ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, April 1, 2014

ကျွန်တော်တက်ချင်တဲ့ကျောင်း ကျွန်တော့သားတက်နေပြီ



             
                    သံရုံးကိုဖုန်းဆက်တော့ အင်္ဂလိပ်အသံနဲ့ ဘိုတစ်ယောက်ဖုန်းကိုင်တယ် ၊ သူဘာလုပ်ပေးရမလဲလို့မေးတယ် ၊ ကျွန်တော် က အမေရိကားသွားဖို့ ဖောင်တင်ချင်ပါတယ်လို့ အင်္ဂလိပ်လိုပြန်ပြောလိုက်တယ် ၊ သူကဆက်ပြီး ဒါဆိုရင် ( ၂ ) စက္ကန့်စောင့်ပါ လို့ဆိုပြီး ဖုန်းလိုင်းလွှဲပေးပါတယ် ၊ တကယ်ပဲ ( ၂ ) စက္ကန့်အကြာမှာ မြန်မာဝန်ထမ်းတစ်ယောက်လာကိုင်ပြီး ဖေါင်က ဒီအတိုင်းယူလို့မရဘူး ၊ ဟိုဘက်နိုင်ငံကခေါ်စာရပြီး သံရုံးကိုပို့လာတော့မှ ဖေါင်လာထုတ်လို့ရတာ ၊ သံရုံးနဲ့ဆက်သွယ်ဖို့က နောက်ပိုင်းအဆင့်ပါ လို့ရှင်းပြတယ် ၊ ဟုတ်တယ် အမေရိကားမှာ အစ်မ ရှိတယ် ၊ သူ့ဆီသွားပြီးကျောင်းတက်ချင်လို့ပါ လို့ ကျွန်တော်က ပြောတော့ အစ်မကိုခေါ်ဖို့ဆက်သွယ်ပါ လို့ကောင်းကောင်းမွန်မွန်ရှင်းပြပြီးဖုန်းချသွားပါတယ် ၊ ဒီအဖြစ်အပျက်တွေက ရန်ကုန်ကြိုးဖုန်းတွေ ဂဏန်း ( ၆ ) လုံးမဖြစ်ခင် နံပါတ် ( ၅ ) လုံးခေတ် ၁၉၉ဝ ခုနှစ်အမေရိကန်သံရုံး ကုန်သည်လမ်းနေရာဟောင်းကတည်းက ဖြစ်ရပ်လေးတစ်ခုကို ပြောပြခြင်းဖြစ်ပါတယ် ၊ တစ်ကယ်တမ်း အင်္ဂလိပ်စာသင်တဲ့ကျောင်းတက်ချင်တာ ငယ်ငယ် ( ၈ ) တန်း ကတည်းကပေမယ့် တက်ခွင့်မရခဲ့ပါ ။


          သူမအမျိုးသားရဲ့အစ်ကိုကခေါ်တော့ အစ်မတို့လင်မယားက တူမလေး ( ၂ ) နှစ်သမီးအရွယ်မှာ အမေရိကားကိုခြေချခဲ့တယ် ၊ ငွေစလေး ( ၆၅ ) ဒေါ်လာနဲ့စခဲ့ပြီး အစ်မရဲ့ဘဝက အရမ်းကိုကြမ်းခဲ့ပါတယ် ၊ သူမရဲ့ ခရောင်းလမ်းအတွေ့အကြုံတွေအားပြုပြီး ငွေတတ်နိုင်လာတဲ့အချိန်မှာ မောင်နှမတွေကို စပွန်ဆာ-Petition ပေးပြီး လှမ်းခေါ်ရှာတယ် ၊ တူတွေ တူမတွေကို အမေရိကားမှာ ကျောင်းလာထားဖို့ပြောလာပါတယ် ၊ လိုက်သွားတဲ့မိသားစု ( ၆ ) စု ရဲ့ ကလေးတွေထဲမှာ “ စွမ်း ” က အသက်အငယ်ဆုံးပါ ၊ မြန်မာကျောင်းထွက်လာတုန်းက တတိယတန်း ( ၃ ) တန်းအောင်ပဲ ၊ ကျောင်းအပ်ချိန်မှာ နိုထရီပတ်ဘလစ်ပြန်ထားတဲ့ ကျောင်းအောင်လက်မှတ်ပြလိုက်တော့ ဒီနိုင်ငံက Grade 4 စတက်ခိုင်းတယ် မူလတန်းပေါ့ ၊ Grade 5 , 6 , 7 သုံးနှစ်ဆက်တိုက် အလယ်တန်းတက်ပြီး  Sophomore လို့ခေါ်တဲ့ Grade 9 မှာ အထက်တန်းကျောင်းပြောင်းရတဲ့အချိန် ၂ဝ၁၃ ခုနှစ်ရောက်လာပါပြီ ၊ တစ်ခုကံကောင်းသွားတာက ကျောင်း ( ၃ ) ခေါက်ပြောင်းပြီးလို့ “ စွမ်း ” အထီးမကျန်ပါဘူး ၊ အကြောင်းရင်းက သူ့သူငယ်ချင်းတွေပါ သူနဲ့အတူဒီအထက်တန်းကျောင်းကို အတူတူပြောင်းလာလို့ပါ ။




          
               ( ၈ ) တန်း ကနေ အထက်တန်းကျောင်းပြောင်းတဲ့အခါ ကျောင်းသားရဲ့ကျန်းမာရေးစစ်ဆေးခြင်း-Physical Test ပြန်လုပ်ရပါတယ် ၊ ကျောင်းပြောင်းလို့သာပြန်စစ်ရတာ သွေးဖောက်ရမှာတစ်ကြိမ်တည်းမို့လို့တော်သေးတယ် ၊ ကောလိပ် နဲ့ တက္ကသိုလ်တက်ရမှ သွေးပြန်စစ်ရလိမ့်မယ် ၊ အားကစားထူးချွန်လမ်းကြောင်းလိုက်မယ်ဆိုရင်လဲ သူ့ကျောင်းမှာလျှောက်လို့ရတယ် ၊ ဒီလိုကျောင်းသားကို ကျောင်းစာလျှော့ပြီး အားကစားအတန်းချိန်ပိုယူခိုင်းတာ ချစ်စရာပါ ၊ ဒါဟာ ဘာကိုပြသလဲဆိုတော့ လွတ်လပ်ပြီး အခွင့်အရေးရှိတဲ့ အမေရိကားကျောင်းကနေ ဘက်ပေါင်းစုံထူးချွန်တဲ့ကျောင်းသားသာမက တစ်လိုင်းထွန်းပေါက်ထူးချွန်ကျောင်းသားတွေကိုပါမွေးထုတ်ပေးတဲ့စံနစ်က အတုယူစရာပါ ။




                ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ချင်တဲ့ အင်္ဂလိပ်စာအုပ်တွေပေါ့ဗျာ စွမ်းကို သူ့ကျောင်းက ဘာစာအုပ်ဖြစ်ဖြစ်ကြိုက်တာဖတ် ဖတ်ရင်ပြီးရော တစ်ရက် ( ၁ ) နာရီဖတ်ခိုင်းတယ် ၊ စွမ်းကြိုက်တာ အစွမ်းပါဝါတွေ ဂမ္ဗီရဆန်ဆန်ဝတ္ထုတို ဝတ္ထုရှည်တွေပါ ၊ ကြာသာပတေးနေ့ရောက်တိုင်း ကျောင်းကိုပြဖို့ စာဖတ်မှတ်ချက်စာရွက်-Reading Log ကို ကိုယ်တိုင်ရေးပြီး ပရင့်ထုတ်ရတယ် ၊ အဲဒီပေါ်မှာ ဝတ္ထုရဲ့ ဘယ်စာသားက ဘာကိုဆိုလိုတယ် ၊ ဘယ်စာပုဒ်က ဘယ်လိုတွေးခေါ်တယ်ဆိုတာ ရှင်းပြရတယ် ၊ တစ်လကို နာရီ ( ၂ဝ ) ပြီးအောင်ဖတ်ပြီး စာရင်းတင်တဲ့အမှတ်ကို စာမေးပွဲမှာထည့်သွင်းတွက်ချက်-Count ပါတယ် ၊ ဒီလိုစာအုပ်မျိုးကို ကျွန်တော်ငယ်ငယ်တုန်းကအရမ်းဖတ်ချင်ခဲ့တာလေ ၊ မှတ်မိပါသေးတယ်  ဖတ်ခဲ့ရတာ ဘာသာပြန်ထားတဲ့အထူးထုတ်တွေပါ ၊ သဒ္ဒါသင်တဲ့ အင်္ဂလိပ်ဆရာဆီမှာ English Grammar စာအုပ်ဟာ တစ်သက်တာထိပ်ဆုံးဖတ်ဖူးတဲ့ မူရင်းအင်္ဂလိပ်စာအုပ်လေးကို သတိရပါတယ် ၊ ပြီးတော့ ဆရာက အင်္ဂလိပ်သဒ္ဒါမေးလို့ ကျွန်တော်ရယ် အတန်းဖော်မိန်းကလေးတစ်ယောက်ရယ် နှစ်ယောက်ပဲ အဖြေမှန်တာကိုလည်း မမေ့နိုင်ပါဘူး ။ 

          အထက်တန်းကျောင်းရောက်လာပြီဆိုရင် အင်္ဂလိပ်မဟုတ်တဲ့ဘာသာစကားတစ်ခုကို မယူမနေရ ယူရပါတယ် ၊ ဂျာမဏီ ၊ ပြင်သစ် ၊ စပိန်နွယ်ဖွား ဘာသာစကားတွေထဲက ကိုယ်ကြိုက်တာယူရုံပါ ၊ ဒါလည်းတစ်ဘာသာသတ်မှတ်ပါတယ် ၊ တရုတ်စာ နဲ့ ကိုးရီးယားစာမရှိတာ အေးရှမ်းတွေအတွက် ခက်တာပေါ့ ၊ နောက်ဆုံးတော့ အမေရိကားရဲ့ ဒုတိယပါးစပ်လို့တင်စားရတဲ့ စပိန်စကား ကိုပဲ ယူခိုင်းလိုက်တယ် ၊ ပြီးတော့ ကိုယ်ကာယလှုပ်ရှားမှု P.E – Physical Exercises က တစ်ဘာသာသီးသန့်ယူပါတယ် ၊ လှုပ်ရှားကစားချိန်က စာသင်ချိန်နဲ့အတူတူပါ ၊ ဒီနှစ်မှာ စွမ်းက ကျောင်းဆင်းပြီးချိန်မှာ ကြက်တောင်ရိုက်သင်နေပါတယ် ။




                   သိပံ္ပလိုင်းမှာအရေးကြီးတဲ့ဇီဝဗေဒကို ( ၉ ) တန်းမှာ စသင်တယ် ၊ အခက်အခဲမရှိပေမယ့် ဘိုင်အိုအခေါ်အဝေါ်တွေကို စွမ်းက မြန်မာလိုမသိတော့ပါဘူး ၊ ဥပမာ Evolution  ဆိုတာ The Change of Species Over Time လို့ သူသိပြီးတော့ မြန်မာလို “ သက်ရှိသတ္တဝါများ အချိန်နှင့်အမျှအဆင့်ဆင့်တိုးတက်ပုံ “ ဆိုတဲ့ အဓိပ္ပာယ်ကိုမသိတာ တော်တော်စိတ်မကောင်းစရာပါ ၊ ဒီနိုင်ငံရောက်ခါစ ( ၄ ) တန်း ( ၅ ) တန်း စာတုန်းက မိဘတွေက အားလည်းအားတော့ သူ့ကျောင်းစာတွေကို မြန်မာလိုလိုက်ပြန်ပေးသေးတယ် ၊ အချိန်ကြာလာတာနဲ့အမျှ နောက်ပိုင်းအမြဲတမ်းမလုပ်နိုင်တဲ့အခါ မြန်မာစာအခေါ်အဝေါ်တွေနဲ့ တဖြည်းဖြည်းဝေးကွာစပြုလာတယ် ၊ ဒီလိုဖြစ်ရတာ အမေရိကန်ရောက် မလိုချင်တဲ့အကျိုးဆက်တစ်ခုကို လက်ဝယ်ပိုင်ဆိုင်မိခြင်းပါပဲ  ၊ ( ၈ ) တန်းသချာင်္အမှတ်ကောင်းလို့ စွမ်းက ( ၉ ) တန်းသချာင်္တက်ပြီးသား အခု ( ၁ဝ ) တန်း သင်္ချာမှာ အယ်လ်ဂျီဘရာ နဲ့ ဂျီသြမေတြီ သင်ရတယ် ၊ အင်္ဂလိပ်ဘာသာမှာ အခုပြဇာတ်သင်နေရပြီး ကျွန်တော်ကလေးအရွယ်တုန်းက လက်မှတ်တိုးဝယ်ကြည့်ခဲ့ရတဲ့ “ ရိုမီယို နဲ့ ဂျူးလီယက် ” စကားပြေသင်တယ် ၊ ညနေကျောင်းသွားကြိုတိုင်း တစ်ရက်တာ အတန်းတွေနဲ့သင်ခန်းစာတွေကို အိမ်စာဘယ်လောက်ပါတယ် ၊ ဘယ်နေ့ Test ဖြေရမယ် ၊ ဘာစာဖတ်ရမယ် ၊ ဆရာ / ဆရာမ ကိုပြန်တင်-Turn In ဖို့ စာရွက်စာတမ်းအလုပ်တွေပါသလားဆိုတာ ကားပေါ်မှာစစ်ပါတယ် ၊ ညစဉ် မိဘနဲ့ကျောင်းသားဆီပို့တဲ့ကျောင်းအီးမေးလ်ထဲမှာ ကျောင်းသားဒီညဘယ်အိမ်စာလုပ်ခဲ့ရမယ်ဆိုတာပြောထားလို့ မိဘက သားသမီးလုပ်ရပ်ကို အမြဲကြည့်-Monitor နေနိုင်ပါတယ် ၊ လိုအပ်တဲ့ ဗွီဒီယိုဖိုင်-Linked Video နဲ့ စာရွက်ဖိုင်-Attached Word File နဲ့ အချိန် / အတန်းဇယားတွေဟာ ကျောင်းသမဂ္ဂစုပေါင်းသုံးတဲ့ System of School Loop မှာ အစီအစဉ်တကျပါပြီးသားဖြစ်ပါတယ် ၊ မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာကြီးသူတစ်ယောက်အတွက် သိပ်အခံရခက်တဲ့ စွမ်း ရဲ့ မပီကလာအသံ ဘိုင်အို-Biology  ကို “ ဘိုင်ယို ” လို့ခေါ်နေတာ အခုတော့နေသားကျသွားပါပြီ ။




               နောက်ထပ်စိတ်ဝင်စားစရာ စိတ်ကြိုက်ဘာသာရပ်-Elective Subject အနေနဲ့ စီးပွားရေး ၊ အလုပ်အကိုင် နှင့် လူမှုဘဝအရည်အချင်း နဲ့ဆိုင်တဲ့ Business and Career Skills ဟာ အထူးစိတ်ဝင်စားဖို့ကောင်းပြီး လက်တွေ့ဆန်ပါတယ် ၊ စာသင်နှစ်ရဲ့ တတိယပိုင်းရောက်လာချိန်မှာ ကျောင်းသားကို အလုပ်လျှောက်လွှာ-Resume ( ရန်ကုန်အခေါ် CV ဖေါင် ) ရေးခိုင်းပါတယ် ၊ ရွေးကောက်ပွဲမဟုတ် ဘာမဟုတ် ဇယားကွက်ပါတဲ့ စာရွက်တစ်ရွက်ပေးပြီး အနည်းဆုံးလူ ( ၂၅ ) ယောက်ကို လက်ဆွဲနှုတ်ဆက် မိတ်ဆက်စကားပြောပြီး ထိုးမြဲလက်မှတ်ကောက်ယူခိုင်းပါတယ် ၊ နောက်တစ်ပတ်လည်းကျရော လူကြီးလူကောင်းဆန်ဆန်ဝတ်လာဖို့မှာလိုက်ပြီး တစ်ကယ့်အလုပ်ခွင်အတိုင်း အလုပ်အင်တာဗျူးဝင်ခိုင်းတယ် ၊ ကျောင်းသားရဲ့ မိမိကိုယ်ကိုယုံကြည်မှု တိုးမြှင့်ပေးတဲ့ ဒီလိုဆောင်ရွက်မှုမျိုးကို ( အမှန်အတိုင်းပြောရရင် ) ကျွန်တော့်တစ်သက်လုံးဘယ်နေရာကမှ မသင်ခဲ့ဖူးပါ ။


          ကျောင်းအစီအစဉ်အရ ရံဖန်ရံခါ လုပ်အားပေးသွားတဲ့အခါ စာကြည့်တိုက်လာကြတဲ့လူကြီးမိဘတွေကို လိုက်ပြပေးတာမျိုး ၊ စာအုပ်ရှာပေးတာမျိုး ၊ အရင်တက်ခဲ့တဲ့ကျောင်းမှာ လုပ်အားပေးစာရင်းကိုင်ပေးတာမျိုး ၊ လက်ရှိအထက်တန်းကျောင်းရဲ့ အားကစားပွဲတွေမှာ ပါဝင်ကူညီတာမျိုးတင်မကပဲ နောက်တက်ရမယ့် ပေါင်းကူးဒေသကောလိပ်-Community College မှာလည်း သွားရောက်လုပ်အားပေးရမယ်လို့ပြောပါတယ် ၊ “လူတောထဲဝင်စေချင်ရင်လူတောထဲပို့ ” လိုက်တဲ့ အမေရိကားစာသင်စံနစ်မှာ ဘာမှထူးထူးခြားခြားမသင်သလို တခုတ်တရ အလွတ်ကျက်မှတ်စရာသိပ်မပါတာ တွေ့ရပါတယ် ၊ ဒါပေမယ့် ဒီလိုပျိုးထောင်ခြင်းခံရတဲ့ ကလေးဟာ ခေတ်မီတယ်လို့ပြောရမလောက်ကို အကုန်သိနေပါတယ် ၊ ဘာမှတ်မိလဲမေးရင် တကယ်ဘာမှအလွတ်မရပါဘူး ၊ အရေးကြုံလာရင် လိုအပ်တဲ့အချက်အလက်ကိုဘယ်မှာရှာရမလဲ သူတို့သိတယ် ၊ ဘယ်လိုအသုံးချရမလဲ နားလည်တယ် ၊ မိမိဖာသာရပ်တည်ဖို့ အလုပ်အကိုင်စွမ်းရည်-Skill တွေရှိပါတယ် ၊ ဒီထက်အရေးကြီးတာဘာရှိဦးမလဲ ၊ ကျောင်းတက်ရခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ - ဒါတွေကြောင့်ပါပဲ လူ့လောကထဲမှာ ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့မဟုတ်ပါလား ။


 ကိုယ့်မွေးမြေတောင်တန်းကိုခွဲခွာလို့ ကိုယ်ပိုင်စီးပွားရေးတွေ နဲ့ လုပ်ငန်း ၊ အိမ် ၊ ဆိုင်တွေထားခဲ့ရပေမယ့် ကျွန်တော်တစ်သက်လုံးတက်ချင်တဲ့ကျောင်း ကျွန်တော့သားတက်ခွင့်ရနေပြီမို့လို့ အင်မတန်ကျေနပ်မိပါတယ် ၊ တစ်ချိန်ကျလို့ သူသာနားထောင်မယ်ဆိုရင် သူပညာစုံသွားတဲ့အခါ အမိမြန်မာနိုင်ငံကို စာပြန်သင်ခိုင်းရပါလိမ့်မယ် ၊ အမေရိကန်တိုင်းအထင်ကြီးဖို့အထိတော့မလိုပါဘူး ၊ ဒီလူမျိုးကနေရာတိုင်းမတော်ပါ ၊ ကမ္ဘာမှာမြန်မာသာတာရှိပါတယ် ၊ “ ဂဏန်းအလီ ” မေးလိုက်တိုင်း အမေရိကန်ကျောင်းသားက ဂဏန်းတွက်စက်ရှာ / တယ်လီဖုန်းထုတ် / တွက်မယ် - ချက်မယ်လုပ်နေတုန်း အနောက်ပိုင်းနားမှာထိုင်နေတဲ့ကျောင်းသားက အဖြေအော်ပြီးနေပါပြီ ၊ မယုံမရှိပါနဲ့ အဲဒါမြန်မာကျောင်းသားသေချာပါတယ် ။


Koko2yeye@gmail.com

" ကျွန်တော်တက်ချင်တဲ့ကျောင်း ကျွန်တော့သားတက်နေပြီ " စာမူကို ၂ဝ၁၄ မေလ ( ၃ ) ရက်နေ့ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် ၊ အတွဲ ( ၃ ) ၊ အမှတ် ( ၃၂ ) ၊ စာမျက်နှာ ( ၂၂ ) တွင် ဖော်ပြပါရှိသည် ။ Download Link:http://www.mediafire.com/download/woa4out3vbo1mxc/Vol._3,_No._32.pdf



No comments: