ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, September 27, 2020

ရေချိုးပြီးသွားပြီ

 

ဒီအော်သံကိုကျွန်တော့မိသားစုဝင်တွေ ၁ ပတ်မှာ ၅ ကြိမ်ကြားရလေ့ရှိတယ်။ တစ်ချို့သီတင်းပတ်တွေမှာ ၆ ကြိမ်။ ရုံးပိတ်တဲ့အခါတွေဆိုရင် ၁ ပတ်မှာ ၄ ကြိမ်။ ဘာအတွက်လည်းဆိုတာရှင်းပြပါမယ်။

           နေ့တိုင်းအပြင်ထွက်တဲ့ကျွန်တော်ဟာအပြင်လောကနဲ့အထိအတွေ့အရှိဆုံးလူတစ်ယောက်။ အလုပ်သွား၊ လိုအပ်တာလေးဝယ်၊ ကားဆီထည့်၊ ကားပြင်ဝပ်ရှော့သွား၊ အစားအသောက်သွားဝယ် ဒီလိုလှုပ်ရှားမှုတွေကနေ အပြင်ကရောဂါပိုးမပါလာဘူးမပြောနိုင်ဘူးလေ။

        ရေချိုးတဲ့အကြောင်းမရောက်သေးခင် ဒီဘက်မြေကိုမလာခင်ကကျွန်တော့ငယ်ဘဝအကြောင်းပြောပါဦးမယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့မိသားစုကအသက်ကြီးသူကိုအရိုအသေပေးရ၊ ကြောက်ရွံ့ရတဲ့ဓလေ့ရှိသဗျ။ မိသားစုဝင်အချင်းချင်း “ချစ်တယ်” ဆိုတဲ့စကားတစ်သက်လုံးမပြောခဲ့ကြဘူး။ ညီအစ်ကိုချင်း၊ မောင်နှမချင်းလမ်းမှာဆုံတဲ့အခါနှတ်ဆက်ဖို့မဆိုထားနဲ့ ပြုံးပြလေ့တောင်မရှိခဲ့ဘူး။ ဒါကြောင့် “ကိုညီညီတစ်ယောက်ဆက်ဆံရေးမောက်မာလိုက်တာ” ဆိုတာကို ကြီးမှတော်တော်ပြင်ခဲ့ရသပေါ့ဗျာ။

          အချိန်တစ်ခုရောက်လာတော့ဒီဘက်မြေကိုအခြေချရင်းကျွန်တော်တို့မိသားစုအတွင်းအချင်းချင်းရင်းနှီးမှုကိုပြန်တည်ဆောက်ရင်းကလေးတွေကြီးပြင်းလာတယ်။ 

မနက်ကျွန်တော်အလုပ်သွားရင် မိန်းမနဲ့ကလေးတွေအိပ်နေရင်းကို နဖူးလေးနမ်းသွားတယ်။ 

အိမ်ပြန်ရောက်လာတဲ့အခါကျရင်လည်း “ပျော်ရွှင်စွာအိမ်ပြန်ရောက်ခြင်း” ကို လူစုံလူစေ့နဖူးလေးတွေပေါ်မှာအနမ်းလေးတွေနဲ့ပြန်အသက်သွင်းတယ်။ 

ညအိပ်ရင်လည်းဒီအတိုင်းပဲ သူ့ရဲ့ခင်ပွန်း၊ သူတို့ရဲ့ဖခင်ကသူတို့ကိုချင်ခင်ကြင်နာစွာနဖူးလေးနမ်းပြီးမှအိပ်စက်ခြင်းညအတွက်အိပ်မက်မက်ခွင့်ပေးတယ်ဆိုတာသူတို့အမြဲမှတ်မိနေတယ်။ အနှစ် ၂ဝ လောက်လေ့ကျင့်ခဲ့တဲ့ဒီထုံးစံလေးဟာ ၂ဝ၂ဝ ခုနှစ်ရောက်တော့အားလုံးပျက်ရော။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်-၁၉ ရောဂါပိုးကြောင့်မိသားစုဝင်အချင်းချင်းကူးစက်ကုန်မှာစိုးတာကိုး။