ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, August 23, 2014

သူတို့ရော အားနာတတ်သလား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
စစ်ကြောင့်ပျက်စီးခဲ့ရသလောက် ပြန်လည်နလံထူမြန်သူ လူမျိုးအနည်းငယ်ထဲမှာ ဗီယက်နမ်လူမျိုးတွေ အပါအဝင်ပါ။ ( ၂ဝ ) ရာစု သမိုင်းမှာ စံတင်ရလောက်အောင် “ နောက်ကျောမှာ ကလေးချီ၊ ဘယ်လက်မှာ ရိုင်ဖယ်ကိုင်၊ ညာလက်မှာ တံစဉ် နဲ့ စပါးရိပ်ရင်း မိုးပေါ်က အမေရိကန်လေယာဉ်တွေ့ရင် ပစ်ချ ” စံနစ် နဲ့ အမေရိက တောင် အရှူံးပေးရတဲ့ ချုံခို - Ambushing တိုက်ခိုက်ခြင်း အရမ်းကောင်းတဲ့လူမျိုးပါ။ နောက်ပိုင်း အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာတော့ တိုက်စစ်တစ်မျိုးပြောင်းပြီး အလုပ်တော်တော်ကြိုးစားခဲ့တယ်။
.
.
သူတို့ဟာ စစ်ကြောင့်နာကျည်းရမယ့်အစား အမေရိကားမြေမှာ မိမိရဲ့ သားသမီးတွေကို ပညာတတ်တွေအဖြစ် အမြောက်အများ မွေးထုတ်ပေးနိုင်တဲ့ အသည်းမာတဲ့ လူမျိုးလို့ ချီးကျူးချင်ပါတယ်။ သားသမီးထိန်းကျောင်းမှုမှာ ဘဝနာအောင်သင်ပေးတတ်ကြတယ်။ ရှင်သန်ခွင့်ပေးတဲ့ မြေပေါ်မှာ ရတဲ့အချိန်လေးအတွင်း အကျိုးရှိရှိ လုံ့လဝိရိယထားတတ်တဲ့ သူတို့ရဲ့ဇာတိရုပ်ဟာ ဗီယက်နမ်နိုင်ငံပြန်လည်ထူထောင်ဖို့ နဲ့ ပညာတတ်တွေ ပြည်တော်ပြန်ရေးမှာ တော်တော်အထောက်အကူဖြစ်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ဟာ မြန်မာနိုင်ငံနဲ့ အချိန်အတူတူကျရှူံးခဲ့ပေမယ့် အာရှခြင်္သေ့အဖြစ် ဆယ်စုနှစ်အတိုအတွင်း တက်လှမ်းနိုင်ခဲ့တာ အားကျစရာပါ။
.
.
ရောက်တဲ့နေရာ အိမ်ထောင်ကျရုံမက ရန်သူနဲ့တောင် အိမ်ထောင်ပြုတဲ့ အမေရိကန်တွေ ဒီလူမျိုးနဲ့လည်း ဘယ်လွတ်ပါ့မလဲ။ သွေးချင်းနီးပြီး “ ဗလက်ချိုင့် ” လူမျိုးအင်အားစုကြီး တစ်ခေတ်ထွန်းခဲ့သေးတယ်။ ဂျပန်မှာ ယာကူဆာ လို အုပ်စုလိုက်ကြီးစိုးချိန်မှာ အမေရိကားရောက် “ ဗလက်ချိုင့် ” များနေတဲ့ ရပ်ကွက်တွေမှာ တော်ရုံလူ မနေရဲတဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ ပြောပြသူတွေဆီက သိရတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အမေရိက ရဲ့ ဗီယက်နမ်မြေမှာ ကုန်ကျတဲ့ စစ်သုံးစားရိတ်ဟာ ရွှေသားအပြည့်ခင်းလိုက်ရင် ဟနွိုင်းမြို့ကို တစ်လက်မ ထူအောင် လမ်းခင်းနိုင်တယ်ဆိုတာကို မဆီမဆိုင် သွားသတိရမိတယ်။
.
.
နောက်ပိုင်း အမေရိကားမြေမှာ မွေးဖွားလာတဲ့ ဗီယက်နမီးစ် တွေဟာ သားသမီးကို နိုင်အောင်မထိန်းနိုင်ကြတော့ဘူး။ လူဆိုးဆန်ဆန် အုပ်စုလိုက်ရမ်းကားသူတွေပေါ်ပေါ်လာတတ်လို့ ဘို ရဲ တွေ ကြောက်ရလောက်တဲ့အထိ စောင့်ကြည့် အဆင့်ကို ရောက်ခဲ့သူများဖြစ်တယ်။ရုပ်ရည်အားဖြင့် အသားဖြူပြီး ချောမောလှပကြသလို လူရှေ့ထွက်ဖို့မရွံ့ကြသူများဖြစ်တယ်။ မရှက်မကြောက် ပြောဆိုတတ်ပြီး အကြမ်းပတမ်းအလုပ်တွေကို မညည်းမငြူလုပ်တတ်လို့ ဂုဏ်ယူစရာကောင်းသူ လူမျိုးအဖြစ် လေ့လာမိပါတယ်။
.
.
တရုတ်တမ်း Chinatown လိုသာ နာမယ်မတတ်ထားတာ ဒီလူမျိုးတွေစုစည်းပြီး Marketplace Shopping Center က စည်လှတယ်။ ခေါက်ဆွဲဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လက်သည်းခြေသည်းအလှပြင်ဆိုင်၊ စားသောက်ဆိုင်တွေ နဲ့ ရတနာဆိုင်လုပ်ငန်းတွေမှာ သူတို့ကြီးစိုးတယ်။ ခေါက်ဆွဲဆိုရင် ရန်ကုန်ကွေသရို့ခေါက်ဆွဲနဲ့ခပ်ဆင်ဆင်တူပြီး မြန်မာတွေ မကြာခဏ အားပေးကြတယ်။ ဆံကေသာဆိုင်ဖွင့်သူတွေမှာ သူတို့လူမျိုးက အများဆုံးပဲ။ ကြည့်လိုက်ရင်တော့ လှမည့်ပုံ၊ ထွက်လာတော့ တစ်လွဲ၊ ကျွန်တော်တို့ မြန်မာတွေနဲ့တော့ လိုင်းသိပ်မပူးပါဘူး။
.
.
လက်သည်းခြေသည်းအလှပြင်ဆိုင်တွေမှာ သူတို့လူမျိုးတွေ အများကြီး ခန့်ထားလုပ်ကိုင်ကြတယ်။ မြန်မာ့ရိုးရာ မုံ့လက်ဆောင်းဖတ် နဲ့ ခပ်ဆင်ဆင်အစိမ်းရောင် မုံ့ဖတ်မျိုး သူတို့အရောင်းဆိုင်တွေမှာ ရတတ်တယ်။ မုံ့ဖက်ထုပ် ဆန်ဆန် မုံ့တွေအစားများသလို ကောက်ညှင်းကို မျိုးစုံလုပ်စားတတ်သူ လူမျိုးဖြစ်တယ်။ မြန်မာတွေကြိုက်တဲ့ သူတို့ အစားအသောက်တစ်မျိုးကတော့ တစ်ထွာကျော်ရှည်တဲ့ Vietnamese Sandwich အသားညှပ်ပေါင်မုံ့ ဖြစ်ပါတယ်။ ကားနဲ့လိုက်ရောင်းတဲ့ Food Truck ( ၅ ) စီးမှာ ( ၁ ) စီးဟာ ဗီယက်နမ်လူမျိုးပိုင်တယ်လို့ ရမ်းပြောရင် သိပ်မလွဲနိုင်ဘူးထင်ပါတယ်။ အိမ်ခြံမြေပွဲစား Broker လုပ်ငန်းမှာ တစ်ချိန်က ဘိုတွေနဲ့ ပုခုံးချင်းယှဉ်လုပ်နိုင်တဲ့အထိ ဘာသာစကားကျွမ်းကျင်သူတွေ တွေ့လာရတယ်။
.
.
လုပ်ငန်းခွင်မှာ သူတို့စကားပြောသံဟာ တရုတ်ကွမ်တုန်းစကားနဲ့အသံဆင်သလိုရှိတယ်။ အလုပ်လုပ်ရင်းကျောင်းတက်သူများပြီး ဘာသာစကားမှာ အခက်အခဲတွေ့စေတဲ့ “ လျှာ ” မျိုးပိုင်ဆိုင်သူများဖြစ်တယ်။ ဆိုလိုတာက သူတို့ဘယ်လိုပြောပြော အင်္ဂလိပ်အသံမပီနိုင်ဘူး။ ဒီမြေမှာမွေး ဒီမြေမှာကြီးသူတွေမှာတော့ ဒီဒုက္ခ ကနေ ကင်းဝေးကြတာပေါ့။ ကားကောင်း ကားသစ်တွေ အရမ်းကြိုက်ကြသလို ကြွားဝါမှုနည်းတယ်။ ဘဏ်မှာငွေစုသူများတယ်။ အစုစပ် အေးဂျင့်လုပ်ငန်းတွေ ကြိုက်တတ်တယ်။ အေးတဲ့ရာသီဥတုမှာ နေပေမယ့် အပူဒဏ်ကို ခံနိုင်သူများလို့ လေ့လာမိပါတယ်။
.
.
ပြောမည့်သာ ပြောတာ သူတို့လည်း အားမနာတတ်ပါဘူး။
.
.
လုပ်ကိုင်ခွင့်ရရင် အခွင့်အရေးဆုံးရှူံးမခံတတ်လို့ သူတို့နဲ့ပြိုင်လုဖို့ မြန်မာတွေ မနိုင်နိုင်သေးပါ။ ယှဉ်လိုက်တိုင်းလက်တွေ့နဲ့ အတွေ့အကြုံရှိသူများ ဖြစ်နေတတ်လို့ ရာထူးအသင့်သင့် ရတတ်သူ လူမျိုးတွေဖြစ်တယ်လို့ သုံးသပ်မိတယ်။ တစ်ခြားလူမျိုးက နှိမ့်ချဆက်ဆံတာကို ကြိတ်ခံရင်း ယှဉ်လိုက်ရင် အောက်ခြေလူတန်းစားလို နေတတ်ပေမယ့် သူတို့မှာ ကြောင်လက်သည်းဝှက် ပညာလျှိုတတ်တဲ့အကျင့်ရှိတယ်။ သူတို့နားက ဘာပညာမှရနိုင်မယ်စိတ်မကူးနဲ့ သင်ခန်းစာသာ ရဖို့ရှိပါတယ်။ ဆက်ဆံရေးမှာ အပြုံးပန်းဆင်မြန်းထားပြီး သူတို့လိုရာကို ဆွဲယူဆောင်ကျဉ်းတတ်သူတွေဖြစ်သလို ယှဉ်ပြိုင်မှုတိုင်းမှာ အားမနာတတ်ပါဘူး။ ပြည်ပရောက် “ ဗလက်ချိုင့် ” များကို ပြည်ပရောက် မြန်မာများ မှီနိုင်အောင် တော်တော်လိုက်ယူရပါဦးမယ်။ ဒါကြောင့် ဒီလူမျိုးကို ပူးတွဲ ပထမ ပေးထားလိုက်ပါတယ်။
.
နောက်ထပ် လူမျိုးများအကြောင်း ထပ်လာပါဦးမည်။


koko2yeye@gmail.com

No comments: