ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, June 30, 2014

မကောင်းမှုမလုပ်ခြင်းဖြင့် အကျင့်ပြင်ကြစို့

ဆောင်းပါးရှင် - ကလောင်စေတနာ



         ပြုလုပ်ဖန်များလျှင် အလေ့အကျင့်ဖြစ်သည်။ ကောင်းသာအမှုကို ပြုဖန်များလျှင် ကောင်းသောအကျင့်ဖြစ်စေသလို မကောင်းသောအကျင့်သည် သွေးတိုးစမ်းမိသော အလေ့အထ တစ်ခုမှ စတင်မြစ်ဖျားခံခဲ့လေသည်။ သို့ဖြင့် အကျင့်ကောင်း နှင့် အကျင့်ဆိုးသည် ကျောချင်းကပ်နေသော်လည်း မူလ ပေါ်ပေါက်လာပုံချင်း တူညီကြသည်။ လူသည် အရာရာကို ဖန်တီးယူသည့်နည်းတူ တစ်စစ နှင့် တစ်ချိန်တည်းတွင် အားလုံးကို ပျက်စီးစေရန် စွမ်းဆောင်နေသူဖြစ်သည်။ ကောင်းမွန်သောအလေ့အကျင့်သည် ပြုလုပ်သူအပေါ် စွဲကပ်၍ အကျိုးပေးနိုင်သော်ငြားလည်း ကာယကံရှင်မှ  ဖောက်ပြန်ခြင်းဖြင့် တစ်မဟုတ်ချင်း ပြောင်းလဲပစ်နိုင်သည်။



အကျင့်ဆိုးမှာမူ ကောင်းသောအကျင့်သို့ ကူးပြောင်းမှုမှာ ကျင့်သုံးသူ လူပုဂ္ဂိုလ်၏ စိတ်ဓါတ်ကြံ့ခိုင်မှု နှင့် အမှန်မြင်နိုင်မှုပေါ်မူတည်၍ အကဲဖြတ်ရမည်ဖြစ်သည်။ ထို့ပြင် တစ်ကြိမ်တစ်လေသာ ပြောင်းလဲနိုင်ရုံမျှနှင့် ကောင်းသောဘက်ခြမ်းသို့ ရောက်ရှိပြီဟု မပြောနိုင်ပေ။ မိမိကိုယ်ကို အလိုလိုက်သောစိတ်နှင့် ဆင်ခြေပေးတတ်မှုတို့က အဓိကချယ်လှယ်သောကြောင့် ပြုလုပ်လတံ္တ့သော ကောင်းမှုကိစ္စကို ရက်ရွှေ့တတ်ကြသည် ၊ အချိန်ဆိုင်းတတ်ကြသည်။ အပျော်အပါး ၊ လောင်းကစား နှင့် သေရည်သောက်ကျူးခြင်း စသောအမှုကိစ္စများကို အချိန်မရွေး လုပ်ကြခြင်းမှာ ပြုလုပ်သူသည် ထိုအမှုအခြင်းအရာများမှ ထူးခြားမှု တစ်ခုခု ရလိုရငြား မျှော်လင့်မှားနေ၍ဖြစ်သည်။





        မေ့လျော့တတ်သောအကျင့်ကိုရော ဘယ်လိုပြုပြင်နိုင်ပါမည်နည်း။ နည်းလမ်းရှိပါသည်။ ထိရောက်စွာကုစားနိုင်ရန် မည်သည့်အရာကို မေ့မေ့လျော့လျော့ ဖြစ်နေတတ်သည်ကိုသိရန်လိုအပ်သည်။ ဆေးသောက်ဖို့မေ့တတ်သည်လား ၊ တယ်လီဖုန်းဖြင့် Alarm ပေးထားနိုင်သည်။ တယ်လီဖုန်း မည်သည့်နေရာတွင်ထားမိသနည်း၊ တခြားဖုန်းဖြင့် ခေါ်ကြည့်နိုင်သည်။ ဖုန်းနံပါတ်မေ့သွားပြီလား၊ စာရွက်တွင် ကူးရေးထားနိုင်သည်။ စာရွက်ဘယ်မှာထားမိပါလိမ့်၊ ဆေးဗူးတွင် ကပ်ထားနိုင်သည်။ ထိုနည်းအားဖြင့် တစ်ကွေ့မဟုတ် တစ်ကွေ့ မှတ်မိအောင် ချိတ်ဆက်ထားနိုင်သည်။


              ဤမျှထိ အမှန်တကယ် သူ ဖြစ်နေလျှင် သင့်တွင် မဖြစ်မနေဝန်ခံရန် အကြောင်းတစ်ခုရှိရမည်။ အားမနာတမ်းပြောရလျှင် သင့်တွင် ပြင်ချင်စိတ်မရှိခြင်းဖြစ်သည်။ အဆိုပါ အဆင့် ( ၄ ) ဆင့်မှ တစ်ခုခု စ, ပြင်လျှင် ကျန်သောအဆင့်များ အလိုလိုကောင်းမွန်သွားရန် အကြောင်းရှိသည် ။ သို့သော် " ငါက ခဏခဏ မေ့တတ်တာ " ၊ " ငါက အမေ့အရမ်းဆိုးတာ " စသည်ဖြင့် ဆင်ခြေပေးနေသူအဖို့မူကား အသက်ကြီး၍ ရင့်ရော်သွားသော်လည်း အကျင့်ပြင်ရန် အလားအလာ မရှိပေ။ ထိုထက်ပိုဆိုးသည်ကား " ငါတို့က ဒီလိုပဲ ငယ်ငယ်ကလေးကတည်းက အကျင့်ဖြစ်နေတာ " ဟု မကောင်းသောအကျင့်ကို ဂုဏ်ယူမှားနေခြင်းဖြစ်သည်။




သူတစ်ပါး စကားပြောလျှင် ပြီးဆုံးအောင် နားထောင်ပေးပါသလား ၊ ပြောနေသူစကားမဆုံးခင် ဖြတ် - ဝင် - ပြော တတ်ပါသလား။ ဤအကျင့်ရှိသူတစ်ယောက်၏ အနာဂါတ်တွင် မိတ်ဆွေသင်းပင်းရှားပါးလာနိုင်သည်။ နိုင်ငံတကာစီးပွားရေးမျက်နှာစာဖွင့်၍ လုပ်ဆောင်နေသောမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်လာရောက်ကြသော နိုင်ငံခြားသားအများစုမှာ ထိုကဲ့သို့ လူမှုကိစ္စများတွင် ကျွမ်းကျင်ကြသည်။ လတ်တလောတွင် မိမိအနိုင်ရလိုက်သလိုရှိသော်လည်း ထိုစကားဝိုင်းပြီးသောအခါ နောက်နောင်တွင် မိမိစကားကို နားထောင်မည့်သူနည်းပါးသွားနိုင်သည်။ ထို့ကြောင့် လာဘ်လာဘ ၏ နောက်ဆက်တွဲဖြစ်သော မိတ်ဖက်များဆုံးရှုံးမှုကြီးမားတတ်ပြီး မိမိ၏အနာဂါတ်တိုးတက်လမ်း ပိတ်ဆို့သွားနိုင်သည်။


ကမ္ဘာတွင် နာမည်ကျော် နိုင်ငံရေးသမားအများစုသည် သူတစ်ပါးနှုတ်မှပြောမည့်စကားကို လိုလိုလားလား နားထောင်ပေးသူများဖြစ်ကြသည်ဟု ဘာသာပြန်စာပေများတွင် ဖော်ပြကြသည်။ သို့ဆိုလျှင် ငြိမ်၍နားထောင်ပေးနေသူသည် သူပြောမည့်စကားများကို မည်သို့အကောင်အထည်ဖော်ရမည်နည်း။ ရှင်းပါသည်၊ တစ်ဖက်သားပြောသည့်စကားမှ ကောင်းမှုအလေ့အထများကို နှလုံးသွင်းယူ၍ မှားယွင်းချွတ်ချော်သော အယူအဆများကို ပယ်ခြင်းဖြင့် ကိုယ်တိုင်ပြောဆိုသည့်အလှည့်တွင် လွန်စွာထိရောက်လှသည်။ ကွက်ကျော်တွက်ချက်တတ်သူအဖို့ဆိုလျှင် တစ်ဦးတစ်ယောက်က ဖောင်ဖွဲ့အောင်ပြောနေစဉ် မိမိစကားအောင်နိုင်ရေးအတွက် ကြိုတင်စဉ်းစားနေမည်သာဖြစ်သည်။ ထို့ကြောင့် ဘဝတွင်အောင်မြင်ရန် တစ်ဖက်သားစကားကို ဆုံးအောင်နားထောင်တတ်သည့် အကျင့်ကောင်းကို သတိတရားဖြင့် မွေးမြူသင့်ပါသည်။ လူတစ်ချို့မအောင်မြင်နိုင်ခြင်း၏ အားနည်းချက်အပြစ်မှာ ၄င်းတို့ အာပေါင်အာရင်းသန်သန် လုပြောသောစကားကို တစ်ဖက်သားလက်ခံသွားသည်ဟု အမှတ်မှားခြင်းဖြစ်သည်။




            လူအများနေ့စဉ် အဖောက်မိဆုံးသီလကို ညွှန်းဆိုရလျှင် မုသာဝါဒ ကိုပြရပါမည်။ လိမ်ညာခြင်းအမှုသည် သီလအပေါင်း၏ ဂိတ်တံခါးဝ ဖြစ်သည်။ ကျူးလွန်မိရန် လွန်စွာလွယ်ကူသည်။ အင်အားမစိုက် ပါးစပ်ဖျားလေးမှ မဟုတ်မမှန်သည်ကို ပြောထွက်လိုက်ရုံဖြင့်  မိမိလိုလားချက်အောင်မြင်သည့်အတွက် အပေါ့ပါးဆုံး နှင့် အန္တရာယ်အကြီးဆုံးဖြစ်သည်။ စ, လိမ်မိလျှင် မိမိအလိမ်မပေါ်ရန် ဇာတ်လမ်းဆင်တူ စဉ်းစားနေရသောကြောင့် ဆက်တိုက်ဆိုသလို လိမ်ဖို့ အကျင့် ဖြစ်လာသည်။ ထို ဝဲဂယက်ထဲတွင် မျောပါရင်း အကျင့်မပျောက်နိုင်သမျှကာလပတ်လုံး လူကောင်းတစ်ယောက်ပြန်ဖြစ်လာစေရန် အကြောင်းမမြင်ပေ။ ထိုအကျင့်ဆိုးကို “မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ ” ဆိုသည့် အသိတရားဖြင့် ပြုပြင်နိုင်သည်။


အမှန်ကိုပြောလျှင် အပြစ်ကျမည်စိုးသောကြောင့် မမှန်သည်ကို အမှန်လုပ် လိမ်ညာပြောခြင်းဖြင့် လောကပါလ တရားများ ဆိတ်ကွယ်သွားလိမ့်မည်။ လိမ်ညာရန် စိတ်ကူးမိပါသော်လည်း မှားယွင်းသောစကားကို မပြောပဲ ရှောင်ခြင်းသည်လည်း သီလ တစ်ပါးကို တစ်ဖက်တစ်လမ်းဖြင့် ထိန်းကျောင်းရာရောက်ပေသည်။ ထိုတံခါးတစ်ချပ် ပွင့်နေသည်နှင့်တစ်ပြိုင်နက် နောက်ဆက်တွဲ သီလများ ကျိုးပျက်စေရန် လွယ်ကူသွားပြီဖြစ်သည်။ အလုပ်ရှင် - အလုပ်သမား၊ မင်းစိုးရာဇာ - ပြည်သူပြည်သားများ မှအစ အိမ်ထောင်ဖက် လင်မယား ကြားအထိ မည်သည့်ကြားတွင်မဆို လိမ်ညာမှု မုသာဝါဒ ကို မကျင့်သုံးသင့်ပါ။ မိမိကိုယ်စောင့်နတ်ကိုပါ အလိမ်လွန်၍ အောင်မြင်လှပါသည်ဟု ထင်မြင်နေကြသော လူလိမ် လူညာများသည် ၄င်းတို့ကျူးလွန်သော မုသားများကို သူတစ်ပါးကိုအောင်နိုင်ရေး၊ မိမိအပြစ်မကျရေးအတွက် လက်နက်သဖွယ် အသုံးချမှားနေခြင်းဖြစ်သည်။




             ဆရာတော်တစ်ပါး၏ တရားတစ်ပုဒ်တွင် ဆရာတော်၏ကျောင်းတိုက်မှ ပစ္စည်းများခိုးယူခံရ၍ ဦးပဉ္ဇင်းငယ်များမှ ရေးကြီးသုတ်ပြာ လာရောက်လျှောက်ထားသည်ဟု ဟောပါသည်။ ဆရာတော်မှ အံ့သြဟန်မပြပဲ “ ငါ ရှက်လွန်းလို့ပါ ” ဟု ပြန်မိန့်ကြားလေသည်။ ထိုအခါ ဦးပဉ္ဇင်းငယ်များက “ အရှင်ဘုရား ၊ ပစ္စည်းအခိုးခံရတာ စိတ်ညစ်ပုံလည်းမပြ ၊ စိတ်တိုပုံလည်းမပြ ၊ တော်တော်သည်းခံနိုင်ပါတယ်၊ ဒါပေမယ့် အရှင်ဘုရား ဘာကြောင့်ရှက်ရတာလဲ ။ အရှင်ဘုရား အရှက်ရစရာ ဘယ်အမှုကိစ္စကို ပြုလုပ်ထားလို့ပါလဲ ဘုရား ” ဟု လျှောက်သောအခါ ဆရာတော်မှဆက်၍ “ ငါ သီတင်းသုံးတဲ့ ကျောင်းတိုက်မှာ ပစ္စည်းခိုးခံရလို့ စိတ်ညစ်စရာ မရှိပါဘူးဆိုတာ ခိုးသူရဲ့ကံပေါ့၊ သူပြုတဲ့ကံ သူခံရလိမ့်မယ် ” ဟု ပြန်မိန့်ပါသည်။ တစ်ဆက်တည်းတွင် “ ငါရှက်လို့ပါ - ဆိုတာကတော့ ကိုယ်တော် က ဘယ်အချိန်၊ ဘယ်ဘဝတုန်းက ဘယ်သူ့တွေထံက ဘယ်လောက်လိမ်ခဲ့ ၊ ခိုးခဲ့တယ်ဆိုတာ လူသိသွားလို့ ရှက်တာ ” ဟု နောင်တကြီးစွာ အမိန့်ရှိပါသည်။


ထိုဥပမာကို ကြည့်လျှင် လတ်တလော အဆင်ပြေအောင်ကျူးလွန်မိသော အကုသိုလ်သည် မည်မျှထိ ဆိုးသက်ရှည် သည်ကို မြင်သာနေပေပြီ။ သို့ဖြစ်ပါသောကြောင့် အတိတ်တွင် မည်သို့ကျူးလွန်ဖူးခဲ့ပါစေ ယခု အချိန်သည် ပြုပြင်ရန်အချိန်အခါကောင်းဖြစ်သည်၊ ရက်ရာဇာဖြစ်သည်။ ယနေ့သည် ကောင်းမှုပြုရန် အကောင်းဆုံးယတြာဖြစ်သည်။ မကောင်းသောအကျင့်ကို ဆက်ကာ ဆက်ကာ မပြုလုပ်ခြင်းဖြင့် သီလဆောက်တည်နိုင်ပါသည်။ အမှောင်ကမ္ဘာထဲတွင် မနေပါနှင့်တော့။ နောင်အနာဂါတ်ကောင်းရန်အတွက် လက်ရှိပစ္စုပ္ပန်အလုပ်များကို “ အလင်း ” ထဲတွင် ပြုလုပ်ကြပါစို့ဟု ငယ်စဉ်က သင်ခဲ့ရသော ပျို့ကဗျာလေးဖြင့် ပြန်လည်နှိုးဆော်လိုက်ရပါသည်။

ကောင်းမှုမြတ်နိုး ၊
ကောင်းအောင်ကြိုး၍ ၊
ကောင်းကျိုးကိုယ်၌ ၊
တည်စေမင်း ။

koko2yeye@gmail.com

No comments: