ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
လူတွေဟာ
ကြီးပြင်းလာကတည်းက သူ့ရေခံနဲ့ သူ့မြေခံနဲ့။ ဒီဘက်မြေမှာဆိုရင် "The Way They Grew Up Is Different-သူတို့ကြီးပြင်းရင့်ကျက်လာတာဟာသူများနဲ့မတူဘူး" လို့ပြောကြတယ်။
ဒီလိုနည်းနဲ့လောကကြီးထဲကိုပို့လိုက်ကြတော့ ကလေးသူငယ်တွေဆိုတာ သူတစ်ပါးတစ်ယောက်၊
လူတစ်စုတစ်ဖွဲ့ဟာ "ငါ" နဲ့မတူဘူးဆိုတာလက်ခံထားကြရင်းငယ်ငယ်လေးနဲ့
မတူကွဲပြားခြင်းဝါဒ-Diversity ကို
ဆင်ခြင်သုံးသပ်ကြဖို့နှလုံးရည်ပြည့်ဝနေလေ့ရှိကြတယ်။
ဒီလိုစိတ်ဓါတ်ရှင်သန်တဲ့နေရာမှာ
ဒီမိုကရေစီထွန်းကားတယ်။ ဒီလိုအတွေးအခေါ်များများရှိတဲ့တိုင်းပြည်မှာ
စီးပွားရေးတိုးတက်တယ်။ ထစ်ကနဲရှိ မကျေနပ်ရင် ရန်ထဖြစ်လိုက်မယ် . . ဘာမှတ်နေသလဲ ဆိုတဲ့လူမျိုးတွေမှာ
ငါနဲ့တူဖို့ကြိုးစားရင်းကနေ တိုင်းပြည်အဆက်ဆက် ထီးနန်းအသက်သက် သွေးစက်တွေရင်းပြီး
အချည်းနှီးဖြစ်ကျန်ရစ်ခဲ့ကြရလေတယ်။
ကဲ . .
ခေါင်းစဉ်ဘက်ကိုပြန်သွားရအောင်။ ဆရာကြီးဦးအောင်သင်းပြောသလို "လူတွေဟာ
သူများထီပေါက်ရင် ငါပေါက်နိုင်တယ်ဆိုပြီး ကံကိုယုံကြတယ်။ သူများကားတိုက်ခံရရင်
ငါလည်းကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး" ဆိုတာသိပ်မှန်တယ်။
သူများသူဋ္ဌေးဖြစ်ရင် ငါဖြစ်နိုင်တယ်လို့ထင်ကြတယ်။ သူများဆင်းရဲသွားလို့
ငါဆင်းရဲသွားနိုင်တယ်လို့ဘယ်သူမှမထင်ကြဘူး။ မဖြစ်ချင်ကြဘူး။
တစ်ဆက်တည်းမှာ
နိုင်ငံတစ်နိုင်ငံရဲ့ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်းကိုတိုင်းတာတဲ့အခါ
ငွေကြေးနဲ့တိုင်းတာရင်း ပညာရေးကိုအောက်ချနင်း
သက်ဆင်းသွားခဲ့ရတဲ့အဖြစ်တွေကရင်နှင့်စရာဖြစ်ကျန်ခဲ့တယ်။
လူတိုင်းဟာတိုင်းပြည်ကိုကယ်တင်ချင်တယ်လို့ပြောတယ်။ တကယ်တော့
လူတွေကတိုင်းပြည်ကြီးကိုကယ်တင်နေတာလား? တိုင်းပြည်ကြီးကလူတွေကို ပြန်ကယ်တင်နေရတာလားဆိုတာ
သမိုင်းရဲ့ပေးထားချက်နဲ့အညီ ပြန်စဉ်းစားရလိမ့်မယ်။