ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, November 16, 2014

ဝတ်ရတာလွယ်တယ် လျှော်ဖွပ်ရခက်တယ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီနေ့အဝတ်လျှော် - Laundry သွားတုန်း အဝတ်လျှော်စက် ( ၅ ) လုံးနဲ့ တစ်ပြိုင်တည်း အလုပ်ရှုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တယ်။ ဒီကအဝတ်တွေ ဟိုဘက်ထဲထည့်၊ ခြင်းထဲကအဝတ်ဟောင်းတွေကို လျှော်ကန်ထဲထည့်၊ လက်ထဲမှာလည်း ဆပ်ပြာရည်ဗူးနဲ့ နောက်လက်တစ်ဖက်ကလည်း အကြွေစေ့တွေ စက်ထဲကို ထည့်သွင်းနေလေရဲ့။
.
ကျွန်တော်ကလည်း စနေ၊ တနင်္ဂနွေဆို ဒီ Laundry ကို ရောက်ရတယ်။ အိမ်ငှားဆိုတော့ အဝတ်လျှော်စက်ထားလို့ မရဘူးလေ။ တစ်ပတ်လုံးပုံထားသမျှ စု-ပုံ-လျှော် ပေါ့ဗျာ။ သိတိုင်းအတိုင်း လူတွေက ဝတ်သာဝတ်ချင်တာ အဝတ်ကျ မလျှော်ချင်ကြဘူး .. အပျင်းကြီးတာ ကျွန်တော် အပါအဝင်ပေါ့။ လျှော်စက်က ရေကျင်းပြီး ညှစ်ပြီးသွားတဲ့ အဝတ်စိုတွေကို အခြောက်ခံစက်ဖက်ကိုရွှေ့ဖို့ လှည်း - Cart လိုတယ်။ ဒါကိုလှမ်းယူလိုက်ရင်း ကျွန်တော့ပါးစပ်က “ I hate laundry ” လို့ ပြောမိတာ အဲဒီအမျိုးသမီး ကြားသွားတယ်။
.
သူ ဘယ်ဘာသာကိုးကွယ်တယ်ဆိုတာ ကျွန်တော်မသိဘူး။ သူ့ကြည့်ရတာ စပိန်လူမျိုးဖြစ်လိမ့်မယ်။ စကားပြောတာ အာကျယ်ကျယ်နဲ့ အားရပါးရ တံတွေးစင်အောင်ပြောတယ်။ ကျွန်တော့်စကားကို သူက မဆိုင်းမတွ ဒီလိုတုံ့ပြန်ပါတော့တယ်။

.
“ အေး .. မင်းလိုပဲ ဘယ်သူမှ အဝတ်မလျှော်ချင်ဘူး။ ဝတ်တာပဲတတ်တယ် လျှော်ဖို့ကျတော့ မတတ်ကြတော့ဘူး။ ငါ့မှာ ကလေးတွေဥစ္စာရော၊ ယောက်ျားအဝတ်တွေရော၊ ငါအလုပ်တက်တဲ့အဝတ်တွေရော အားလုံးကို မလျှော်လို့မရဘူး ” လို့ပြောပြီး နောက်တစ်ကန်ကို အကြွေစေ့ဆက်ထည့်နေပါတယ်။ ပြီးတော့ ဆက်ပြီး

“ ဒါက လုပ်ကိုလုပ်ရမယ့်အလုပ်။ ငါက ဘုရားသခင် - Lord ဆီမှာ တောင်းတယ်။ ငါ့ကို သက်တောင့်သက်သာ ချမ်းသာစိုပြေတဲ့ဘဝကိုပေးပါလို့။ ဒါပေမယ့် ဘုရားက ငါ့ကို ဒီဘဝပဲ ပေးတယ်။ ဒီတော့ ငါဘာလုပ်ရမလဲ။ သူပေးတဲ့ဘဝကိုပဲ နေထိုင်ရမှာပေါ့” ဒီတစ်ခွန်းပြောပြီးသွားတဲ့အချိန် သူ့အဝတ်ကန်တစ်ခုက ပြီးသွားလို့ အခြောက်ကန်ဖက်ပြောင်းဖို့ အဝတ်တွေ ထုတ်လက်စနဲ့ စကားဆက်ပြန်တယ်။ အနည်းငယ် မောဟိုက်သံကလည်း စကားထဲမှာ သဲ့သဲ့။

“ ဘုရားက အလုပ်ကြိုးစားသူတွေကိုပဲ မျက်နှာသာပေးတယ်။ လူဆိုး၊ သူခိုး၊ လိမ်လည်သူ ဘယ်လူမျိုးကို မှ အသိအမှတ်မပြုဘူး။ ဒီစကားတွေက ငါအပိုပြောတာမဟုတ်ဘူး။ သမ္မာကျမ်းစာ - Bible ထဲမှာ အတိအကျရေးထားတာ။ ဒါကြောင့် ဘုရားခိုင်းတဲ့အတိုင်းငါနေမယ်။ ဘုရားက အလုပ်ကြိုးစားသူ - Hard Working မှ ကြိုက်တာ ” ဆိုပြီး စကားရပ်သွားတယ်။
.
.

.
.
ကျွန်တော်လည်း အဝတ်ခြောက်လို့ ခေါက်ပြီးချိန် သူ့အဝတ်တွေ အကုန်နီးပါး လျှော်ပြီးနေပါပြီ။ သူက အဝတ်တွေကို အခြောက်ခံမယ့်ပုံမပေါ်ပဲ အိတ်ထဲစုပြီး ထည့်နေတယ်။ ဟိုဘက်အိပ်ထဲကို အဝတ်သန့်တွေထည့်ရင်း၊ ဒီဘက်အိပ်ထဲကိုလက်နှိုက်ရင်း လက်တစ်ဖက်က တယ်လီဖုန်းကောက်ဆက်ပါတယ်။ စောနက အေးအေးဆေးဆေး သမာသမတ် သက်ရှိရုပ်ဝတ္ထုကြီးဟာ တစ်မဟုတ်ချင်း မျက်နှာတွေမှာ သွေးရောင်လွှမ်းပြီး အရောင်ပြောင်းသွားတာ အံ့သြစွာ ကျွန်တော်တွေ့လိုက်ရတယ်။
.
ဖုန်းထဲမှာ တစ်ဖက်က သူ့ယောက်ျားဖြစ်မလား .. သူ့ရဲ့သားပဲဖြစ်မလား ခန့်မှန်းကြည့်နေမိတယ်။
.
သူက “ မင်းတို့ဘယ်မှာလဲ? ဘာ .. လာမခေါ်သေးဘူးလား? ငါဒီမှာ အကုန်သိမ်းပြီးနေပြီ။ ဘယ်လို .. ဘယ်လောက်ထပ်စောင့်ရမှာလဲ? အေး .. မင်းတို့က ပျော်နေပေါ့၊ ငါက ဒီမှာ အကျီင်္လျှော်နေရတယ်။ တယ်လေ .. ငါ ဆဲလိုက်ရ .. Shit !!!! ။ ဒါတွေငါနားမလည်ဘူး။ အမြန်လာကြို။ အခုလာနော် .. နောက်မှ ငါ့အဆိုးမဆိုနဲ့ ” ဆိုပြီး အော်ကြီးဟစ်ကျယ် ပြောနေတဲ့အချိန် ကျွန်တော် အဝတ်လျှော်ဆိုင်အပြင်ဘက် ရောက်နေပါပြီ။
.

koko2yeye@gmail.com

No comments: