ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
(၂ဝ၁၉) မှာ အသက်ဝင်ခဲ့တဲ့
သမ္မတထရမ့်အစိုးရရဲ့ပြောင်းလဲမှုဥပဒေတွေထဲက (၂ဝ၂ဝ)
ခုနှစ်ကိုအကျိုးသက်ရောက်စေတဲ့အချက်တွေထဲက (၄) ခု ကို ထုတ်နှုတ်ရေးသားပြပါရစေ။
ဒီအထဲမှာ အမေရိကားကိုတရားဝင်နေထိုင်နေပြီးသား အသစ်ပြောင်းရွှေ့သူ-New Immigrants တွေ
မလွဲမသွေလိုက်နာရမယ့်ဥပဒေသစ်တွေပါနေပါတယ်။
နည်းနိုင်သမျှနည်းအောင်ကြိုးစားနေတဲ့ပြည်ဝင်ခွင့် နဲ့
ဆွဲထားနိုင်သမျှဆွဲဆန့်ချင်နေတဲ့လုပ်ဆောင်ပုံအဆင့်ဆင့်တွေဟာ
အမေရိကန်နယ်စပ်လုံခြုံရေးဝန်ကြီးဋ္ဌာနရဲ့သြဇာကိုပိုမိုကြီးထွားလာစေပြီး
တရားဝင်ပြောင်းရွှေ့လိုသူတွေရဲ့အကျိုးခံစားခွင့်-Benefit တွေကို လျှော့ချလိုပုံရပါတယ်။
“ကောက်ခံတဲ့ဝန်ဆောင်ခတွေတိုးမြင့်လာနိုင်”
အမေရိကန် လ.ဝ.က ဟာ နိုင်ငံသားတွေအပေါ်မှာ
ဝန်ဆောင်ခတွေအဆမတန်တိုးမြင့်ကောက်ခံသွားဖို့ရှိနေပါတယ်။ အထင်သာ
အမြင်သာဆုံးကိုပြပါဆိုရင် နိုင်ငံသားစာမေးပွဲဖြေဖို့ဖောင်-U.S. Citizenship
through Naturalization Application တင်ဖို့ ဒီနှစ်ထဲမှာ ဒေါ်လာ (၁၁ရဝ)
ပေးရတော့မှာပါ။ အရင်ပေးနေရတဲ့ ဒေါ်လာ (၆၄ဝ) ထက်စာရင် (၈၃%)
မြင့်တက်သွားတာဖြစ်ပါတယ်။
နိုင်ငံရေးခိုလှုံခွင့်ဖောင်-Asylum Seekers for
Their Application အတွက် ဒေါ်လာ (၅ဝ) ပေးမှ တင်ခွင့်ပြုပါတော့မယ်။
ဒီအခကြေးငွေကောက်ခံမှုဟာ တစ်ကမ္ဘာလုံးမှာ လူသားချင်းစာနာမှုကာကွယ်ရေး-Humanitarian
Protection ကိုငွေပေးမှလုပ်ဆောင်ပေးတဲ့
(၄) နိုင်ငံထဲကို အမေရိကန်နိုင်ငံဝင်ရောက်လိုက်တာဖြစ်ပါတယ်။
လူသိများတဲ့နောက်တစ်ခုက EAD-
Employment Authorization Document လို့ခေါ်တဲ့ အလုပ်လုပ်ပိုင်ခွင့်-Work Permit အခွန်ကို
ဒေါ်လာ (၄၉ဝ) ၂ဝ% တက်လာတာပါ။
ဒါက ဖတ်မိတဲ့ဆောင်းပါးထဲမှာပါတဲ့ တက်စျေးတစ်ချို့သာဖြစ်ပါတယ်။
လက်ရှိလုပ်နေတဲ့အမှုတွဲရဲ့ဝန်ဆောင်မှုစျေးနှုန်းတက်/မတက်ဆိုတာကိုဂဂဏဏသိချင်ရင် ဒီနေရာ (https://www.uscis.gov/forms/our-fees) မှာဝင်ဖတ်နိုင်ပါတယ်။
“နိုင်ငံသားစာမေးပွဲဖြေဖို့မေးခွန်းတွေပိုခက်လာနိုင်”
(၂ဝ၁၉) ခုနှစ်မှာ
အမေရိကန်တစ်နိုင်ငံလုံးမှာကျင်းပတဲ့နိုင်ငံသားသစ်တွေကိုကြိုဆိုတဲ့ကျမ်းကျိန်ပွဲပေါင်း
(၄ဝဝဝ) ကနေ လျှောက်ထားသူပေါင်း အယောက် (၈၃၄ဝဝဝ) ကို
အမေရိကန်နိုင်ငံသားအဖြစ်ခံယူခွင့်ပေးခဲ့ပါတယ်။ ဒီပမာဏဟာ (၁၁)
နှစ်အတွင်းမှာအမြင့်မားဆုံးဖြစ်တာနဲ့အညီ
လက်ရှိသမ္မတရဲ့အထူးအာရုံစိုက်မှုကိုရရှိထားတာလည်းဖြစ်ပါတယ်။
ဒါရဲ့အကျိုးဆက်အနေနဲ့
အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားအစိမ်းကိုင်ထားသူ-Permanent Residents တွေဟာ
နိုင်ငံသားစာမေးပွဲမေးခွန်းတွေကို
အရင်ထက်ပိုမိုနားလည်ဖို့လိုလာတယ်လို့သိရပြန်ပါတယ်။
သာမန်ထက်ပိုတဲ့
အင်္ဂလိပ်စာကိုကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်ဖတ်နိုင်၊ ရေးနိုင်၊
ပြောနိုင်ဖို့လိုလာမယ့်အပြင် အမေရိကန်သမိုင်းနဲ့အစိုးရရုံးစံနစ်တွေရဲ့ဖွဲ့စည်းပုံတွေကိုသိကျွမ်းပြီးသားဖြစ်နေရပါမယ်။
ဒါမှသာ နိုင်ငံသားစာမေးပွဲကအရာရှိမေးတဲ့မေးခွန်းတွေအတွက် အဆင်သင့်ဖြစ်နေမှာပါ။
ဒါ့အပြင် လူ့ကျင့်ဝတ် နဲ့
သာမန်လူတစ်ယောက်မှာရှိသင့်ရှိအပ်တဲ့အကျင့်စရိုက်တွေကိုဆန်းစစ်နိုင်ပါသေးတယ်။
ဒါတင်ဘယ်ကဦးမလဲ နိုင်ငံသားတစ်ယောက်မလုပ်သင့်တဲ့
အာမခံကိစ္စရပ်တွေမှာတရားခွင်ကိုရှောင်တိမ်းတာ၊ ဘဏ်စာရင်းလိမ်တာ၊ အခွန်ရှောင်တာ၊
လူမှားရိုက်ပြီးနိုင်ငံသားလျှောက်တာ စတဲ့
ဖြစ်နိုင်ခြေရှိလောက်တဲ့အရိပ်အယောင်တွေကိုအရာရှိကရှာဖွေနေမှာဖြစ်ပါတယ်။