ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, June 22, 2014

အလယ်နိုင်ငံသား ကျွန်တော်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )




          အစ အလယ် နောက်ဆုံး ( ၃ ) ပါး ကာလတွင် ဒေသန္တရ နေရာဋ္ဌာနအကြောင်းကို ဆွေးနွေးလိုပါ၏ ။ မွေးဖွားရာ ချက်မြုပ်မြေသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အောင်မြေ ဖြစ်ချင်မှဖြစ်မည် ။ မိမိမထင်မှတ်ထားသော နေရာဋ္ဌာနသည်ပင်လျှင် အောင်မြင်ရာ ဒေသ ဖြစ်နေနိုင်သည် ။ ကျင်လည်ကျက်စား အခြေကျရာ အသိုက်အမြုံမှသည် ရေကြည်ရာ မြက်နုရာ သို့ ပြောင်းရွှေ့ပြီး ကြီးပွားချမ်းသာလာသူများ ရှိသလို " သေချင်တဲ့ကျား တောပြောင်း " စကားပုံကဲ့သို့ ပတ်ဝန်းကျင်မှ လက်မခံခြင်း တစ်နည်းအားဖြင့် လူမှုဝန်းကျင်နှင့် ပျော်ဝင်စီးမြောခြင်းမရှိသည်မှ တစ်ဆက်တည်း စီးပွားပျက် အသက်ပါ ဆုံးရှုံးရသည့် ဖြစ်ရပ်သာဓကများ ရှိနေပေသည် ။ ထို့ကြောင့် မိမိ၏ ရပ်တည်မှု နှင့် စိတ်နေသဘောထားသာမက ပြောဆိုဆက်ဆံရေး ဦးဆောင်သော ပေါင်းသင်းမှုအနုပညာ သည် အရေးပါလာသည့် အနေအထားတွင် ရပ်တည်နေသည်ဟု ယူဆနိုင်သည် ။ 




         

           ဖခင်သည် စွပ်ကျယ် နှင့် ဘောင်းဘီတို ဖြင့် ပြည်ကြီးမှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်သည် ။ သူ့ခေတ်သူ့အခါတွင် အလွန်ကြိုးစားခဲ့ရကြောင်း မကြာခဏပြောပြခဲ့သည် ။ မြန်မာစကား တတ်ခါစတွင် ကားစပယ်ရာလိုက်ရာ တောင်တက်လမ်းတွင် မိုး က ရွာ ၊ မှန်ရေသုတ်တံ - Wiper က မကောင်းသဖြင့် သက်စွန့်ဆံဖျား ဒရိုင်ဘာဘေး ကားအပြင် ခြေနင်းတန်းပေါ်မှ အဝတ်တစ်ခုဖြင့် မှန်သုတ်ပေးခဲ့ရကြောင်း မောပမ်းစွာပြောပြဖူးသည် ။ ကြုံရာကျပမ်း လုပ်စားရင်း ဆပ်ပြာစက်ရုံရှိ ဖိစက်တွင် လက်မ, ညှပ်မိ၍ ညာဘက်လက်မလက်သဲခွံ ဆုံးရှူံးခဲ့ကြောင်း ပြောပြခဲ့သည် ။ ကျွန်တော်မမွေးခင် ကျောက်ကပ်ရောဂါဖြစ်၍ ( ၁ ) ပေခန့် ဝမ်းဗိုက်တွင် တစ်ပတ်လည် ခွဲစိတ်ခဲ့ရကြောင်း ဒဏ်ရာကို အမှတ်တရ ပြောပြတတ်သည် ။ သို့သော် ဖခင်၏ကြိုးစားမှုကြောင့် ကျွန်တော်တို့ မိသားစု ချမ်းချမ်းသာသာ နေခဲ့ရပါ၏ ။ မောသည်ဟု တစ်ကြိမ်မှ မညည်းညူခဲ့သည့်အပြင် ကျန်းမာရေးမချို့တဲ့ခင်အထိ နေ့စဉ်နှင့်အမျှ ရုန်းကန်အားထုတ်ခဲ့ပါ၏ ။ ပြန်လည်ဆန်းစစ်ရလျှင် ဖခင်၏ နေရာသစ်သို့ပြောင်းရွှေ့အခြေချမှုသည် သူ့ကို မွေးဖွားကြီးပြင်းစေခဲ့သော တရုတ်ပြည်အတွက် သာမက ထွန်းပေါက်ကြီးပွားခွင့်ပေးခဲ့သော မြန်မာနိုင်ငံအတွက်ပါ အောင်မြင်မှု တစ်ရပ် ဖြစ်စေခဲ့သည် ။ 


         အကြောင်းမူကား ကိုယ့်နိုင်ငံသားကို ဝ, လင်အောင် မကျွေးမွေးနိုင်သော တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးအတွင်း သူ့နိုင်ငံမှ လူဦးရေတစ်ယောက် လျော့သွားခြင်းသည် ထိုခေတ်အခါက တရုတ်ပြည်အတွက် ဝန်ပေါ့ခြင်း ဖြစ်လေသည် ။ ဖခင်သည် တတ်နိုင်လာသည့်အခါ ကျန်ရှိသောဆွေမျိုးပေါက်ဖော်များကို မသေဆုံးခင်အထိ ထောက်ပံ့ငွေ မှန်မှန်ပို့ပေးခဲ့သည် ။ ထိုနည်းအားဖြင့် ဖခင်၏မွေးရပ်မြေသည် သူ့ကို ပြည်ပထွက်ခွင့်ပေးလိုက်ရသည့်တိုင် မည်သည့်ဆုံးရှူံးမှုမှ မဖြစ်ပေါ်ခဲ့ပါ ။ ဖခင်သည် သူကြီးပွားလာသည့်အခါ မြန်မာနိုင်ငံအစိုးရကို အခွန်ငွေ အပြည့်အဝပေးဆောင်ခဲ့ခြင်းဖြင့် တာဝန်ကျေခဲ့သည် ။ 
ဘာသာစကားအခက်အခဲရှိသူ ဆွေမျိုးမိတ်သင်္ဂဟများကို လူဝင်မှုကြီးကြပ်ရေးဋ္ဌာန နှင့် အခြားဋ္ဌာနဆိုင်ရာများတွင် လိုက်ပါ ကူညီ စကားပြန်ပေးခဲ့သည် ။ ထို့ကြောင့် ဖခင်၏ ပြည်ဝင်မှုသည် မြန်မာနိုင်ငံအတွက် အမြတ်အစွန်း တစ်ခု ဖြစ်ပါသည် ။



                   

          မိခင်သည် ဒုတိယမြောက်အကြိမ် အိမ်ပြောင်းပြီးသောအခါ ကျွန်တော့ကို မွေးသည်  ။ အထက်တန်းကျောင်းပြီ်းသွားသည်အထိ ကျွန်တော်သည် ကျောင်းကောင်းစွာတက်ခဲ့ရသည် ။ ရန်ကုန်တက္ကသိုလ် ၌ ( ၃ ) နှစ်ခန့်တက်ပြီးသောအခါ ၈၈ အရေးတော်ပုံဖြစ်ပြီး ဖခင်သည် ကျွန်တော့ကို တောင်ကြီးသို့ ပြန်ခေါ်ခဲ့သည် ။ လူငယ်ဘဝဖြင့် နိုင်ငံခြားသို့ ပညာသင်သွားလိုသော်လည်း ဖခင်မှ ကုန်စုံဆိုင်လုပ်ငန်းကို သင်ယူရင်း အိမ်ထောင်ပြုစေလိုသည် ။ သို့ဖြင့် အိမ်ထောင်ပြုပြီး မိဘလက်ငုတ် စီးပွားရေးကို ညီင်္အစ်ကိုများနှင့်အစုစပ်လုပ်ကိုင်ရင်း ဆယ်စုနှစ် တစ်ခုကျော် ကြိုးစားလုပ်ကိုင်ခဲ့သည် ။ ဖခင်ဖြစ်စေချင်သလို ညီအစ်ကိုများမညီညွတ်သည့်အခါ တစ်ဦးတည်းစီးပွားကို ၁၉၉၇ တွင် ပြန်စခဲ့ရသည် ။ 
သို့ဖြင့် နှစ်ပေါင်း ၁ ဒါဇင်ခန့် စီးပွားရေးနယ်ပယ်တွင် အခြေကျပြီးသကာလ အဆင်ပြေလာသော အမေရိကားမှ အစ်မ မှ ခေါ်ယူရာသို့ လိုက်ပါရန် အချိန်ကျရောက်လာပြန်သည် ။


အစ်ကို ၊ အစ်မ နှင့် ကျွန်တော်တို့မိသားစု ( ၆ ) စု ၏ ပြည်ဝင်ခွင့်မြန်မာနိုင်ငံမှ လိုအပ်သောစာရွက်စာတမ်းများနှင့် အမေရိကန်သံရုံးကိစ္စများဆောင်ရွက်နိုင်ရန် ကုန်စုံဆိုင်လုပ်ငန်းကို လွှဲထားခဲ့ပြီး ရန်ကုန်သို့ ကူးချည်သန်းချည်လုပ်၍ ပြင်ဆင်ခဲ့သည် ။ သို့ဖြင့် ကျွန်တော်သည် အင်္ဂလိပ်ဘာသာစကား နှင့် အမေရိကန်နိုင်ငံ ရုံးသုံးစကားလုံးများကို ကြိုတင်လေ့လာခွင့်ရခဲ့၏ ။ ပြန်စဉ်းစားကြည့်သည် ၊ နောက်မကြာမီ လအနည်းငယ်တွင် ပြည်ပထွက်ရတော့မည် မြန်မာနိုင်ငံအတွက် ဘာတစ်ခုမှ မပြုလုပ်ပေးရသေး ၊ အားလုံးကိုယ့်အတွက်ကိုယ်သာ လုပ်ယူခဲ့သည်ချည်းဖြစ်သည် ။ စီးပွားတိုးတက်လာသော်လည်း အိမ် ၊ ခြံ ၊ ဆိုင် ၊ ကား ၊ တယ်လီဖုန်း အားလုံး တစ်ခုမျှ အမေရိကားကို ယူဆောင်သွားလို့မရ ။ ယုတ်စွအဆုံး အတွင်းပစ္စည်း လက်ဝတ်ရတနာများကိုပင် သယ်ဆောင်၍မရ ၊ တကယ့်ကို တရားကျစရာဖြစ်လေသည် ။ လုပ်ငန်းနှင့် အိမ်ခြံမြေများအား အပြီးအပြတ်ရောင်းချ၍ “ ဘုရင့်နောင် ဖောင်ဖျက် ”  ခြံခုန်သွားရန် မိတ်ဆွေအချို့မှ အကြံပေးသော်လည်း ကျွန်တော်တို့ ဇနီးမောင်နှံ တိုင်ပင်ကာ လုပ်ငန်းကိုလွှဲ၍ အသက်ဆက်ခဲ့ရန် ဆုံးဖြတ်ခဲ့သည် ။ မြန်မာနိုင်ငံသားဖြစ်သည်ကို မောင်ရော မယ်ရော အကြွင်းမဲ့ ဂုဏ်ယူသူများဖြစ်ကြသည် ။






နေရာသစ်ကိုရောက်သော် ပထမ ( ၁ ) နှစ်ခန့်မှာ အရာရာကို သင်ယူရင်း ဖြတ်သန်းခဲ့သည် ။ ဒုတိယ တစ်နှစ်တွင်မှ အိမ်ခန်းငှားပြီးကိုယ်တိုင်ကိုယ်ကျရပ်တည်ရသောအခါ အိမ်သူ မှာ ကားမောင်း ၊ ပန်းကန်ဆေး ၊ ကြမ်းတိုက် ၊ အဝတ်လျှော် ၊ ဟင်းချက် ဖြင့် မိသားစုကို ထောက်ကူခဲ့ရသော်လည်း သမီး က ကောလိပ် ၊ သား က အလယ်တန်း ကျောင်းကိုယ်စီအခြေကျနေပြီမို့ အမောပြေခဲ့ပါသေးသည် ။ အမေရိကား ကို အဓိကလာရင်း ရည်ရွယ်ချက်ဖြစ်သော သားသမီးများနောင်ရေး ၊ ကောင်းမွန်သောပညာရေးအမွေအနှစ် လက်ဆင့်ကမ်းနိုင်ရေး တို့အတွက် ကျွန်တော်တို့ အပတ်တကုတ်ကြိုးစားခဲ့ပါ၏ ၊ ရုန်းကန်ခဲ့ပါ၏ ။ အလွတ်ကျက်တတ်ပြီး မစဉ်းစားတတ်သော ပညာရေးကို ကျွန်တော့သမီးကို မပေးလို ။ ပြောသည်ကိုသာ နားထောင်ပြီး ပြန်မမေးရဲသော ပညာရေးထဲတွင် ကျွန်တော့သားကို မထားခဲ့လို ။ ထိုခေတ်အဆက်ဆက် ကျွန်တော် နဲ့ အိမ်သူ တို့ နှစ်ပေါင်းများစွာ စီးမျောခဲ့ပြီးပြီ ။


ကလေးများအတွက်ဆိုပြီးရောက်လာသူ ပြောင်းရွှေ့မြန်မာတစ်ချို့ ဤနိုင်ငံတွင်မနေနိုင်ကြပါ ။ ပြန်လည်ပြည်ဝင်ခွင့် Re Entry ယူ၍ မြန်မာနိုင်ငံတွင်ရှိသော စီးပွားရေးကို ကျားကုတ်ကျားခဲ ပြန်ကြိုးစားသည်ကို ကြည့်၍ ကျွန်တော် လွန်စွာအားကျမိသည် ။ သူတစ်ပါး စီးပွားဖြစ်သည်ကို မုဒိတာပွားမိပါသည် ၊ သို့သော် ကျွန်တော်မရှိလျှင်မဖြစ်သော မိသားစုအတွက် ကျွန်တော်ရှိနေမှဖြစ်မည် ။ အခြေဝေး မြေဝေးတွင်မို့ မိသားစုစားဝတ်နေရေးသည် ကျွန်တော့အလုပ်မှ ဝင်ငွေဖြင့် လုံးလုံးလျားလျား မှီခိုနေသည်ဖြစ်ရကား “ မောင်ကြီးမပြန်နိုင်သူ ” မှာ ကျွန်တော် တောင်ပေါ်သားပင် ဖြစ်တော့သည် ။




“ Identify yourself ” ဆိုသည့် စကားကို စ, ကြားခါစ နက်နက်နဲနဲ အဓိပ္ပာယ်ဆိုလိုရင်းရှိသည်ဟု မထင်မိခဲ့ ။ အမှန်မှာ “ သင့်ကိုယ်သင် မိတ်ဆက်ပါ ” ဟု ဆိုသည်ထက်ပိုသည်ဟုထင်ပါသည် ။ အမေရိကားလာပြီး ကျွန်တော် နှင့် အိမ်သူ ဘာဆက်လုပ်ရမည်နည်း ။ သားသမီးတွေ အတောင်ပံစုံသွား၍ အခြေကျလျှင် ၊ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်လျှင် မိဘတွေ စိတ်ချပြီး မြန်မာနိုင်ငံပြန်လို့ရပြီဟု ယူဆခဲ့သည်မှာ ဝန်ခံပါသည် ။ သို့သော် ခရီးလမ်းက ရှည်လွန်းနေသည် ။ တစ်သက်လုံး ကုန်သည်လုပ်ခဲ့သော ကျွန်တော့အတွေ့အကြုံကို ယခုနိုင်ငံတွင် ဝန်ထမ်းဘဝဖြင့် ကျေနပ်နေရသည် ။ အချိန်ပိုလေးဆင်း၍ လတစ်ဝက်စာ ဝင်ငွေချက်လက်မှတ် - Paycheck လှနေလျှင်ပင် မိမိ၏အသက်အပိုင်းအခြားကိုရောင်းစားနေသည်ကို မေ့လျော့လာသည် ။ ကျောင်းတက်ဘွဲ့ယူ၍ ပညာဖြင့်လုပ်စားရန်ကြိုးစားကြည့်သော်လည်း လေးဆယ်ကျော် ဘဝသက်တမ်းတစ်ဝက်ချည်းနင်းဝင်ရောက်လာသည်ကိုသာ အပြစ်ပုံချမိသည် ။ ဝါသနာပါသည့်ဘာသာရပ်ကို စိတ်တိုင်းကျရွေးချယ်တက်ရောက်နိုင်သော နိုင်ငံရောက်မှ ဆယ်တန်းအောင်မှတ်ဖြင့် မေဂျာခွဲသော စံနစ်ဆိုးအရ မကြိုက်မနှစ်သက်သော ဘာသာရပ်ဖြင့် တန်ဖိုးရှိသော လူငယ်ဘဝ စတေးခဲ့ရပုံများကို နှမြောတမ်းတမိသည် ။ ဤနေရာအထိ ကျွန်တော့ကိုယ် ကျွန်တော် သရုပ်မခွဲနိုင်သေးပါ ၊ အထင်ကရ ကဗျာဆရာ ( ၂ ) ဦးအကူအညီ လိုနေပါသည် ။




ကဗျာဆရာ သုခမိန်လှိုင်၏ စာသားတစ်ချို့ကို မွေးစား၍ “ အမေရိကန်မှာနေရင် မြန်မာပြည်မှာ မနေရဘူး ၊ မြန်မာပြည်မှာနေရင် အမေရိကန်မှာ မနေရဘူး ” ဟု ကျွန်တော့ဘဝကို ရိုးသားစွာ ပုံဖော်မိသည် ။ ထိုမျှနှင့်ကျေနပ်ပြီလား ။ ဆရာမ ငွေတာရီ နှင့် ဆရာ မင်းယုဝေ တို့ ပြည်ပပျားရည်ဆမ်းခရီးထွက်ပြီး မြန်မာနိုင်ငံအပြန်တွင် နဂိုက ကဗျာမရေးခဲ့သော ဆရာမ ငွေတာရီ သည် တိုင်းပြည်အတွက် ကဗျာများကို တင်သွင်းယူဆောင်လာခဲ့သည် ။ ထိုကဗျာမောင်နှံ၏ ကဗျာများသည် မည်မျှ တိုင်းအကျိုးဆောင်၍ ပြည်ထောင်ကို အကျိုးပြုသည်ကို ပြဋ္ဌာန်းကျောင်းစာအုပ်များမှ သက်သေခံနေပါသည် ။ သာမန်လူကျွန်တော့အဖို့ ထိုသို့ကြီးကျယ်သောစကားများကို မဆိုတတ်ပါ ။ ဖခင် “ စတင် ” ထွက်ခွာလာခဲ့သော ပြည်ကြီးကို ကျွန်တော်အကျိုးမပြုလို ။ ယခုရောက်နေသော “ လက်ရှိ ” နိုင်ငံတွင်လည်း လက်ပန်းမကျချင် ။ ချစ်လှစွာသော ဇာတိချက်ကြွေမြန်မာနိုင်ငံတွင်သာ ခေါင်းချလိုသည် ။ ယခုလို မပြန်နိုင်သေးသည့်အခါတွင်ကား ဆရာ သုခမိန်လှိုင်၏ ချော့မော့စကားကို နားထောင်၍ ဆရာမ ငွေတာရီ၏နှလုံးသားကို ပုံဖော်ယူကာ မပျက်မယွင်းခံယူနေမည်သည်ကား  “ အလယ်နိုင်ငံသားကျွန်တော် ”  သည် မပြန်နိုင်သေးခင် မြန်မာနိုင်ငံအတွက် အဝေးက စာရေး၍ တတ်နိုင်သလောက်အကျိုးပြုနေပါမည် ။


koko2yeye@gmail.com








     


No comments: