ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, November 12, 2014

လွယ်လွယ်ရတဲ့ငွေကြောင့် အသက်ပေးရတတ်တယ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော်ငယ်ငယ်ကနေတဲ့လမ်းထိပ်မှာ ဝက်ကန်ထရိုက်တစ်ယောက်က အင်မတန်ချမ်းသာတယ်။ သူ့အိမ်ဧည့်ခန်းက ကားလမ်းမဘက်ကို လှည့်နေတော့ အိမ်ရှေ့တံခါးကြီးသာ မပိတ်ထားရင် လမ်းသွားလမ်းလာတွေ အိမ်ထဲမှာ သူတို့ထိုင်နေတာ အကုန်လုံးမြင်နေရတယ်။ ညနေခင်း လုပ်ငန်းသိမ်းလို့ အရောင်းတော်တွေ စာရင်းပိတ်ချိန်ဆို ငွေတွေ .. ငွေတွေ ဆိုတာ မြွေရေခွံအိတ်နဲ့ထမ်းလာကြပြီး ဧည့်ခန်းကြမ်းပြင်မှာ မရေနိုင်လို့ နံပါတ်တပ်ပြီးသိမ်းရတယ်။ အဲဒီခေတ်အခါက ပုဂ္ဂလိကဘဏ်တွေ မထွန်းကားသေးတော့ ကိုယ့်အိမ်ဟာ ကိုယ့်ပိုင်ဆိုင်မှုသိမ်းဆည်းရာ နေရာပဲလေ။ ပေါ်ပေါ်တင်တင်ချမ်းသာလာလိုက်တာ တစ်လမ်းကျော်မှာ အိမ်တစ်လုံးဝယ်ပြီး အိမ်စီးကားကို စတိုခန်းထဲထည့်ပြီး ရောင်းစားနိုင်လာတဲ့အထိပဲ။
.
နောက်ပိုင်း ရပ်ကွက်ဥက္ကဌ ဖြစ်လာတယ်။ ဘယ်သူမှမသုံးခင် ကြိုးမဲ့ - Cordless Phone သုံးတယ်။ ရပ်ရေး ရွာရေးတွေ ဝင်လုပ်တယ်။ ထိပ်သီးပိုင်းအုပ်ချုပ်ရေးလောကမှာ ထင်ပေါ်ကြော်ကြားလာတယ်။ ငွေလှူတယ်။ ဦးဆောင်တယ်။ လိုင်းကားထောင်တယ်။ ကန်ထရိုက်တွေလိုက်ဆွဲတယ်။ ကားလမ်းတံတား အခွန်လေလံအောင်တယ်။ ဝက်ကန်ထရိုက်ထပ်ရတယ်။ ဈေးပစ်ပေးပြီးဝယ်တယ်။ နောက်ဆုံးတော့ စားသုံးသူတွေက ဝက်သား ဈေးကြီးကြီးနဲ့ ဝယ်စားရတယ်။ ဝက်ပေါ်ပြီး ဆိုင်ကယ်နဲ့လိုက်ရောင်းတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။ လိုက်ဖမ်းတယ်။ တရားစွဲတယ်။ လုပ်သူတွေက ခိုးရောင်းတယ်။ ဒါက စီးပွားရေး နဲ့ လူမှုရေးအပိုင်း။
.
အိမ်ထောင်ရေးမှာ တစ်ခါထဲ မိန်းမနှစ်ယောက်နဲ့ ပေါင်းသင်းနေထိုင်တယ်။ စကားမများဘူးလားလို့ မမေးပါနဲ့။ အကြီး နဲ့ အငယ်ကတည့်တယ် .. ညီအစ်မအရင်းခေါက်ခေါက်။ ဒါကထားလိုက်ပါ။ အကြီးနဲ့ သားသမီးမရလို့ ဒီလိုဇာတ်လမ်းဖြစ်တာပေါ့လို့ အတွင်းသိလူကြီးတွေပြောတာ ဘေးက ကလေး ကျွန်တော်က ခိုးနားထောင်ခဲ့ရတာကိုး။ တစ်ဖြည်းဖြည်းနဲ့ တွင်ကျယ်လာလိုက်တဲ့ ဂုဏ်သတင်းက ဘယ်လောက်အထိလဲဆိုတော့ သူ့ဝက်ရုံကသတ်တဲ့အသားက တစ်ခြားကထက် ပိုစားကောင်းတယ်၊ စားပြီးရင် စွဲနေတာပဲ ဆိုပြီးတောင် ပြောယူရတယ်။ လိုချင်သူတွေ မရမှာစိုးလို့ အော်ဒါမှာထားရတယ်။ ရတဲ့သူကလည်း အလှည့်နဲ့။ စဉ်းစားသာကြည့်ပါတော့ ဘယ်လောက်စီးပွားဖြောင့်သလဲဆိုတာ။ ဒါပေမယ့် ကားအစီးလိုက်သယ်လာတဲ့ ဝက်တွေကြားမှာ ဝက်သေတွေပါတာ ဘယ်သူမှမသိဘူး။ အဲဒီဝက်သေတွေထဲမှာ ဘာတွေပါတယ်ဆိုတာ သာတောင်ဆိုးသေး .. ဘယ်သူမှ မသိဘူးလေ။

.
သူ့မှာ သား ( ၁ ) ယောက်ရှိတယ်။ ဆယ်ကျော်သက်အရွယ်ပေါ့။ သူဋ္ဌေးသားဆိုတော့ ဆိုင်ကယ်လေး တစ်ကြွကြွ နဲ့ လီဗာလေးဖြဲကာဖြဲကာ မောင်းတာ ဘယ်သူမှနားညည်းတယ် မပြောကြပါဘူး။ ရပ်ထဲ ရွာထဲ လိုတယ်ဆိုရင် သူ့အိမ် အလှူသွားခံကြတာကိုး။ ကလေးကို မိဘတွေက ချစ်ကြတယ်။ အလိုလိုက်တယ်။ ဘာလုပ်ချင်လဲ လွတ်လပ်ခွင့်ပေးတယ်။ လိုလေသေးမရှိအောင်ထားတယ်။ နောက်ဆုံးပေါ်ကားအမျိုးမျိုးစီးတယ်။ ဆန်းပေ့ ဆူပေ့ ဆိုင်ကယ်ဆိုတာ တိုင်းမှူးသားမှာတောင်မရှိဘူး သူ့ဆီမှာရှိတယ်။ လူကြီးခရီးစဉ်မှာ ကားအကူလိုရင် သူရောင်းဖို့ကားတွေ ထုတ်ပေးတယ်။ သူ့သားက ဆရာကြီး ဦးဆောင်သူဆိုတာ သေချာတာပေါ့။
.
ကံဆိုတာ ဒီအတိုင်းကြီးပဲ မနေပါဘူး။ မျက်နှာသာတုန်းကပြုံးပြီးပြီ .. အလှည့်ကျ မနွဲ့ကြစတမ်းပေါ့ ဆိုတဲ့ သံဝေဂ လည်းရှိသား မဟုတ်လား။ ဝယ်စားတဲ့သူတွေက သူတို့ရောင်းတဲ့ ဝက်သားတွေ ဝါဝါထိန်ထိန်ဖြစ်နေတာ သတိထားမိတဲ့အကြိမ်တွေ များလာတယ်။ တစ်ချို့အသားတွေဆိုရင် ရေထိုးထားပါလျက်နဲ့ ခြောက်ကပ်နေတာပဲလို့ မြို့ထဲကပြောသံတွေ ကြားလာရတယ်။ မြို့ခံလူတွေကြားမှာ မင်္သကာစိတ်တွေ ဝင်လာကြတယ်။
.
ဒီကြားထဲ သူ့သားကို အိမ်ပြင်ထွက်တာ သိပ်မတွေ့ရဘူး။ သူ့အိမ်နီးနားချင်းတွေက ညဘက်တွေမှာ သူတို့အိမ်က ရန်ဖြစ်သံလိုလို၊ စူးစူးဝါးဝါးအော်သံလိုလို မကြာခဏကြားမိတယ်လို့ အတင်းတွေတုတ်နေကြပြီ။ မနက်ကနေဖွင့်ထားလိုက်တဲ့ သူတို့ရဲ့ ဧည့်ခန်းလည်း အမှောင်ချထားတာကြာပြီ။ တစ်ခါတစ်လေ သူတို့သားကို ပတ်တီးစီးကြီးနဲ့ အပြင်ကို ကားနဲ့လိုက်ပို့တာတွေ့သူက တွေ့ဖူးကြတော့ အားလုံးက အမြင်တစ်မျိုးဆန်းနေပြီ။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီအိမ်ထဲမှာ အကြောင်းတစ်စုံတစ်ရာတော့ပေါ်နေပြီ စသဖြင့် ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ စူးစမ်းလိုစိတ် သံသယ က တစ်စထက်တစ်စ ကြီးထွားလာကြပြီ။
.
သိပ်မကြာပါဘူး .. အားလုံးကိုအဖြေပေးသွားတဲ့ ဖိတ်စာတစ်ထပ်ကြီး ရပ်ကွက်ရုံးပေါ်ရောက်လာတယ်။ ဒီထဲမှာ ဦးဘယ်သူရဲ့သား မောင်ဘယ်သူကို ဘယ်နေ့မှာ အသုဘချမယ်ဆိုတာ ဖတ်ရတဲ့ ရပ်ကွက်သားများဟာ သူတို့မိသားစု လူမြင်ကွင်းကနေ ပုံးလျိုးကွယ်လျိုး တိုးတိုးတိတ်တိတ် ဘာကိုဖြေရှင်းနေရတယ်ဆိုတာ သဘောပေါက်သွားကြပြီ။ ကိစ္စအဝဝ ပေါ်ပေါက်ပြီ။ လူသိရှင်ကြားဖြစ်ကုန်ပြီင်္။ လိုက်ပို့တဲ့ အသုဘရှုကားတန်းကြီးက ရှည်မှရှည် .. ဒါပေမယ့် လူတွေရဲ့စိတ်ထဲမှာတွေ ဟိုတွေးဒီတွေး တစ်ထွေထွေ။
.
အကြောင်းရင်းရှာတော့ ဝက်တင်တဲ့ကားတွေက စတယ်လို့ပြောရမှာပဲ။ အစပိုင်းတော့ ဝက်အရှင်တွေ တင်လာပြီး ဝက်သတ်ကုန်းမှာပေါ် ပြီးတော့ နောက်ရက်တွေကျ ဈေးထဲမှာ ဖြန့်တယ်။ ဒီကြားထဲမှာ နာမကျန်းတဲ့ ဝက်ပါလာရင် ကားပေါ်မှာ အသေလိုက်ပါလာတော့ နေရာရောက်တဲ့အခါ အနံ့အသက်ဆိုးတာကြောင့် ပြန်ရောင်းလို့မရလို့ ရှူံးတယ်။ နောက်ပိုင်း မကောင်းတဲ့အပေါင်းအသင်းတွေက စမ်းခိုင်းလို့ ဝက်သေဝမ်းဗိုက်ထဲမှာ ဘိန်းဖြူထည့်လာတယ်။ ဒီတော့ ဝက်သေလဲမနံ၊ စီးပွားလည်းဖြစ် ဘယ်လောက်ကောင်းသလဲဆိုပြီး လုပ်လာလိုက်တာ သူတို့ရဲ့သား ဘိန်းဖြူစွဲတော့ မျက်လုံးပြူး မျက်ဆန်ပြူး မရှူနိုင် မကယ်နိုင်ဖြစ်ကြပြီပေါ့။
.
သားကိုဘိန်းဖြူဖြတ်ဖို့ကြိုးစားတဲ့ကာလမှာ ကလေးကို အိမ်မှာ ပိတ်ထားတယ်။ ဆရာဝန်တွေခေါ်ကုတယ်။ အိမ်မှာ စလောင်းတွေတပ်၊ သီချင်းသံတွေ အကျယ်ကြီးဖွင့်ပြီး အရပ်ကို ဖုံးဖိထားဖို့ ကြိုးစားတယ်။ ဒီမှာ ကလေးက ပိုဆိုးတော့တာပဲ။ စားပြီးရင်းစားချင် မူးယစ်ဆေးဟာ တစ်ဆင့်ထက်တစ်ဆင့်တက်ကာ ကလေးဟာ ရှူရုံနဲ့တင် မတင်းတိမ်တော့ပဲ ထိုးတဲ့အဆင့်ထိ ဖြစ်လာတယ်။ ပေးမသုံးရင် သူ့ကိုယ်သူ အဆုံးစီရင်မယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ တိုက်ပေါ်ကနေခုန်ချမယ် ဖြစ်လာတယ်။ သားသမီးမိုက်လုံးကန်းတော့ မိုက်မိမှားတဲ့မိဘ ဘာတတ်နိုင်မှာလဲ။
.
အပြင်မထွက် ဘဝမပျက်ရင်ပြီးရောဆိုပြီး ထိုးဆေးကို အဖေကိုယ်တိုင်စီစဉ်ပေးရင်း လျှော့သုံးဖို့ ချော့မြူရတဲ့အဆင့်အရောက် မိဘတွေရဲ့ ငယ်ထိပ်မှာ ငရဲပွက်နေပါပြီ။ မဆုံးဇာတ်ခင်းရင်း အမေရော အဒေါ်ရော၊ အမေကြီးရော အမေလေးရော သားလေးကြိုက်ရာ လိုက်ကနေရတဲ့ သောကစံဂေဟာမှာ တေးသံသာလည်းမကြားနိုင်တော့ပါ။ တရားဒေသနာလည်း မကိန်းဝပ်နိုင်တော့ပါ။ မုံ့လုံးစက္ကူကပ်၊ ခွေးမြီးကောက်ကျည်တောက်စွပ် ဘဝမှာ ကိုယ်လဲလို့ ကိုယ်မထနိုင်၊ ယူကြုံးလို့မရ ခါးသီးတဲ့ဘဝ ဆိုတာ သူတို့မိသားစု ကောင်းကောင်းကြီးသိသွားခဲ့ပါပြီ။ ဆေးလွန်လို့ တမလွန်အရောက်စောသွားတဲ့ ကလေးဟာ သူတို့ဘဝထဲကို ဘယ်တော့မှ ပြန်ရောက်လာနိုင်တော့မှာ မဟုတ်ဘူးဆိုတာသိလိုက်ချိန် အခါနှောင်းသွားပြီ။ သူတို့မိသားစု အသားကန်ထရိုက်လုပ်ငန်းကို စွန့်လွှတ်၊ အိမ်၊ ခြံ၊ မြေတွေရောင်းပြီး ရန်ကုန်ဘက်ကို ရွှေ့ပြောင်းသွားကြတဲ့နောက်ပိုင်း သတင်းမကြားရတော့ပါဘူး။
.
ဒီအကြောင်းလေးတွေးမိတိုင်း စကားမစပ် ဆရာတော်တစ်ပါးမိန့်ဖူးတာ နားထဲ ခဏခဏ ရောက်လာတယ်။ “ သင်ပြုသည့်ကံ သင့်ထံ တစ်နေ့ပြန်လာလိမ့်မည် ” ဆိုတဲ့ သြဝါဒလေးကို ချစ်မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ပါရစေ။
.
.
ဓါတ်ပုံ - အင်တာနက်

" လွယ်လွယ်ရတဲ့ငွေကြောင့် အသက်ပေးရတတ်တယ် " စာမူသည် ၂ဝ၁၅ ဧပြီလ ( ၄ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈ဝ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/6osyn78tc6tacoy/NetGuide+Vol+3%2C+Issue+80.pdf



No comments: