ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, October 19, 2014

ကိုယ်တွေ့ Quality အကြောင်း ပြန်ပြောင်းတွေးမိသမျှ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဘယ်အရာကို အရည်အသွေးကောင်းတယ်၊ ဘယ်ပစ္စည်းကိုတော့ ကွာလတီကောင်းတယ် လို့ ခေါ်ကြတာလဲ? အမေးရှိသလို အဖြေလည်း ကွဲပြားမှုရှိပါတယ်။ ကုန်ပစ္စည်းအရည်အသွေးကို ကွာလတီကောင်းအောင် လူတွေက လုပ်ဆောင်နိုင်ပေမယ့် လူသားတွေ ကွာလတီကောင်းဖို့က " ကိုယ်ကျင့်သီလ " က သာလျှင် စွမ်းဆောင်နိုင်ပါတယ်။ ကျင်လည်ရာ ဘဝအခြေအနေများစွာကြားမှာ Quality Management အကြောင်း စာအုပ်စာပေတွေရဲ့ ရေးသားမှုတွေကို ဖတ်ဖူးတယ်။ တစ်ကယ့်လက်တွေ့ရင်ဆိုင်ရာမှာ သီအိုရီနဲ့ ဖြေရှင်းလို့မရတာ အများကြီးပါ။ ဒါကြောင့် စာအုပ်ထဲက ပညာရှိများရေးသားသလို ရှင်းပြ ရေးပြဖို့ ဥာဏ်မမှီတာကြောင့် ကြုံဖူးတဲ့ အတွေ့အကြုံများကိုသာ အနှစ်ချုပ် ပြောပြလိုပါတယ်။
.
.
၁ ။ အရည်အသွေးတူတာ Quality
.
ရိုးရိုးလေးပေမယ့် အဓိပ္ပာယ်နက်နဲပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ  ကောင်းလွန်းတဲ့ ပစ္စည်းကိုချည်း Quality ပစ္စည်း လို့ ခေါ်တာမဟုတ်ပါ။ အလယ်အလတ်တန်းစားပစ္စည်းလည်း အရည်အသွေးကောင်းတာတွေ ရှိပါတယ်။ ဥပမာ - ကိုကာကိုလာ တစ်ပုလင်းကို ဘယ်အချိန်သောက်သောက် အရသာ တူနေမယ်၊ စူးရှကာဗွန်ကပေးတဲ့ ပြင်းပျချိုမွေးအရသာ တူနေမယ်ဆိုရင် ဒါကို Quality ရှိတဲ့ ပစ္စည်းလို့ ယျေဘုယျ သတ်မှတ်ကြပါတယ်။
.
ဒီလိုမဟုတ်ပဲ တစ်ဗူးဗူးက အရသာပျက်နေမယ်၊ အရောင်ပြောင်းနေမယ်၊ မူရင်းစွမ်းဆောင်ချက်ကို မမှီဘူးဆိုရင် Quality မကောင်းဘူး ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ဆက်တိုက်မပြတ် ဖြစ်လာရင် ကုမ္ပဏီက ကျော်ကြားမှု နဲ့Quality ကို ထိန်းတဲ့အနေနဲ့ ထိမိ ခိုက်မိတဲ့ ကုန်ပစ္စည်းအုပ်စု - Affected Lot ကို ပြန်သိမ်းဖို့ Recall ခေါ်ယူတဲ့ ပရိယာယ် နဲ့ ကယ်တင်ကြတယ်။

.
အဓိပ္ပာယ်က သူတို့ကုမ္ပဏီက Quality ပစ္စည်းများသာထုတ်ပေသော်ငြားလည်း မှားယွင်းပါဝင်သွားတဲ့ သေးငယ်သောရာခိုင်နှုန်းအတွက် အပြည့်အဝတာဝန်ယူပေးတယ်လို့ အရှက်ပြေကြေငြာပြီး ကျော်ကြားမှု - Reputation Quality ကို အကာအကွယ်ပေးခြင်းတစ်မျိုး ဖြစ်ပါတယ်။
.
.

လူတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ အသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့ ကဏ္ဍတွေမှာ ပိုသိသာပါတယ်။ ဥပမာ - အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ ပရဟိတလုပ်ငန်းဆောင်တာတွေမှာ လူညီမှ အလုပ်ဖြစ်ပါတယ်။
.
တူညီတဲ့ဝတ်စုံဝတ်ပြီး အလုပ်လုပ်ဖို့မလိုပါ၊ တူညီတဲ့ စိတ်သဘောထားနဲ့ မကွဲပြားတဲ့ ဦးတည်ချက်ရှိမှ ရမယ်ဆိုတာ သိသာပါတယ်။ အစကောင်းပြီး နောက်ပိုင်းကျမှ အရည်အသွေးမမှီသူတွေ ရာထူးမြင့်ပိုင်းကိုရောက်လာတဲ့အခါ အဆိုပါ လူစုလူဝေးအုပ်စုလေးဟာ စွမ်းဆောင်ရည်တွေကျဆင်းလာကြစမြဲပါ။
.
ဒါကို Quality မမှီတဲ့ အသင်းအဖွဲ့လို့ခေါ်ဆိုမယ်ဆိုရင် ငြင်းချက်ထုတ်မယ့်သူ မရှိလောက်ပါဘူး။ ဒီလိုအချင်းအရာကို ကိုင်တွယ်ရာမှာ စိတ်ဓါတ် နဲ့ ခံယူချက်ညံ့ဖျင်းသူကို ရှာဖွေဖော်ထုတ်ပြီး တာဝန်မှရပ်စဲခြင်းနည်းလမ်းနဲ့ ဖြေရှင်းကြပါတယ်။
.

.
.
.
၂ ။ သတ်မှတ်ချက်ကိုလိုက်နာတာ Quality
.
ကုန်ပစ္စည်းတွေမှာ လိုက်နာရမယ့် သတ်မှတ်ချက်တွေ ထားရှိပုံခြင်းမတူညီကြပါ။ နောက်ဆုံး စားသုံးသူလက်အရောက်ပို့တော့မယ့် - Finished Product မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အရေးအသား ကြေငြာချက်တွေ ရှိကြတယ်။ ပါဝင်သောပစ္စည်းများနှင့်ပါဝင်နှုန်းများကို ဖော်ပြတဲ့ Nutrition Facts ဇယားကွက် မပါရင် အမေရိကားကို တင်သွင်းရောင်းချခွင့်မရှိဘူးလို့ နားလည်ထားပါတယ်။
.
ကုန်ပစ္စည်းရဲ့ မူမှန်လုပ်ဆောင်နိုင်တဲ့ အရည်အသွေးထက် ပိုမိုကြော်ငြာထားရင် ကိုယ့်တာဝန်ကိုယ်ယူရပါတယ်။ ပြောထားတာထက် လွဲချော်ပြီး တစ်ခုခုဖြစ်ခဲ့ရင် ဥပဒေကြောင်းအရ တရားစွဲခံထိနိုင်တာမို့ လိုအပ်တာထက်ပို မညွှန်းဖို့ အထူးလိုအပ်ပါတယ်။ သုံးစွဲသူတွေရဲ့ အကဲဖြတ်မှုက Quality ကို တန်ဖိုးတက်စေတယ်။ ဈေးဝယ်သူအချင်းချင်းလက်တို့ပြီး " ကောင်းတယ်၊ စမ်းသုံးကြည့် " ဆိုတဲ့ ပရိုမိုးရှင်းဟာ လုပ်ငန်းရှင်များ တန်ဖိုးအထားဆုံး အရည်အသွေးတစ်ခုဖြစ်ပြီး အခမဲ့ရတဲ့ Quality လက်ဆောင်ဖြစ်ပါတယ်။
.
.

လောကီရေးရာမှာရော ပုထုဇဉ်ရဲ့ အရည်အသွေးကို လိုအပ်ချက်တစ်ခုအနေနဲ့ စံထားရတဲ့သာဓကတွေ ရှိပါတယ်။ ဘာသာတရားဘက်နွယ်ပြီးပြောရရင် လူ့စည်းကမ်းကိုလိုက်နာတာ Quality ရှိသော ပုဂ္ဂိုလ်ပါ။ ဥပဒေစည်းမျဉ်းကိုလိုက်နာတာ ကောင်းမွန်တဲ့ ဥပဒေဘက်တော်သားဖြစ်သလို နိုင်ငံကို ကောင်းမွန်စွာတည်ဆောက်မယ့် လူသားအရင်းအမြစ်တွေ တိုးပွားစေတယ်။ လူမှုရေးကောင်းကျိုးပြုမယ့် ပရဟိတလူစွမ်းကောင်းတွေ ရှင်သန်လှုပ်ရှားနိုင်တယ်။
.
ဒါကြောင့် ကိုယ်လုပ်နိုင်တာထက် ဂုဏ်ဖော်ကြွားဝါဖို့မသင့်သလို ကိုယ်မလုပ်နိုင်တာကိုလည်း ပါးစပ်ကနေရော စာတတန် ပေတတန်အားဖြင့် တာဝန်မခံသင့်ပါဘူး။ အကြောင်းကတော့ အရည်အသွေးဆိုတဲ့ Quality ဟာ စိတ်ကောင်း နှလုံးကောင်းကို ကိုယ်စားပြုတယ်။ အရည်အချင်းဆိုတဲ့ လူ့Quality ဟာ ကိုယ်ကျင့်တရားကို ဇောင်းပေး ခန္ဓာဝန်ထမ်းတယ်။ တန်ဖိုးဆိုတဲ့ လောက Quality ဟာ လူသားတွေကို အထွဋ်အထိပ်ရောက်အောင် သက်တောင့်သက်သာ ပို့ဆောင်ပေးပါတယ်။
.
.
.
.
၃ ။ မကောင်းတာကို စွန့်ပစ်တာ Quality
.
စားကုန်သောက်ကုန် Grocery အရောင်းဆိုင်တွေမှာ သက်တမ်းလွန် ကုန်ပစ္စည်းတွေကို အများအားဖြင့် တင်လေ့မရှိကြပါဘူး။ တစ်ချို့ရှိတယ်ဆိုတာကလည်း ဆိုင်ပိုင်ရှင် နဲ့ ဝန်ထမ်းတွေရဲ့ ပေါ့လျော့မှုကြောင့်သော်လည်းကောင်း၊ မသိလိုက်ဖာသာနေပြီး ရောင်းရလို ရောင်းရငြားတင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စားသုံးသူက သိတယ် .. သက်တမ်းလွန်ရင်မဝယ်ပါဘူး။
.
ဒီလိုပါပဲ အသီးအရွက်ဈေးကွက်မှာ စိမ်းစိုသက်တမ်းကို အဓိကထား ရောင်းဝယ်ကြတယ်။ အသစ်ခင်းကျင်းပြသတဲ့အခါ နွမ်းတဲ့ အသီးအရွက်တွေကို လူမြင်သူမြင် စွန့်ပစ်ပြတယ်။ မကောင်းနိုင်တော့တဲ့ အစားအသောက်တွေကို အများမြင်သာတဲ့နေရာမှာ ဖျက်ဆီးပြတယ်။ ဒါဟာ ဈေးရောင်းနည်း ပရိုမိုးရှင်း တစ်မျိုးပါ။
.
" ကျွန်တော် ကျွန်မတို့ဆိုင်မှာ ဒီလို သက်တမ်းလွန် ဟောင်းနွမ်းတာတွေ မရောင်းဘူး " လို့ ရေးထားတဲ့ကြော်ငြာရင်တောင် အထက်ပါနည်းလောက် ထိရောက်မှုမရှိပါ။ တစ်ချို့ကုန်စုံဆိုင်တွေမှာ အမှိုက်ပုံးထဲစွန့်ပစ်နေတာကိုတွေ့တော့ " ဟယ် .. အကောင်းကြီးရှိသေးတာကို လွှင့်ပစ်နေကြတယ် " လို့ အမြင်ရှိသွားတဲ့ ဖောက်သည်ဟာ ဒီဆိုင်ရဲ့ လတ်ဆတ်မှု Quality ကြောင့် နောက်တစ်ခေါက်ပြန်လာဝယ်ယူဖို့ သေချာသလောက်ရှိနေပါတယ်။
.
.

ပညာရေး နဲ့ နိုင်ငံရေး နယ်ပယ်မှာ မကောင်းတာကို စွန့်ပစ်တဲ့ Quality ကို အတွေ့များပါတယ်။ အခြေခံပညာသင်ကြားပြီးလို့ အဆင့်မြင့် ကောလိပ်၊ တက္ကသိုလ်ပညာရေးနယ်ပယ်ဝင်ရန် ကျောင်းသားတွေဟာ အရည်အချင်းစစ် စာမေးပွဲတွေ ဖြေကြရတယ်။ ဒါဟာ မကြေငြာထားတဲ့ အရည်အသွေးစစ် Quality စာမေးပွဲတွေပါ။
.
ရည်ရွယ်ချက်က ဒီသင်တန်းကို တက်နိုင်ဖို့ ဒီလောက်တော့တတ်ရမယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နောက်တစ်တန်းထပ်တက်ဖို့ အရည်အချင်းရှိမရှိ Quality ထပ်အစစ်ဆေးခံရဦးမှာပါ။ အနာဂါတ်စာမေးပွဲတွေ မအောင်သမျှ ကိုယ့် Quality တက်လာမှာ မဟုတ်သလို အဆင့်မမီတဲ့ ကျောင်းသားကို အားနာပါးနာ အတန်းပေးတက်ရိုး ထုံးစံမရှိပါ။ အတန်းတက်စာမေးပွဲတွေ ကောင်းမွန်စာဖြေနိုင်ဖို့ လွဲမှားတဲ့ အချိန်ဖြုန်းခြင်းတွေ၊ နည်းမမှန်တဲ့ စာကျက်နည်းတွေကို စွန့်ပစ်နိုင်မှ တော်ရုံကျမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ အကျင့်တွေကို စွန့်ပစ်ခြင်းနည်းနဲ့ လက်ရှိ Quality ကို ထိန်းထားနိုင်ပါတယ်။
.
.

 နိုင်ငံရေးမှာ လူထုကတောင်းဆိုလို့ ခေါင်းဆောင်ဆိုတာ လိုအပ်တယ်။ သတ်မှတ်အရည်အချင်းမပြည့်မီရင် စင်ပေါ်တက် ခေါင်းဆောင်လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ကံ အကြောင်းကြောင်းကြောင့် စိုင်ကော်ချုံပေါ်ရောက်ခဲ့ဦး အဆုံးသတ်တစ်နေ့မှာ အရည်အသွေးစမ်းသပ်တဲ့ အခက်အခဲက စောင့်ကြိုနေမှာ ဖြစ်ပါတယ်။
.
ဒါကြောင့် ကိုယ်တာဝန်ကျတဲ့ကဏ္ဍမှာ တာဝန်ကျေရမယ်။ ကိစ္စတစ်ခုခုပေါ်လာလို့ မရှင်းနိုင်ပဲ မနိုင်မနင်းဖြစ်တဲ့အခါ " အလုပ်ထွက်သွားတဲ့ "  နိုင်ငံများစွာက ဝန်ကြီးချုပ်တွေဟာ သူတို့လက်ထဲက လုပ်ပိုင်ခွင့်ရာထူးထက် ကိုယ်ရည်ကိုယ်သွေး Quality ကို တန်ဖိုးထားလို့ပါ။ တစ်နည်းအားဖြင့် ကျရောက်လာတဲ့ အရေးပေါ်တာဝန်ကို ထမ်းဆောင်ဖို့ သူ့မှာ Quality မရှိဘူးဆိုတာ ရိုးသားစွာ ဝန်ခံလိုက်ခြင်းဖြစ်ပါတယ်။
.
.
အနယ်နယ်အရပ်ရပ်မှာရောက်နေကြတဲ့ ကျွန်တော်တို့မြန်မာတိုင်းရင်းသားများက ဘယ်လို Quality တွေကို တန်ဖိုးထားကြပါသလဲ? အုပ်ချုပ်မှု Quality မရှိတဲ့ မင်းလုပ်အုပ်စိုးသူတွေအောက်မှာ Quality မပါတဲ့ ပညာရေးစံနစ်တစ်လျှောက် မိမိဘဝအချိန်တွေ ဖြုန်းတီးခဲ့ရတာ ဝမ်းနည်းစရာပါ။
.
လူတစ်ယောက်ဟာ စာရေးစာဖတ်နိုင်တဲ့ အရွယ်ကနေ ပညာတတ်တစ်ယောက်ဖြစ်တဲ့အထိ အချိန်အားဖြင့် ( ၁၅ ) နှစ်ခန့် ကြိုးစားရပါတယ်။ ဒီကာလမှာ Quality ဆိုတာ ဘာကိုဆိုလိုမှန်းသိသူက အနည်းအကျဉ်းပါ။ ကိုယ့်ဘဝရဲ့ အဓိပ္ပာယ် Quality ကို ရှာမယ်လဲလုပ်ရော အလိုလိုနေရင်း မိမိအသက်က ( ၁ဝ ) နှစ်လောက် ခရီးလွန်နေပါပြီ်။
.
.

ဒါကြောင့် မြန်မာနိုင်ငံကနေ ပြည်ပထွက်ပြီး Quality ပညာရေးကို ရှာဖွေကြတယ် .. အဆင့်အတန်းရှိတဲ့ Quality လူနေမှုစံနစ်မှာ မိမိသားသမီးများကို ပျိုးထောင်လိုကြတယ် .. ဟန်ချက်ညီ ဘဝရပ်တည်နိုင်ရေးအတွက် ကောင်းမွန်တဲ့ လူမှုရပ်ဝန်းမှာ အဆင့်အတန်းရှိရှိနေဖို့ ရုန်းကန်လှုပ်ရှားကြတယ်။ ရောက်ရာအရပ်မှာ နိုင်ငံသားကောင်းတစ်ယောက်ရဲ့ Quality စံနှုန်းအတိုင်း ရပ်တည်သင့်ပါတယ်။ ဒီထက်ပိုပြီး ကိုယ့်ဝန် ကိုယ့်အားနဲ့ သယ်ပိုးလေ့လာမိသမျှ လောကီပညာရပ်တွေကို မိမိမွေးရပ်မြေ မြန်မာနိုင်ငံကို Quality မှီတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ပြန်လည်မျှဝေအကျိုးပြုကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းမြောက်မိပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။
.
koko2yeye@gmail.com
.
ဓါတ်ပုံ - အင်တာနက်
.
" ကိုယ်တွေ့ Quality အကြောင်း ပြန်ပြောင်းတွေးမိသမျှ " စာမူသည် ၂ဝ၁၄ ဒီဇင်ဘဘာလ ( ၆ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၆၃ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။





No comments: