ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, November 23, 2014

အလီဘာဘာ ရဲ့ တစ်ကိုယ်တော်အရောင်းနေ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အနောက်နိုင်ငံတွေမှာ ကျေးဇူးတော်နေ့လွန် သောကြာနက်နေ့  - Black Friday ရဲ့ အထူးလျှော့ဈေးများဟာ တရုတ်နိုင်ငံသားများရဲ့ရင်ကို မလှုတ်ခတ်နိုင်ခဲ့ပါဘူး။ ထိုနည်းတူစွာ ကျေးဇူးတော်နေ့သတ္တပတ် - Thanksgiving Day Weekends အနားယူပြီးနောက် ဆိုင်ဘာတနင်္လာ အွန်လိုင်းဈေးဝယ်နေ့ - Cyber Monday ဟာလည်း ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံသားများ ဆင်နွှဲဖို့ အခက်အခဲတွေ ရှိကြတယ်။ ဒီိအခက်အခဲတွေကိုဖြေရှင်းဖို့အကြောင်းပြပြီး ဖေဖော်ဝါရီလ ( ၁၄ ) ရက်နေ့မှာကျရောက်တဲ့ ချစ်သူများနေ့ကိုတုံ့ပြန်ဖို့ရည်ရွယ်တဲ့ တစ်ကိုယ်တော်နေ့  - Single’s Day ကို ( ၂ဝဝ၉ ) ခုနှစ်အရောက်မှာ တရုတ်နိုင်ငံမှာ ကိုယ်ပိုင်သတ်မှတ်နိုင်ခဲ့တယ်။ ဒါကိုဦးဆောင်သူက အခုလက်ရှိ အမေရိကန်စတော့ဈေးကွက်မှာ သူ့ရဲ့ ကုမ္ပဏီကို စာရင်းတင်သွင်းပြီးသကာလ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်သွားသူ အလီဘာဘာ - Alibaba.com အွန်လိုင်းအရောင်းဆိုဒ်တည်ထောင်သူ ဂျက်မာ - Jack Ma ဖြစ်ပါတယ်။
.
ဒီလှုပ်ရှားမှုကိုစတင်ပြီး ( ၃ ) နှစ်အကြာမှာ Double -11 ဆိုတဲ့ အထိမ်းအမှတ်ကို အမေရိက မှာ မူပိုင်ခွင့်မှတ်ပုံတင်နိုင်ခဲ့တယ်။ အကြောင်းက Single’s Day ဟာ မှတ်လို့လွယ်အောင် ( ၁၁ ) လပိုင်း ( ၁၁ ) ရက်နေ့မှာ ကွက်တိသတ်မှတ်ထားလို့ပါ။ ( ၂ဝဝ၉ ) မှာစခဲ့တုန်းက ပါဝင်ရောင်းချသူကုမ္ပဏီ ( ၂၇ ) ခုသာရှိခဲ့ပေမယ့် ဈေးဝင်ရောင်းသူ - Vendor ( ၂၇ဝဝဝ ) ရှိခဲ့လို့ မျက်နှာပန်းလှခဲ့ရုံမက ပြီးခဲ့တဲ့နှစ်အထိရောင်းချရငွေ ယွမ်ငွေ သန်းပေါင်း ( ၃၅ဝဝ ) အထိ စံချိန်တင်နိုင်ခဲ့တယ်။
.
ဈေးလျှော့ရောင်းမယ့်ကုန်ပစ္စည်းတွေကို အောက်တိုဘာလ ( ၁၅ ) ရက်နေ့လောက်ကတည်းက ကြိုတင်ကြော်ငြာကြတယ်။ အွန်လိုင်းဈေးဝယ်သူ - Online Shoppers တွေက ကောင်းနိုးနိုး ပစ္စည်းလေးတွေ ရှာဖွေရင်း နိုဝင်ဘာ ( ၁၁ ) ရက်နေ့မရောက်ခင်အထိ ရင်ခုန်နေရတဲ့ ကာလဆိုရင်မမှားပါဘူး။ တစ်ချို့ရောင်းသူဆိုဒ်တွေမှာလိုချင်တာကို ဈေးခြင်းတောင်း - Shopping Cart ထဲ ထည့်ဝယ်ထားနိုင်ပြီး တစ်ကိုယ်တော်နေ့ရောက်လို့ ပစ္စည်းပို့မယ်ဆိုတော့မှ ဘဏ်ကဒ်ထဲကငွေနှုတ်ယူတဲ့နည်းနဲ့ သူ့ထက်ကိုယ် စောရောင်းရအောင် နည်းလမ်းတွေ သုံးကြပါသေးတယ်။
.
ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ JD.com Inc ၊ Suning Commerce Group Co Ltd ၊ Yihaodian ကုမ္ပဏီ တို့နဲ့ Wal-Mart Stores တို့အပြင် ဂျပန်အထင်ကရကုမ္ပဏီဖြစ်တဲ့ Muji တို့ပါ ပါဝင်လာတော့ ဒီပွဲဟာ ဝယ်သူများရဲ့ လိုအင်ဆန္ဒကို အပြည့်အဝဖြည့်စွမ်းပေးနိုင်တဲ့ အဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့တယ်။
.
ယခုနှစ် 11.11.2014  အင်္ဂါနေ့မှာကျရောက်တဲ့ တစ်ကိုယ်တော်နေ့ အရောင်းဟာ ယွမ်ငွေ ( ၅၇၁ဝ ) သန်း အထိ ရှိလာတဲ့အချိန်မှာ ကုန်ပစ္စည်းအော်ဒါပေါင်း ( ၂၇၈ ) သန်း အထိပို့ဖို့ ဖြစ်လာပါတယ်။ ဒီအထဲက ( ၄၃% ) သော ဝယ်ယူမှုများဟာ စားသုံးသူများရဲ့ လက်ကိုင်ဖုန်းကနေ တင်လိုက်တဲ့ အော်ဒါတွေ ဖြစ်ကြတယ်။ အွန်လိုင်းငွေပေးချေမှုရဲ့ ( ၃၅% ) ကို ကိုင်တွယ်ရာမှာ အနောက်နိုင်ငံရှိနည်းပညာဈေးသည်ကြီးတွေလို ကိုယ်တွယ်ရတာ မချောမွေ့ဘူးဆိုတာ အလီဘာဘာက ဝန်ခံထားပါတယ်။ အင်တာနက်ကို အားကိုးပြီး ငွေလွှဲပြောင်းယူရတဲ့အခါ လူများရင်များသလို အခက်အခဲရှိတာကို ဆိုလိုတာဖြစ်ပါတယ်။
.
အောင်မြင်သူယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ ငြိမ်သက်စွာပံ့ပိုးပေးသူ အမျိုးသမီးတစ်ဦးရှိကြတယ်ဆိုတဲ့ စကားကို အသွင်ပြောင်းပြီး “ Jack Ma ရဲ့နောက်ကွယ်မှာ သန်းပေါင်းများစွာသော အွန်လိုင်းဈေးဝယ်သူ “ မမ ” တို့ ရှိကြတယ် လို့ နောက်ပြောင်ယူရတဲ့အထိ အလီဘာဘာ ဟာ အောင်မြင်ခဲ့တယ်။ အလီဘာဘာကိုယ်တိုင်ရောင်းတဲ့ပစ္စည်းမှာ အမြတ်ရသလို တစ်ခြားကုမ္ပဏီတွေရဲ့ရောင်းစွံကုန်ပစ္စည်းတွေပေါ်က ပွဲခကော်မရှင်မြက်မြက်ကလေးရနေတာမို့ ဘာကြောင့် Jack Ma ဒီလောက်အထိချမ်းသာနေတာလဲလို့ မေးဖို့မလိုတော့ပါဘူး။ ဒီလိုနေ့ရက်တစ်ခုကို သတ်မှတ်ပြီး စုပေါင်းဈေးရောင်းစားဖို့ နောက်ထပ်ကုမ္ပဏီတစ်ခုက လိုက်လုပ်နိုင်ဖို့ဆိုတာ ပိုလို့တောင် မလွယ်လှပါဘူး။
.
တစ်ခုသတိထားဖို့က ဒီလိုဈေးလျှော့တဲ့နေ့တွေမှာ လူ့သဘာဝ ကိုယ့်ရှိငွေထက် လိုတာရော မလိုတာရော မတရား ဝယ်ယူမိတတ်ကြတယ်။ အကြွေးသာရမယ်ဆိုရင် ဆင်တောင်ဝယ်စီးမယ့်လူတွေရှိတယ်ဆိုတာ မယုံမရှိပါနဲ့။ ကုန်သည်ကတော့ နည်းမျိုးစုံသုံးပြီး ဈေးရောင်းဖို့သာ ကြံစည်နေမှာပါ။ ဘာအထိမ်းအမှတ်နေ့၊ ဘယ်လိုလျှော့ဈေးဆိုပြီး တစ်နှစ်ပတ်လုံးရောင်းမစွံတဲ့ပစ္စည်းတွေ၊ နာမည်ရတံဆိပ်တွေကို မယှဉ်နိုင်လို့ စင်ပေါ်က ဆွဲချခံထားရတဲ့ Generic Brand တွေ အပီအပြင်ရောင်းချတဲ့ လှည့်ကွက် ပါရှိနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ အမှန်ဆို ဈေးသည်က ဈေးရောင်းတဲ့ သူ့အလုပ်သူလုပ်ပါတယ်။ ဝယ်သူကသာ ငွေမနိုင်ပဲ မတရား မဝယ်သင့်ပါ။ လက်ရှိကုန်တိုက် - Physical Store လိုမျိုး ကုန်ပစ္စည်းကို ကိုင်တွယ်ကြည့်ရှုလို့မရတဲ့ အွန်လိုင်းဈေးဝယ်မှု ရဲ့ အားနည်းချက်ဆိုတာမျိုးလည်း ရှိပါသေးတယ်။
.
နောက်ပိုင်း တိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ အနောက်တိုင်းပြည်တွေက အဓိက ကုန်ပို့လုပ်ငန်းတွေဖြစ်တဲ့ USPS ၊ UPS ၊ Fedex နဲ့ အရှေ့ဖျားအထိပေါက်ရောက်တဲ့ DHL တို့တစ်တွေ မြန်မာ့ကုန်စည်ပို့ဆောင်ရေးတို့ ပူးပေါင်းပြီးနိုင်ပြီဆိုရင်တော့ ဘဏ်ရှိ ကိုယ့်ငွေကိုယ်သုံးတဲ့ ဒက်ဘစ်ကဒ်ပြား - Debit Card နဲ့ အကြွေးဝယ်ကဒ်ပြား - Credit Card ရှိသူတိုင်း မိမိအိမ်ရှေ့အရောက် အွန်လိုင်းဈေးဝယ်နိုင်တော့မှာဖြစ်ကြောင်း ကြိုတင်သတင်းပေးလိုက်ရပါတယ်။
.
.
Ref: Reuters, BBC News
.
" အလီဘာဘာ ရဲ့ တစ်ကိုယ်တော်အရောင်းနေ့ " စာမူသည် ၂ဝ၁၅ မတ်လ ( ၇ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၇၆
) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/usm9ugcq27c41g4/NetGuide+Vol+3%2C+Issue+76.pdf









No comments: