ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, April 25, 2014

စိတ်ဖိစီးမှု နှင့် ဒီမိုကရေစီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

     
              အဖက်ဖက်က လိုလေသေးမရှိ ပြီးပြည့်စုံသူတွေမှာ လိုအပ်ချက်တစ်ခုရှိနေပါသေးတယ် ၊ ဒါကတော့ မဖြစ်ချင်တာဖြစ်ရ ဖြစ်ချင်တာမဖြစ်ရ လို့ ယျေဘုယျဆိုနိုင်တဲ့ ညှင်ညှင်သာသာလောကဓံ နဲ့ ခေတ်သစ်စိတ်ဖိစီးမှု-Moral Stress တွေဖြစ်တယ် ၊ လိုတိုင်းတ ရပေမယ့် စိတ်ဖိစီးမှုကို မလွဲမရှောင်သာခံစားရလေ့ရှိကြတာ ဓမ္မတာတစ်ခုဖြစ်တာ ငြင်းဆိုလို့မရတဲ့အချက်တစ်ခုပါ ၊ ကိုယ်မကြားချင်တာ ခပ်သဲ့သဲ့လေးကြားနေတာကအစ မမြင်ချင်ပါဘူးဆိုမှ ထိပ်တိုက်တိုးနေတတ်တာ ဘယ်လိုအကြောင်းတရားတွေက စီမံမှုပေးနေတာပါလဲ ၊ စဉ်းစားရင်း အဖြေမရ တစ်ခုမပြေလည်ခင် နောက်တစ်ခုဆက် ဒီလိုနဲ့ပဲ ရှုတ်ထွေးသွားလိုက်တဲ့ချည်ခင် တစ်ခိုင်လုံးရွှေဖြစ်နေရတာ စိတ်ဖိစီးမှုပါ ၊ လူသားအလင်းရောင် လူသားအမှောင်အရင်းအမြစ် လူသားကမ္ဘာ တို့ကို အရောင်တစ်မျိုးနဲ့ လွှမ်းခြုံထားလိုက်တဲ့ ဒီစိတ်ဖိစီးမှုလက်က ဘယ်လိုအလွှာအသီးသီးလူတန်းစားမှ လွတ်မြောက်ရန်မတတ်နိုင်ဖြစ်နေပါတယ် ၊ ဒီ စိတ်ကို ဘယ်လိုဖြေပျောက်နိုင်ပါသလဲ ၊ ဘယ်ကဲ့သို့သော ဒိုးဇက်တုံးလေးများနဲ့ မိမိဘဝကို သွယ်ဆက်ဖြောင့်တန်းနိုင်စေပါသလဲဆိုတဲ့အမေးကိုဖြေကြားနိုင်ဖို့ မူဝါဒ တစ်ခုကို အကူအညီတောင်းပြီး ဆွေးနွေးအကြံပေးခွင့်ပြုပါ ၊ အဲဒီဝါဒက ရဲဘော်ကြီး “ ဒီမိုကရေစီ ” ပါ ။




           လူမှုရေးမှာမအောင်မြင်တဲ့အဓိကအကြောင်းရင်းက စိတ်ဖိစီးမှုလို့ပဲ တဲ့တိုးပြောပါရစေ ၊ ဘယ်နေရာမဆို သူမပါရင်မပြီးဘူး ၊ ပေါင်းသင်းဆက်ဆံရေးမှာ သူတစ်ပါးနားလည်အောင်ပြောတတ် ဆိုတတ်ခြင်းက ပကတိမွေးရာပါ ဒီမိုကရေစီပါ ၊ တတ်မြောက်ခြင်း မတတ်မြောက်ခြင်း / သင်ယူခြင်း မသင်ယူခြင်းဟာ နောက်ဆက်တွဲတိုးတက်မှု-Development ရဲ့အကျိုးဆက်ဖြစ်တယ် ၊ ပြောရရင် ကလေးတစ်ယောက် နို့ဆာလို့ငိုတာ သူ့ဒီမိုကရေစီဖြစ်ပါတယ် ဒါသူ့အခွင့်အရေးပါ ၊ အစာဝသွားလို့ အငိုတိတ်သွားတဲ့အခါ လှုပ်ရှားမယ် ဆော့ကစားမယ်ဖြစ်လာတဲ့ အမူအကျင့်က သူ့အတွက်ဆင့်ပွားတိုးတက်ဖြစ်ထွန်းမှု-Alternative Motivation အဆင့်ကိုတွန်းပို့ပေးတဲ့အချိန်ရုံမက ဒီကလေးမှာ လွတ်လပ်ခြင်းဒီမိုကရေစီဓါတ်ရှိနေပြီး စိတ်ဖိစီးမှု ပပျောက်နေပါတယ် ။


 ဒါကြောင့်ပဲ တိုးတက်ဆဲ တိုးတက်ပြီးနိုင်ငံတွေရဲ့ ဒီမိုကရေစီအရင်းအမြစ် ရင်သွေးငယ်များရဲ့ မူကြို ကနေ အထက်တန်းအထိပညာရေးမှာ ကိုယ်လက်လှုပ်ရှားမှုသင်ခန်းစာ P.E – Physical Education ဟာ အဲဒီကျောင်းသားငယ်ရဲ့ ခန္ဓာကိုယ်ကိုတောင့်တင်းစေပြီး စိတ်ဓါတ်ဖွံ့ဖြိုးစေရုံမက နိုင်ငံတော်တည်ဆောက်ရေးရဲ့ အုတ်နီခဲတစ်ချပ် / သရိုးကိုင်မယ့် ဘိလပ်မြေ တစ်ဒယ် မက တန်ဖိုးထားကြတာပါ ၊ ဒီကနေတစ်ဆင့် ခေတ်ပညာကို လက်တန်းသင်ယူနိုင်ပြီး မျက်မှောက်ဖြစ်ပေါ်နေတဲ့ ကမ္ဘာတစ်လွှားတိုးတက်ပြောင်းလဲမှုတွေရဲ့ အဆိုးအပြစ် နှလုံးသွင်းနမူနာကို လွတ်လပ်တဲ့ကျောင်းစာသင်ခန်းမှာ ပုံစံရိုက် အပြီးလေ့ကျင့်ပေးလိုက်မှုဟာ တစ်ကယ့်လွတ်လပ်မှုရဲ့ “ လူမှုရေး ဒီမိုကရေစီ ” ဖြစ်ပါတယ် ၊ ဒီပုံ ဒီနည်း သင်ကြားခဲ့ရတဲ့ကျောင်းသားဟာ လူ့လောကထဲကိုလည်းရောက်လာရော ကြုံတွေ့ရမယ့်အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းနာကိုရခဲ့ပြီးသားမို့လို့ စိတ်ဖိစီးမှု အဖြစ်မခံပဲ မသိတာကိုမေးရဲ ၊ မရှင်းတာကို ဆွေးနွေးရဲ ၊ မှန်တဲ့ဘက်ကရပ်တည်ရဲသူ အမှန်သမားဘက်တော်သားဖြစ်စေတာ အင်မတန်အားရစရာပါ ။




                စွန့်ဦးတီထွင်သူစီးပွားရေး-Entrepreneurship လောက ကိုဝင်မယ့်သူတစ်ယောက်အနေနဲ့ အမေရိကန်ကျောင်းက ထိပ်ဆုံးသတိပေးထားတာ စိတ်ဖိစီးမှုရှိနေရင် မအောင်မြင်နိုင်ဘူးတဲ့ဗျာ ၊ အကြောင်းပြချက်ကတော့ ဖိစီးတဲ့စိတ်ကြောင့် သူတစ်ဦး-Personel ဟာ မလွတ်လပ်ပါဘူး ၊ ဒါကြောင့် သူဟာ သူ့တိုးတက်ရေးကို ဖြောင့်ဖြောင့်တန်းတန်းမတွေးတောနိုင်သလို အလုပ်အကိုင်ရဲ့စာရင်းဇယားတွေ ကုန်သည်ပွဲစားတွေဆီက သတင်းအချက်အလက်တွေကို ရယူဖို့ သူ့စိတ်ရဲ့အပေါ်မှာ တစ်ခုခု “ ခံ ” နေပါတယ်တဲ့ ၊ ထပ်ချဲ့ပြီးပြောရရင် လွတ်လပ်မှုကနေရှာဖွေနိုင်မယ့် ဒီမိုကရေစီအခွင့်အလမ်းအတွက် သူလမ်းခုလတ်မှာ သွေးကြောပိတ်နေပါတယ် ။


 ရှေ့တည့်တည့်ကိုရောက်လာတဲ့ အကျိုးအမြတ်ရှိတဲ့လမ်းစကို မှန်မှန်ကြည့်နိုင်ရမယ် ၊ အယောင်ဆောင် ကောလဟလသတင်းအမှားကို မလိုက်မိဖို့ စိတ်ပိုင်းဖြတ်နိုင်ရမယ် ၊ အဓိက ရိုးသားရမယ် ၊ စိတ်ဖိစီးမှုများနေသူ စီးပွားရေးသမားဟာ အဲဒီအလုပ်တွေကို စည်းချက်ဝါးကျမလုပ်နိုင်တော့ပါဘူး ၊ မပြေလည်တဲ့စိတ်သာ တစ်ဝဲလည်လည်နဲ့ ချောင်ပိတ်နေရင်း နောက်ဆုံးလည်ပတ်ငွေကြပ်လာတာနဲ့အမျှ အိမ်ပေါင်ရိုက်ပြီး မကြံမိ မကြံရာ ငွေတိုးချေးယူရင်း စီးပွားရေးနောက်ပြန်ဆွဲမိပါတော့တယ် ၊ အားလုံးသိကြတဲ့အတိုင်း စီးပွားဖြစ်လုပ်ကိုင်တဲ့အခါ ဒါရိုက်တာဘယ်လောက်တော်ပါစေ မန်နေဂျာဘယ်လောက်စွမ်းပါစေ ဦးစီးဦးဆောင်လုပ်တဲ့ မိမိကိုယ်တိုင်က စီမံဝေခွဲနိုင်မှုစွမ်းအား-Manageability ရှိဖို့လိုပါတယ် ၊ ငွေအကြောင်းစဉ်းစားရမယ် ၊ ကုန်ပစ္စည်းအဝင်အထွက်အဆင်ပြေအောင်စဉ်းစားရမယ် ၊ လုပ်ခလစာပေးနိုင်အောင်တင်မကဘူး အသက်သွေးကြောဖြစ်တဲ့ အမြတ်အစွန်းရဖို့ပါတွေးတောရမယ် ၊ စဉ်းစားကြည့်ပါ အဲဒီလုပ်ငန်းဆောင်တာတွေ အဆင်သင့်သင့်ချောမွေ့စွာလုပ်ဆောင်နိုင်ဖို့ စိတ်လွတ်လပ်မှုရှိရပါမယ် ။


မလွတ်လပ်တဲ့စိတ် ( တစ်နည်းအားဖြင့် ) စိတ်ဖိစီးမှု ဟာ အကောင်းဘက်မှာ အတွေ့အကြုံခံစားမှုကနေ ကောင်းမွန်တဲ့အတွေးစိတ်ဖြစ်စဉ်-Cogniton တွေရနိုင်စေသော်ငြားလည်း ရုပ်ခန္ဓာဖွဲ့စည်းမှု-Physiology ကို ဒုက္ခပေးနိုင်တဲ့အဆင့်အထိ စိတ်ရောကိုယ်ပါ နွမ်းလျထိခိုက်စေပါတယ် ၊ ကျန်းမာရေးအသိပညာပေးစာတမ်းမဟုတ်တဲ့အတွက် ဘာတွေကို ဘယ်လိုစားသောက်ကျင့်ကြံနေထိုင်ရမယ်ဆိုတာ မတတ်စွမ်း မညွှန်ပြပေးလိုပါဘူး ၊ အမှန်တရားကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ စစ်မှန်တဲ့ကုန်ပစ္စည်းကိုထုတ်လုပ်မယ် သွင်းမယ် ရောင်းမယ်ဆိုရင် ၊ မိမိကုန်ပစ္စည်းရဲ့အခြေအနေမှန်ကိုသာ ဖော်ပြ ကြော်ငြာ ဈေးကွက်ဖော်ဆောင်မယ်ဆိုရင် ၊ စားသုံးသူ-Consumer လူထုရဲ့ ကောင်းမွန်စေကြောင်းအကျိုးစီးပွားကို ရည်သန်ပြီးလုပ်ဆောင်မယ်ဆိုရင် ၊ သူ နဲ့ ကိုယ် တန်းတူညီမျှ ယှဉ်ပြိုင်မယ်ဆိုရင် ( ဥပမာ-အရက်အတွက် နာမယ်တူရေသန့်ကြော်ငြာတာမျိုးမလုပ်ဘူးဆိုရင် )  ဒီပုဂ္ဂိုလ်ဟာ “ဒီမိုကရေစီစီးပွားရေး ” လုပ်ပြီး နိုင်ငံတော်ကို ကူညီနေတာပဲဖြစ်တယ် ။



              
            ဒီမိုကရေစီစိတ်ဖိစီးမှုလို့ခေါင်းစဉ်ကြည့်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထိခိုက်စေလိုစိတ်အလျဉ်းမရှိပဲ ထောက်ပြချင်တယ် ၊ အထက်မှာပြောခဲ့သလိုပဲ လူမှုရေး ၊ စီးပွားရေး သာမက နိုင်ငံရေးဆောင်ရွက်သူတွေမှာပါ စိတ်ဖိစီးမှုမကြီးနေဖို့အထူးလိုအပ်ပါတယ် ၊ ဒီမိုကရေစီလိုလားတဲ့လူထုရဲ့ စိတ်ဖိစီးမှုအကြီးမားဆုံးကာလဟာ ယုံကြည်ချက်နဲ့အကျဉ်းကျနေတဲ့နိုင်ငံရေးသမားများကို စစ်အစိုးရက နရသိန်တိုက်ခန်းငယ်တွေထဲထည့်သွင်းထားတဲ့အချိန်ပါ ၊ စစ်ကြောရေးမှာ အစား / အအိပ် / အချိန်တွေကိုသိမ်းကျုံးရိုက်ပြီး စိတ်ဖိစီးအောင် တမင်လုပ်ခဲ့ကြတာပါ ။


 ဒီဒဏ်ကိုမခံနိုင်တဲ့ ခန္ဓာကိုယ်မှာ အားအင်ချိနဲ့ ရောဂါမျိုးစုံကပ်ငြိစေတဲ့ ငပုဖက်ဆစ် ထက်ဆိုးတဲ့ ဖက် “ စစ် ” စံနစ် ဟာ ဒီမိုကရေစီစိတ်ဓါတ်ကို မလဲဖြိုနိုင်တဲ့ သတ္တိခဲရှေ့ဆောင်ကြီးကိုပြပါဆိုရင် ဘဘ ဟံသာဝတီဦးဝင်းတင်ကို ပြရပါလိမ့်မယ် ၊ ဘဘ ကဲ့သို့ နိုင်ငံရေးစိတ်ဓါတ်ပြင်းထန်သူတွေမှာ စိတ်ဖိစီးမှုမရှိမဟုတ်ပါ ရှိပါတယ် ၊ ဒါပေမယ့် အဓိက နဲ့ သာမညကို ခွဲခြား-Analyze နိုင်သူတွေအတွက် အစားမကျွေးပေမယ့် အားရှိပါတယ် ၊ မပေးအိပ်ပေမယ့် အင်အားပြည့်တဲ့စိတ်ရှိပါတယ် ၊ အချိန်တွေမတရားလုယူသွားပေမယ့် ဘဝရဲ့ကျန်တဲ့ နေ့ရက်တွေကို ယူနီဖောင်းချွတ်တိုက်ပုံဝတ်တွေထက် နိုင်ငံနဲ့လူထုအတွက် အဆပေါင်းများစွာ ကောင်းကျိုးလုပ်သွားနိုင်ခဲ့ပါတယ် ။




 ဒီလိုလူသားများရဲ့စိတ်ကို ဖိလို့ပဲရမယ် မ “ စီး ” နိုင်ပါဘူး ၊ ဒါကြောင့်ပဲ အဆိုပါလူသားတွေဟာ တိုက်ခန်းကျဉ်းလေးတွေထဲမှာ စိတ်လွတ်လပ်ခဲ့တယ် ၊ လှောင်ချိုင့်ထဲကလိပ်ပြာငယ်လေးတွေဟာ လေကောင်းလေသန့်ရခဲ့တယ် ၊ ကမ္ဘာမြေကြီးဟာ ဒီလူသားတွေကို မလေးမပင် ရပ်တည်ခွင့်ပေးရကျိုးနပ်စေပါတယ် ၊ အချည်အနှောင်မပါ  ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဟာ သူ့ဝင်ရိုးပေါ်မှာ အမှန်တရားအတွက် လည်ပတ်နေသလို စိတ်ဖိစီးမှုမပါပဲ မှန်ရာကိုမြင်နိုင်တဲ့အတွေးပိုင်ရှင်တွေဟာ နိုင်ငံ၊ ပြည်သ၊ူ ကမ္ဘာသူကမ္ဘာသားတွေအကျိုး ဆောင်ကြဉ်းဖို့ ထာဝစဉ် လွတ်လပ် နေပါတော့တယ် ။


Koko2yeye@gmail.com

                 " စိတ်ဖိစီးမှု နှင့် ဒီမိုကရေစီ " စာမူကို ၂ဝ၁၄ မေလ ( ၂ ) ရက်နေ့ထုတ် Hot News Weekly Journal အတွဲ ( ၄ ) ၊ အမှတ် ( ၁၈၉ ) ၊ စာမျက်နှာ ( ၃၃ ) တွင် ဖော်ပြပါရှိသည် ။ Download Link : http://www.mediafire.com/download/pkmrb8b64f8sf3b/189.pdf



No comments: