခြိုးခြံချွေတာခဲ့သမျှ ပေးရတယ်။ ဒီထွက်ငွေကို ကာမိဖို့ သူတို့နေရာမြို့မှာ အိမ်ဆောက်ပေးလိုက်ရင် ငါတို့မိသားစုပိုင်ဆိုင်မှု တစ်ခုအဖြစ် ကျန်ရှိမယ်၊ ထွက်ငွေလည်း ရပ်တန့်သွားမယ် ဆိုတဲ့အတွေး ကျမ ဝင်လာမိတယ် ဦးညီ။

ဖွဲစည်းပုံမပီပြင်ဘဲ ပရမ်းပတာရှိလှတဲ့ သူတို့မိသားစုတွေကိုလည်း အပြစ်မတင်လိုပါဘူး။ ငါက အလုပ်လုပ်နိုင်သူပဲ၊ ငါကြိုးစားပြီး အလုပ်ကိုပိုလုပ်မယ်ဆိုတဲ့စိတ်၊ စစ်သားယောက်ျားကို ကိုယ့်ဖက်ပါအောင် သိမ်းသွင်းပြီး သူရတာလေးနဲ့ပေါင်းလို့ အိမ်တစ်လုံး ဆောက်ပေးလိုက်မယ်ကြံရင်း မြေဝယ် အိမ်ဆောက်ခဲ့တယ်။ အိမ်ဆောက်တော့ ငွေက တတိတိနဲ့လိုလာတော့ ရန်ကုန်ကဝယ်ထားတဲ့ မြေ ၁ ကွက်နဲ့ အိမ် ၂ လုံးဆောက် ငှားထားတဲ့ခြံကိုရောင်း အဲဒီအိမ်ထဲကို ထည့်ပစ်လိုက်တယ်။ အားသွန်ခွန်စိုက်လုပ်တဲ့ကြားက အခက်အခဲတွေဟာ ဗလပွ၊ စိတ်ဆင်းရဲမှုတွေကြား လည်ပတ်ရင်း အလုပ်တွေတိုးလုပ်ခဲ့တယ်။

အပျော်ကြိုက်တဲ့ စစ်သားယောက်ျားကို မတားချင်တော့ လွှတ်ပေးထားရင်း သမီးငယ်လေးမွေးပြီးချိန်မှာ ဆောက်လုပ်ရေးလောက စပျက်လာတယ်။ ကန်ထရိုက်က ပြေး၊ ဝင်ငွေက တန့်၊ ချေးထားငွေက ပြန်သိမ်းမရ၊ ကိုယ့်ကိုယုံလို့ ပေးထားသူတွေကို ကတိမပျက်ချင်။ နောက်ဆုံး စီးပွားရေးသမားတို့ရဲ့ ထုံးစံအတိုင်း မရှိဝမ်းစာ ရှိတန်ဆာထုံး နှလုံးမူပြီး ရောင်းလို့ရတဲ့အိမ်လေး ရောင်းပြီး အတိုးပေးနေရတဲ့ ငွေတွေချေလိုက်ရင် ငါပြန်ရုန်းထနိုင်မယ်လို့ စဉ်းစားခဲ့တယ်။

ယောက္ခမတွေနေဖို့ ဆောက်ပေးထားတဲ့အိမ်လေး ရောင်းပါရစေ၊ ကန်ထရိုက်ပြေးလို့ တာဝန်ယူဆက်ဆောက်နေရတဲ့ တိုက်ခန်းတွေမှာနေပါ၊ ကျန်တာကို အစစအရာရာ ကျမတာဝန်ယူပါ့မယ်ဆိုပြီး ‌ရောင်းခွင့်တောင်းခဲ့တော့ ဘာပြောတယ်မှတ်သလဲ ဦးညီ။

အဲဒီ အိမ်ဆောက်တုန်း ငါက ဦးဆောင်ဦးရွက်လုပ်ပေးရသူမို့ ဒီအိမ်မှာ ငါ့လုပ်အားခတွေပါတယ် တဲ့။ ကျမ သူတို့တောင်းဆိုသမျှ အစစလိုက်လျောပြီး အိမ်ရောင်းရရေးသာ တောင်းဆိုခဲ့တယ်။ နောက်ဆုံးမှာ ဒီအိမ်ကို သူတို့အပိုင်သိမ်း ဆင်းမပေးချင်တော့တဲ့ အဖြေထွက်တာပဲ အဖတ်တင်ပါတယ်။

သားအရင်းရဲ့မိသားစု ဘဝပျက်မှာမို့ နောက်ဆုံးအကြိမ် လင်မယား ၂ ‌ယောက်စလုံး တောင်းဆိုကြချိန်မှာ သူကိုယ်တိုင်က ကိုယ်ထိလက်ရောက်၊ တုတ်ဆွဲ ရိုက်ခံရတော့မယ့်အဆင့်အထိရောက်အောင်၊ တောင်းဆိုသမျှ လုပ်ပေးခဲ့တဲ့ ချွေးမကိုပြောတဲ့ အဲဒီစစ်သားအိုကြီးရဲ့စကားက "နင်က ငါ့ ရှာကျွေးတယ်ပြောရအောင် နင်က ငါ့မယားလား" တဲ့။

ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေပါပြောထွက်ခဲ့တဲ့ အမိန့်အာဏာ အစိုးမရ၊ အကြောက်တရားပိုင်ရှင်ကြီးက သားအရင်းရဲ့မိသားစု ဘဝပျက်ချင်ပျက်ပါစေ၊ သူမပိုင်တဲ့ အိမ်ကြီး‌ပေါ်ကနေ သူဆင်း‌မပေးရပြီးရော မောင်းချလိုက်တာ။ အမောင်းချခံခဲ့ရတာက အိမ်ပိုင်ဖြစ်တဲ့ ကျမတို့မိသားစုလေ။


(၅)
ဒီအချိန်မှာ ကျမတို့ မိသားစုဘဝ ပျက်စီးဖို့ သေချာသွားပြီဆိုတာ ကောင်းကောင်းကြီး သိလိုက်ရပါပြီ။ ကျမရဲ့ တရားမျှတမှုကို ကျမ အချိန်ပြည့် ရှာဖွေနေမိတယ်။ ကျမ ဘာသာရေးလုပ်တယ်။ ကံ ကံ၏အကျိုးကို ယုံကြည်တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့ကြသူတွေကိုတော့မသိဘူး အမှန်တရားအတွက် တရားက နတ်စောင့်ပါတယ်။ ကျမရဲ့ ငွေကြေးလည်ပတ်မှုတွေဟာ မတရား ရှုတ်ထွေးသွားခဲ့ပြီ။ ကတိ‌တွေ မပျက်ချင်တော့ ယောက်ျားဆီကလည်း မရမက အတင်းတောင်း၊ ရသမျှ လိုက်ချေးငှား လှည့်ပတ်။ မိသားစုဘဝလေး မပျက်ဖို့ ရသမျှကျားကန်ရင်း နောက်ဆုံး ကတိတွေ စပျက်ပါပြီ ဦးညီ‌ရယ်။

လုံးဝမပေးနိုင်တော့ဘူး၊ မဖြေရှင်းနိုင်တော့ဘူး ဆိုတဲ့အချိန်မှာ တရားဆွဲရင် ထောင်ကျခံပါ့မယ်၊ ကိုယ်လုပ်ထားသမျှအပြစ် ကိုယ်ခံပါ့မယ်လို့ စိတ်ကိုဒုန်းဒုန်းချပြီး အိပ်မပျော် စားမဝင်တော့တဲ့ ခန္ဓာကိုယ်ကြီးကို စိတ်ငြိမ်ဆေးတွေသောက်ပြီး ဖြစ်လာမယ့် ပြဿနာရပ်တွေကိုသာ ကျမ ထိုင်စောင့်နေလိုက်ပါတော့တယ်။ ဘာသာရေးလုပ်ထားတဲ့ အကျိုးကျေးဇူး‌တွေကြောင့် ကျမဟာ သစ္စာဆိုတိုင်တည်ပြီး ထွက်ပေါက်တစ်ခုကိုလည်း ရှာဖွေနေမိတယ်။ ကျမ သစ္စာ ကောင်းကောင်းဆိုနိုင်ခဲ့တယ်။

ကျမ ၁၄ နှစ် ရှာဖွေခဲ့တဲ့ငွေတွေ ကုန်တဲ့အပြင် အိမ်လည်းဆုံး၊ အကြွေးတွေလည်း ထပ်တင်၊ မိသားစုဘဝပါ ပျက်တော့မယ့် အနေအထားကနေ၊ အချိန်တိုတိုနဲ့ ကြွေးလည်းကျေ၊ အဖတ်လည်း ဆယ်လို့ရဖို့ သမီးတွေဘဝရှေ့ရေး အဆင်ပြေစေဖို့ ဒီနိုင်ငံမှာ နေလို့တော့ အဆင်မပြေနိုင်ဘူး၊ ငွေကို ၂ ဆ ၃ ဆ တိုးရှာလို့ရမယ့်နေရာ ငါရွေးရမယ်ဆိုပြီး Facebook မှာ နေ့နေ့ညည စာတွေရှာဖတ်၊ စီးပွားရေးသာသိတဲ့ ကျမ နိုင်ငံတကာကို Facebook ကနေလေ့လာ၊ ငွေကြေးကွာဟမှုတွေ၊ တိုးတက်မှုတွေ လေ့လာရင်း ကျမ အချိန်ပေးဖတ်ရမယ့်စာတွေ တွေ့လာတယ်။


(၆)
‌ကျမ အမေရိကား အဆက်အသွယ်တွေ၊ အလုပ်အကိုင်တွေ၊ လေ့လာရင်း၊ ဖတ်ရင်း ကိုညီညီ (တောင်ကြီး) ရဲ့ စာတွေ ဖတ်မိလာတယ်။ သူ့ အင်တာဗျူးတွေ ကြည့်တယ်။ အမေရိကားမှာရှိတဲ့ အသိအစ်မကတဆင့် ဘာအလုပ်တွေရှိလဲ မေး၊ သူ့ဆီက မြန်မာအများစုက ဆူရှီလုပ်ကြတယ်ဆိုလို့ ဆူရှီအကြောင်း ဆက်လေ့လာ။ အစ်မမိငွေဇင် တင်တဲ့စာ‌တွေဆက်ဖတ်၊ နောက်ဆုံး အမေရိကားကို ငါသွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချချိန်မှာ ကျမ စိတ်ကို ကောင်းကောင်းနားလည်တဲ့ သူငယ်ချင်းရဲ့ အကူအညီနဲ့ အမေရိကားကို ရက် ၄ဝ အတွင်း ကျမနဲ့ကလေးတွေ ရောက်ခဲ့တယ်။ (စစ်သားယောက်ျား‌တော့ မပါလာဘူး သူ့အကြောင်း နောက်မှ ဆက်ပြောပါမယ်)

အခု ကျမ အခက်အခဲကြားကတဆင့် ပြေလည်မယ့်လမ်းပေါ် လျှောက်နေပါပြီ။ ကျမသစ္စာ မှန်ပါတယ်။ ကျမကို ငွေကြေးကူညီခဲ့ကြသူတွေ အားလုံး အခက်အခဲကိုယ်စီ ဖြစ်ကြရပြီလေ။ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် မလုပ်ခဲ့ပါဘူး။ အမေရိကားမှာ အကြွေးတွေအားလုံး ကျေအောင်ဆပ်နိုင်တဲ့အထိ ကြိုးကြိုးစားစား နေထိုင်လုပ်ကိုင်သွားမှာပါ။ တချို့တချို့သော အကြွေးတွေလည်း ကျေပြီးသွားပါပြီ။ ကျန်တာတွေကိုလည်း ပေးဖို့ အကျိုးအကြောင်း သတင်းပါးထား ပြီးပါပြီ။

ရုန်းကန်ရင်း ပြေးလွှားရင်းကပဲ ကျမရဲ့ နိုင်ငံတော်ကြီးကို၊ ကျမရဲ့မွေးရပ်မြေကို၊ ချစ်ပါရက်နဲ့ တရားမျှတမှုကင်းမဲ့စွာ မတရားမှုတွေကြောင့် စွန့်ခွာခဲ့ရပါတယ်။ ကျမ နေလာခဲ့တဲ့ အိမ်ထောင်တစ်သက်အတွင်း မိမိပတ်ဝန်းကျင်မှာ ဘယ်သူတွေ ဘယ်လို ဖန်တီး ချမ်းသာသွားကြသလဲ၊ ဘယ်လိုတွေ လုပ်စားနေကြသလဲ၊ နိုင်ငံတော်အတွက် ဘာတွေနစ်နာနေသလဲ၊ ရာထူးကြီးတွေက အပေါ်မှာ အသေစား၊ လက်အောက်မှာ အငယ်တွေဘဝ ဘယ်လိုခါးနေသလဲ၊ တစ်နှစ်တစ်နှစ်နိုင်ငံတော်ရဲ့ ဆုံးရူံးမှုက ဘာတွေလဲ၊ အားလုံးမဟုတ်ရင်တောင် ကျမ အတန်အသင့် သိပါတယ်။


(၇)
စီးပွားရေးတစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ ယောက်ျားရဲ့ စစ်တပ်တွင်းတာဝန်တွေကြားမှာ ကျမ အလိုက်တသင့် နေပေးခဲ့ပါတယ်။ ကျမသိသမျှ ချပြ၊ ပြောပြတော့ရော ကျမအင်အားသေးသေးလေးနဲ့ မယှဉ်သာလို့ ဘာတတ်နိုင်မှာတဲ့လဲ။

ဟုတ်တယ် စစ်တပ်အတွင်းမှာ တရားမျှတမှုမရှိတာတွေ၊ စာနာစိတ်ကင်းမဲ့မှုတွေ၊ ကြီးနိုင်ငယ်ညှင်း မူဝါဒတွေ၊ ဆုတ်လည်းစူး စားလည်းရူး၊ မိသားစုဘဝတွေ အများကြီး ကျန်ရှိနေပါတယ်။ ရုန်းထွက်ချင်ပေမဲ့ ရုန်းထွက်ဖို့ခက်နေတဲ့ မိသားစုအရေး၊ ဘဝအထွေထွေ ရှိကြသလို ရုန်းထွက်ချင်ပါရက်နဲ့ ရုန်းထွက်ခွင့်မပြုလို့ သံသရာလည်နေကြသူတွေ ဒုနဲ့ဒေး အများကြီး ရှိနေပါတယ်။

ကျမတို့နိုင်ငံရဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စနစ်ပျက် စနစ်ဆိုးကြောင့်၊ မကောင်းမှုကြောင့် ပျက်စီးသွားတဲ့ မျိုးဆက် ၂ ခု ရဲ့ စိတ်ဓာတ်ရေးရာမှာ ကျမတို့လို မြေဇာပင်မိသားစုတွေ ဘယ်လောက်များများ ရှိနေအုံးမလဲ တွေးကြည့်ကြပါ။ ဒီနိုင်ငံရေးရဲ့ အဓမ္မမှုကို ကျမ သိပ်ရွံရှာစက်ဆုတ်တယ်။ ဟုတ်တယ် ကျမ စီးပွားရေးမှန်သမျှ အကုန်စိတ်ဝင်စားတယ်။ ရလာတဲ့ ငွေကြေးနဲ့လည်း ကျမစာနာလို့ရတဲ့နေရာတွေမှာ ကျမ စာနာပေးခဲ့တယ်။

ဒါပေမဲ့ လုပ်ကွက်လုပ်ရပ်တွေ သိနေကြသူတွေကတော့ ကျမကို ရိသဲ့သဲ့နဲ့ “သူက ဘယ်သူ့ကတော်လေ၊ ဘာဂွင်တွေ ကိုင်ထားလို့ထောနေတာပါ” ဆိုတဲ့ စကားရပ်တွေ ပြန်ကြားတိုင်း ကိုယ့်စိတ်ရဲ့မူလသန္ဓေက ဘယ်လိုလဲ ဆိုတာကိုသာ ပြန်စစ်ဆေးတယ်။

ကိုယ်သာမှန်နေရင် ကံတရားက ကိုယ်ဘက်မှာ ရှိပြီးသားဆိုတာ ယုံကြည်ပြီး ဘဝကို ရင်ဆိုင်ခဲ့တယ်။ အခုလို နိုင်ငံတော်ကြီးရဲ့ မတရားလုပ်ခံရမှုမှာ နေ့တိုင်းလိုလို ကျမဖြစ်ရပ်နဲ့ ထပ်တူထပ်မျှ ခံစားနေရတယ်။ အမိန့်အာဏာနဲ့ အကြောက်တရားက ကျမရဲ့ အမှန်တရားကို မယှဉ်ပြိုင်နိုင်ပါဘူး။ သူတို့တတွေ ကျမဆောက်ထားတဲ့ အိမ်ပေါ်မှာ နေကြတယ်။ နေစရာ ရှိတယ်ပေါ့။ ဒါပေမဲ့ သူတို့ဦးနှောက်က ဘယ်နေရာ အချိုအချောင်ရမလဲပဲ ကြံတတ်တယ်။ သူတို့ဦးနှောက်အတွက် နေစရာ မရှိပါဘူး။

ကိုယ်ခန္ဓာကြီးမှာ ခြေ၊ လက် အစုံရှိတယ်။ ဘယ်လို အသုံးချရမလဲ မသိကြဘူး။ လူ့စွမ်းအားကို ဘယ်လိုအသုံးချရမလဲ မသိကြဘူး။ ကျမ ဘဝကို တစ်က ပြန်စရတယ်။ ကျမမှာ အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ဘဝကို မပျက်မစီး တန်ဖိုးထားပြီး အရာရာကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်တဲ့ဉာဏ် ရှိတယ်။


(၈)
ကျမတို့ နိုင်ငံတော်ကြီးမှာ မတရားမှုတွေ၊ အဓမ္မတွေ၊ အတ္တကြီးစိုးနေခဲ့တာက ကာလရှည်ကြာနေပြီ။ လူတိုင်းလူတိုင်း ရုန်းထွက်လွတ်မြောက်ချင်နေကြတာလည်း ကြာနေပြီ။ ရောင်နီပေါ်တဲ့အချိန်မှာ ခါးကဖြတ် အရိုက်ခံလိုက်ရတယ်။ ဆုံးရှုံးမှုအဖျက်စွမ်းအား သိပ်များနေတယ်။ လွတ်လပ်ခြင်းအရသာကို ခဏလေး ခံစားဖူးသွားတဲ့လူတွေ၊ လူငယ်တွေ နိုင်ငံနဲ့အဝှမ်း အများကြီးမှ အများကြီး။

မျက်စိပွင့်၊ နားပွင့် လူငယ်တွေ အင်ကုန်၊ အားကုန်၊ ရွက်ကုန်လွှင့်ကြမယ့် ဉာဏ်ကြီးရှင်တွေ၊ ပညာတတ်တွေ အများကြီး ရှိနေသေးတယ်။ သူတို့ ဘယ်လောက် မတရားလုပ်နိုင်မလဲ ငါတို့ဆီမှာ ထွက်ပေါက်ရှိကို ရှိတယ်။ ဘာမှ မလုပ်တတ် မကိုင်တတ် ကိုယ့်တစ်မိသားစုဘဝ သာယာရင်ပြီးရောဆိုပြီး သူများအိမ်ကို အပိုင်သိမ်းပြီး အကြံတုံး ဉာဏ်တုံး၊ စီးပွားမရှာတတ်၊ နေ့ရှိသ၍ အိမ်ထဲငုတ်တုတ် ဘဝသေနေတဲ့ လူတန်းစားတွေ၊ အိမ်ကြီးရှင်ရယ်လို့ အမည်တပ်၊ အိမ်ထဲငုတ်တုတ် ငတ်နေရမယ့်ဘဝ၊ အသေလှဖို့တောင် မရေရာတဲ့ဘဝရောက်နေတာကို မသိတာက သနားဖို့တောင် ကောင်းသေးတယ်။

အရာအားလုံးမှာ ကျမမြတ်နိုးတဲ့ အမှန်တရားက ကျမဖက်ပါခဲ့လို့ အဆုံးသတ်မှာ ကျမချစ်တဲ့ နိင်ငံတော်အတွက် အမှန်တရားကလည်း မကြာခင် ပေါ်ပေါက်လာရမှာပါ။

မိခင်ကိုယ်တိုင်က ပရဟိတစိတ်ဓာတ် အပြည့်ရှိသူမို့လို့ သိပ်တော်ပြီး လိမ္မာလွန်းတဲ့ သမီးလေး ၂ ယောက်ဟာ တစ်နေ့မှာ မြန်မာပြည်ကြီးကိုပြန်လည် အကျိုးပြုနိုင်ရပါစေ့မယ်လို့ ကတိပေးပါတယ်။

အရေးတော်ပုံ အောင်ရမည်။

စာကြွင်း ။ ။
ယခုပြောပြသော ဖြစ်ရပ်မှန် ဆောင်းပါးရှည်ပိုင်ရှင်နှင့် အမျိုးသားစစ်သားတို့ ၂ ဦးသည် ငယ်ချစ် ဇနီးမောင်နှံဖြစ်၍ ချစ်ခြင်းမေတ္တာ မကုန်ခမ်းသေးသော်လည်း နိုင်ငံရေးခံယူချက်မှာ ပြဒါးတလမ်း သံတလမ်း ဖြစ်ကြသည်။ မဲပေးပြီးအပြန် ရိုက်ထားသည့် ဓာတ်ပုံကိုကြည့်လျှင် မည်သူက မည်သည့်ပါတီကို ထောက်ခံမဲပေးခဲ့သည်ကို မှန်းဆနိုင်ပါသည်။

ပြောပြသူသည် မြန်မာပြည်သူလွတ်မြောက်ရေးနှင့် နွေဦးတော်လှန်ရေးအတွက် လက်ရှိရောက်နေသော အမေရိကန်မြေပေါ်မှ အစွမ်းကုန် ပါဝင်လှုပ်ရှားနေသူဖြစ်သည်ကို သိစေအပ်ပါသည်။ ယခုပြောပြသူ၏ လုံခြုံရေးကို ‌ရှေ့ရှုပြီး အချို့မူရင်း အချက်အလက်များမှအပ ကျန်သည့် ဘဝစာသားများကို အရိုးခံအားဖြင့် တစည်းတလုံးတည်း အကုန်အစင် ဖော်ပြလိုက်ရပေသည်။
(စာရေးသူ)

ခင်လျက်
#KNN-Tgi
06-22-2021


No comments: