ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, September 7, 2013

ဂျာနယ်ဖတ်ရင်း စာသင်မယ် ၁ ။ ( Southwest Airline )



               အွန်လိုင်းကောလိပ်သင်ခန်းစာလို့ဆိုလိုက်ရင် တော်ရုံတန်ရုံ တွန့်သွားကြပြီး အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ စာသင်စံနစ်လို့ထင်မိကြမှာပါ ၊ အမှန်က အင်္ဂင်္လိပ်လို ဖတ်ရ သင်ရ ဖြေရတာမို့လို့် တစ်ကယ်တမ်းမလုပ်ကြည့်ဘဲနဲ့ကြောက်နေကြတာဖြစ်ပါတယ် ၊ စာရေးသူဟာ ကလေးပညာရေးအတွက် အမေရိကားကို ခေတ္တရောက်နေတာဖြစ်ပြီး ဒီနှစ်မှာ အွန်လိုင်းသင်ကြားခြင်းကနေ ဈေးကွက်ကွင်းဆင်းခြင်း - Marketing ဘာသာရပ်ကို သင်ယူနေပါတယ် ၊ မြန်မာပြည်သူ စာဖတ်သူများနဲ့ ဒီလိုစာသင်ယူမှုများဟာ ထင်သလောက်မခက်ဘူးဆိုတာပြောပြရင်း စာရေးသူနဲ့ စာမေးပွဲအတူတူဖြေကြရအောင်လားဗျာ ။

          စာသင်သားနဲ့ဆရာတွေကိုချိတ်ဆက်ပေးထားတဲ့ အင်တာနက်အခြေခံ ဒေသဆိုင်ရာခရိုင်ကောလိပ်ပေါင်းစုံ ဝက်ဆိုဒ်မှာခုံနံပါတ်နဲ့ဆင်တူတဲ့ Username နဲ့ဝင်ပြီး ညွှန်ကြားချက်တွေကိုဖတ်ရပါတယ် ၊ အပတ်စဉ်လေ့ကျင့်ခန်း - Quiz ဖြေရပြီး စနေနေ့ည ၁၁:၅၉ နာရီနောက်ဆုံးထား အပြီးတင်ရပါတယ် ၊ ၃ ပတ် နဲ့ ၁ လ တန်သည် စာမေးပွဲဖြေရပြီး အခုတက်နေတဲ့ ၅ လ ကြာစာသင်ချိန် - Fall Semester နောက်ဆုံးပတ်ကျမှ စားမေးပွဲကြီးဖြေရမှာပါ ၊ စာမျက်နှာ ၅၂ဝ ကျော်ပါတဲ့ ဖတ်စာအုပ်ဟာ ၄ ပေါင်လေးပြီး ၂၂ ဒေါ်လာခွဲ ပေးရပါတယ် ၊ ကောလိပ်ကစာအုပ်တိုက်မှာရောင်းဈေးဒေါ်လာ ၇ဝ ဖြစ်နေပြီး အမ်မဇွန် အွန်လိုင်း မှာဝယ်တာ အသစ်ကဒေါ်လာ ၄ဝ ဆိုတော့ သူများသုံးပြီးသားအဟောင်းဘဲ ဝယ်လိုက်ပါတယ် ၊ တပတ်ကို ပျမ်းမျှ ၂၄ မျက်နှာစာဖတ်ရပြီး ဝေါဟာရအသစ်တွေ ၊ ဖြစ်ပျက်ခဲ့ပြီးသားဥပမာတွေ နဲ့ မေးခွန်းတွေ ပါဝင်ပါတယ် ၊ ကဲ - ဒီတစ်ပတ်ဖြေရမဲ့ ပုစ္ဆာကို စာရေးသူနဲ့အတူလိုက်ဖတ်ကြအောင် ။



ခေါင်းစဉ် ။        ။ SOUTHWEST AIRLINES : POSITIVELY OUTRAGEOUS LEADERSHIP
          တက္ကဆက်ပြည်နယ်အခြေစိုက် Southwest Airlines ဟာ ပထမဆုံး ဒဲလက်စ်မြို့ကို စဆွဲလိုက်တဲ့ ၁၉၇၁ ခုနှစ်မှာ အချိန်တိုအတွင်းကျဆုံးပြီး ဒေဝါလီခံရလိမ့်မယ် လို့ စီးပွားရေးကျွမ်းကျင်သူတွေဟောကိန်းထုတ်ခဲ့ကြပါတယ် ၊ အထင်နဲ့အမြင်တွေလွဲခဲ့ကြပြီး အဲဒီအချိန်က စားသုံးသူတွေလိုအပ်ချက်ကိုဖြည့်ပေးနိုင်ခဲ့တဲ့ သက်သာတဲ့လေယျာဉ်စီးခနှုန်းထား ၊ အခေါက်ရေစိတ်စိတ်ပျံသန်းခြင်း နဲ့ အလုပ်ခွင်နဲ့ကိုက်ညီတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ စတဲ့ အကြံဥာဏ်စိတ်ကူးအသစ်တွေကြောင့်အခြားလေကြောင်းလိုင်းတွေနဲ့ယှဉ်ပြိုင်ရပ်တည်နိုင်ပြီး အခုဆိုရင် ကမ္ဘာမှာ အမြတ်အများဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်လာပါတော့တယ် ။

          သမားရိုးကျပျံသန်းခရီးစဉ်များကိုဆန့်ကျင်ပြီး ကြံ့ခိုင်စိတ်ချရတဲ့ ၇၃၇ လေယျာဉ်ကိုသာသုံးပြီး မြို့ကြီး ၄၅ မြို့ကို ခပ်စိတ်စိတ်ခေါက်တို ဆွဲပေးတဲ့တိုက်ကွက်နဲ့စတင်ခဲ့ပါတယ် ၊ ခရီးသည်တွေကို ထိုင်ခုံပေးမရွေးဘဲ လွတ်တဲ့နေရာထိုင်စံနစ်ကိုစတင်ကျင့်သုံးပြီး အစားအသောက်ကိုလေးလေးပင်ပင် မဟုတ်တဲ့ သားရေစာ - Snack Pack ကိုသာကျွေးမွေးခဲ့တယ် ၊ အပေါ်ယံပကာသနကိုအထူးမပြုဘဲ ခရီးသည်များလိုရာခရီးကို ပျော်ရွင်စွာရောက်စေဖို့ ဂရုစိုက်ခဲ့တဲ့အတွက် တည်ထောင်သူ ဟာ့ဘ်ကယ်လီဟာကို ခပ်ကြမ်းကြမ်းလမ်းသစ်ဖောက်တဲ့ စီအီးအို လို့တောင် သမုတ်ခဲ့ကြပါတယ် ၊ တခါတရံ အဲဗစ်ပရက်စလေ လို ဝတ်ဆင်တတ်ပြီး အယောက် ၂ဝဝဝဝ ရှိတဲ့ ဝန်ထမ်းတွေက သူ့နာမည်ကို သူဌေး ၊ ဘော့စ် ၊ မစ္စတာ တပ်ခေါ်တာမကြိုက်တဲ့ ဟာ့ဘ်လို မေတ္တာတရားကြီးမားတဲ့ သူဌေးမျိုးကိုနောက်ထပ်ရှာမတွေ့နိုင်ဘူးလို့ ကုမ္ပဏီ ဒုတိယအမှုဆောင်အရာရှိချုပ်ကပြောပြပါတယ် ၊ “ ဝန်ထမ်းအားလုံးအလုပ်လာရင်ပျော်ရွှင်စေရမယ် “ ဆိုတဲ့ဆောင်ပုဒ်ကိုစံပြထားတဲ့အလုပ်ရှင်ဖြစ်ပါတယ် ။

          “ ငါတို့ပိုင်ပိုင်နိုင်နိုင်ပျော်ရွှင်စွာနေ့တိုင်းအလုပ်လုပ်နေတာကို စီးနင်းသူဖောက်သည်ခရီးသည်တွေသိစေရမယ် “ လို့ အမြဲပြောတဲ့ ဟာ့ဘ် ရဲ့ ခေါင်းဆောင်မှုပညာကို “ အရူးလုပ်တဲ့ခေါင်းဆောင်မှုပညာ ” လို့ သူ့ကိုယ်သူ အမြဲဂုဏ်ယူပြောဆိုတတ်သူပါ ၊ ချစ်ခြင်းမေတ္တာစေတနာနဲ့အလုပ်ခွင်ဖြစ်စေရမယ် - အကြောက်တရားနဲ့အလုပ်ခွင်မဖြစ်စေရဘူး လို့လဲဆိုပါသေးတယ် ၊ ဝန်ထမ်းတွေဟာ ခရီးသည်တွေကို ပိုမိုစိတ်ကျေနပ်မှုပေးနိုင်မဲ့အခြေအနေမျိုးမှာ မနက်အလုပ်ကမှာလိုက်တဲ့ ညွှန်ကြားချက်ကိုဆန့်ကျင်ပြီးလုပ်နိုင်တယ် ၊ ဆန်းသစ်တီထွင်င်္ပြီးဝန်ဆောင်မှုပေးနိုင်တယ် ၊ တန်ဖိုးရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးခွင့်ရှိတယ် လို့ သင်တန်းပေးဒါရိုက်တာ ရီတာဘေလီ က ရှင်းပြပါတယ် ။

          အလုပ်စသွင်းတဲ့နေ့ကစ ကျွမ်းကျင်သင်တန်းမှာကတည်းက “ ငါတို့လေကြောင်းလိုင်းကို ထိပ်တန်းနံပါတ်တစ်မှာရောက်နေစေမဲ့ ဘယ်လိုလုပ်ဆောင်ချက်ကိုမဆို လုပ်နိုင်တယ် ” လို့ သင်ပေးလိုက်တာပါ ၊ Southwest Airlines ရဲ့ ပြည်သူ့တက္ကသိုလ် ကို တည်ထောင်လိုက်ပြီး အနာဂါတ်အုပ်ချုပ်ရေးမှူးများ ၊ မန်နေဂျာများ နဲ့ ခေါင်းဆောင်များကို တစ်ဆက်တည်းသင်တန်းပေးပါတော့တယ် ၊ ဒီသင်တန်းကနေ အချင်းချင်းချက်ကျလက်ကျဆက်ဆံရေး ၊ ယုံကြည်မှုထိန်းသိမ်းရေး ၊ အပြန်အလှန်လေးစားရေး စတဲ့ ကွင်းဆက်တွေကိုချိတ်ဆက်ပေးလိုက်ပါတယ် ။ ခိုင်မာသောစိတ်ဓါတ် ၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ တာဝန်သိမှုစည်းကမ်းတွေကို တစ်စုတစ်စည်းတည်းအသုံးချနိုင်ခဲ့လို့ Southwest Airlines ကို အမေရိကားမှာအလုပ်လုပ်ဖို့အကောင်းဆုံး ကုမ္ပဏီ ၁ဝ ခု ထဲဝင်အောင်လုပ်နိုင်ခဲ့တာပါလို့ ဟာ့ဘ် က ထပ်လောင်းရှင်းပြပါတယ် ။


          နှစ်တိုင်း အတော်ဆုံးဌာနနာမယ်ကို လေယျာဉ်ကိုယ်ထည်ပေါ်မှာ တက်တူး - Tattoo ထိုးပေးလေ့ရှိပြီး အတော်ဆုံးဝန်ထမ်းကို “ နှလုံးသားရဲ့ရဲစွမ်းသူရဲကောင်း” ဆု ချီးမြှင့်ပြီး ဝန်ထမ်းတွေကို ကောင်းကောင်းထားပါတယ် ၊ လေကြောင်းလိုင်းရဲ့စတော့ရှယ်ယာတွေကိုခွဲဝေပေးတဲ့ ပထမဆုံးအမေရိကန်လေကြောင်းလိုင်းဖြစ်ပြီး ဒီကနေ့မှာတော့ ကုမ္ပဏီရဲ့ ၁ဝ ရာခိုင်နှုန်းသောရှယ်ယာတွေကို ပိုင်ဆိုင်သူတွေကတော့ Southwest Airlines ရဲ့ ဝန်ထမ်းတွေဘဲဖြစ်ပါတယ်။

          ရုံးချုပ်မှာကပ်ထားတဲ့ “ Southwest Airlines ဝန်ထမ်းများဟာ အခုလိုအောင်မြင်တဲ့လေကြောင်းလိုင်းကို တည်ထောင်သူများဖြစ်တယ် ၊ ငါတို့ဝန်ထမ်းများဟာ ပုံပြင်ဆန်ဆန်အတွေးခေါ်များကို အသွင်ပြောင်းနိုင်ခဲ့တယ် ၊ အဲဒီဒေါက်တိုင်များက ငါတို့ရဲ့အတွင်းစိတ် ၊ လုပ်ချင်ကိုင်ချင်တဲ့စိတ်ဓါတ် ၊ အကန့်အသတ်မရှိတဲ့စွမ်းဆောင်ရည် ၊ အလွန်ထက်သန်သောစိတ်ဆန္ဒ တို့နဲ့ ကြီးမားဆန်းကြယ်သော အနာဂတ်ရည်မှန်းချက်များသွားဖို့ ကျားကန်ပေးထားကြတယ် ၊ ဧရာမလေကြောင်းလိုင်းကြီးကို ချစ်ချင်ကြည်နူးဖွယ်ကောင်းသောမိသားစုများက ခရီးသွားခြင်းဖြင့်အားဖြည့်ပေးလို့ အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ပြုပါတယ်” ဆိုတဲ့ ဆောင်ပုဒ်စုလေးဟာတော့ မြင်သူတကာ ကူးမှတ်ယူရလောက်အောင် စံပြဖြစ်နေပါတယ် ။

          ဖတ်ရတဲ့ အဖြစ်မှန်ပုစ္ဆာ ကတော့ဒီလောက်ပါဘဲ ၊ အောက်မှာ မေးခွန်း ၃ ခု ရှိပါတယ် ။

  •  Southwest Airlines ရဲ့ အတွေးအခေါ်တွေကို ပြန်လည်တည်ဆောက်ရမဲ့သင့်ကိုယ်ပိုင်အတွေးအခေါ်များကို ရှင်းပြပါ
  •   Southwest Airlines အတွင်းမှာ အဘယ်ကဲ့သို့အဆက်အစပ်နည်းဗျူဟာများဟာ လူအများကို ထင်သာမြင်သာရှိစေပါသလဲ ရေးပြပါ
  •  ရာသီဥတု ကိုအခြေပြုပြီး ရာသီစဉ် နဲ့ လုပ်စားရတဲ့အလုပ်ကို လုပ်ငန်းသစ်အဖြစ် ဟာ့ဘ် က ဘယ်လိုအသွင်ပြောင်းတည်ဆောက်ခဲ့ပါသလဲ ရှင်းပြပါ




စာဖတ်သူတို့ မူရင်းစာပိုဒ်ကို နားလည်အောင်ဖတ်တတ်ရင် ဖြေနိုင်ပါပြီ ၊ အဖြေတွေက စာပိုဒ်အတွင်းမှာ တစ်စိတ်တစ်ပိုင်းပါပြီးတော့ ဦးနှောက်ကစဉ်းစားပြီး ထပ်ဖြည့်ရုံပါ ၊ အွန်လိုင်းကဖြေရတာမို့လို့မသိတာကို Google မှာရှာလို့ရပါတယ် ၊ ကိုယ့်ထက်သိနိုင်သူကို မေးနိုင်ပါတယ် ၊ မြန်မာပြည်က ၁ဝ တန်းမှာ အင်္ဂလိပ်စာ အမှတ် ၆ဝ ရထားသူမည်သူမဆိုဖတ်နိုင်တဲ့စာမျိုးပါ ၊ ဘာကိုမှ အလွတ်ကျက်ဖို့မလိုပါဘူး ၊ ကူးရေးထားဖို့မလိုပါဘူး ၊ ကိုယ်တက်တဲ့ Semester ပြီးရင် ဒီဖတ်စာအုပ်ကိုမလိုတော့ပါဘူး ၊ ကိုယ့်ဘဝအတွက် အသုံးလိုမယ်ထင်ရင်တော့ သိမ်းထားသင့်ပါတယ် ၊ လိုချင်တဲ့အတွေးအခေါ်ကို ဦးနှောက်ထဲရိုက်သွင်းလိုက်တာထက်စာရင် စဉ်းစားဥာဏ်ကို အလုပ်လုပ်ခိုင်းလိုက်တာ က အမေရိကန်ပညာရေး ရဲ့ လျှို့ဝှက်ချက်ပါ ၊ လုပ်ရင်မခက်ပါ ၊ လုပ်ဖို့ဘဲလိုပါတယ် ၊ အားပေးပါတယ် ၊ မြန်မာပြည်သူများ ပညာဆက်သင်ပါခင်များ ။

( နောက်အပတ်တွေမှာ ထပ်ပြီးတော့ စာမေးပွဲအတူတူဖြေရအောင် )

ကိုညီညီ - တောင်ကြီး

         " ဂျာနယ်ဖတ်ရင်း စာသင်မယ် ၁ ။ ( Southwest Airline ) " စာမူကို 
၂ဝ၁၄ မေလ ( ၃၁ ) ရက်နေ့ထုတ် 
NetGuide နည်းပညာဂျာနယ် ၊ 
အတွဲ ( ၃ ) ၊ 
အမှတ် ( ၃၆ ) ၊
စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည် ။

Download Link : http://www.mediafire.com/download/4e0v9k6ftf14i9h/Vol._3,_No._36.pdf



No comments: