ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 12, 2021

တိုးနီလား? မအားဘူး ကိုဗစ်ဖြစ်နေတယ်

 


#KNNTgi ။ ။ ကိုတိုးနီရေ၊ မင်္ဂလာပါ မိသားစုအားလုံး ဘေးကင်းလုံခြုံပါရဲ့လား သတိရတယ်နော်။ အစ်ကို့ ဒုတိယစာအုပ်ထွက်လို့ ကိုတိုးနီကို စာအုပ်လက်ဆောင်ပေးမလို့ပါ။ ကိုတိုးနီအကြောင်းပါတဲ့ စာအုပ်ထွက်လို့ ဖြစ်ရပ်မှန်ဆောင်းပါးကိုပြောပြတဲ့အတွက်ရော၊ စာအုပ်ထဲ ထည့်ခွင့်ပေးခဲ့တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ စာအုပ်လက်ဆောင် ပို့ပေးပါရစေ။

.
တိုးနီ။ ။ ဆရာညီညီရေ အားလုံး လုံခြုံဘေးကင်းပါတယ်။ စာအုပ် ထပ်ထွက်လို့ ဆရာညီညီအတွက် ဂုဏ်ယူပါတယ်။ Congratulations...ပါ။
.
ကျွန်တော် လက်ရှိ မင်္ဂလာဒုံ (နေရာလွှဲက) က မိဘအိမ်ရောက်နေပါတယ်။ အဲဒီအိမ်လိပ်စာပဲ ပို့ပေးပါနော်။ ကျွန်တော် Covid-19 ဖြစ်နေလို့ ဒီဘက်မှာလာရှောင်နေတာ ၁ဝ ရက်ကျော်ပြီ😭။ ဘာပဲဖြစ်ဖြစ် သတိရလို့ကျေးဇူးတင်ပါတယ်။ Address က _______ ဆိုရင် ရောက်ပါတယ်။ ဖုန်းနံပါတ်က ________ ပါ။ ဆရာညီညီလည်း ဒီထက် မက အောင်မြင်ပါစေ၊ ဆန္ဒနှင့်ဘဝ တထပ်ထဲကျပါစေ။🙏
.
.
#KNNTgi ။ ။ လက်ဆောင်ပြန်ပေးဖို့ ဘယ်နှအုပ်ယူပါမလဲ။
.
တိုးနီ။ ။ ရပါတယ် စာအုပ်က သယ်လာပေးမဲ့လူပေါ်မူတည်ပြီးထည့်ပေးလိုက်ပါ။ ကျွန်တော်က OK ပါတယ်။ ခုချိန် Covid-19 ဖြစ်ရင် စိတ်ညစ်ရတယ်။ ပိုက်ဆံလည်းသောက်သောက်လဲ ကုန်တယ်။ အဲဒါဆို ၅ အုပ်ဆို ရပါပြီ။
.
.
#KNNTgi ။ ။ အေးဗျာ စိတ်မကောင်းစရာ။ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြပါအုံး။
.
တိုးနီ။ ။ ရပါတယ်။ တယောက်နဲ့တယောက် ကူးစက်ပုံတွေကမတူကြဘူး။ ကျွန်တော်က သတိထားမိတာတော့ သိမ်ကြီးဈေးမှာကူးတာဖြစ်မယ်။ ပထမတော့ ပုံမှန်ဖျားတယ်။ အထူးသဖြင့် ညနေဘက်ဆိုရင် အဖျားတက်တယ်။ ညနေတိုင်း . . အဲဒါမကောင်းဘူး။
.
မိသားစုနဲ့ ပထမတော့ တူတူနေ တူတူဆော့ သတိမထားမိဘူး။ နောက်ဆေးခန်းသွားပြတာ ဆရာက သိပ်မသင်္ကာဘူးတဲ့။ ဒါနဲ့ ဓါတ်မှန်ရိုက်ခိုင်းတော့ ပေါ်တာပဲ။ ရိုက်ကြည့်လိုက်တော့ အဆုတ်မှာ အဖြူစက်တွေ သွားတွေ့တယ်။ သိသိချင်း ခွဲနေတယ် ဘယ်သူနဲ့မှ အတွေ့မခံဘူး။
.
.
#KNNTgi ။ ။ ဆက်ပြောပြပါအုံး။
.
တိုးနီ။ ။ ဟုတ်ကဲ့။ ဖြစ်ဖြစ်ချင်းကတော့ အိမ်ထဲမှာ တစ်ယောက်ထဲပဲ။ အမေက အိမ်ရှေ့မှာ ထမင်း၊ ဟင်း လာချပေးတယ်။ ကျွန်တော်က အခန်းထဲမှာ ဘယ်မှ မထွက်ဘူး။ အဝတ်အစားတွေကတော့ ကြားထဲမှာ တောင်းတစ်လုံးချထားပြီး လျှော်ပေးဖို့ လာယူကြတာပေါ့။

.
.
#KNNTgi ။ ။ အခုသောက်နေတဲ့ဆေးရော ဘာတွေလဲ။ ဘယ်လိုဝယ်ရသလဲ။ ပျောက်ရော ပျောက်သလား။ အောက်စီဂျင်ရော ရှူနေရသလား။ မောသလား။
.
တိုးနီ။ ။ စဖြစ်တဲ့ ရှေ့ပိုင်း ၅ ရက်က တော်တော်ခံရတာ။ အသက်ရှူကျပ်တယ်။ အသက်ရှူလို့ မဝဘူး။ ချောင်းတအား ဆိုးတယ်။ ဘယ်လိုမှ မနေနိုင်ဘူး။ အဲဒီရက်တွေက လုံးဝအိပ်လို့မရဘူး။ သွေးတွေတက်တယ်။ အောက်စီဂျင်လည်း မရှိဘူး။ အောက်စီဂျင် တော်တော်လိုတာ။
.
(ဤကြားထဲအချိန်၌ ကိုတိုးနီမောနေ၍ စကားဆက်မပြောသေးဘဲ ဗလာချည်းချည်းပါသော အသံဖိုင်ကို ကြားလိုက်ရပါသည်)
.
တိုးနီ။ ။ Vitamin-C ၊ Vitamin D-3 ၊ Zinc ၊ Probiotic တို့ သောက်ပေးရမယ်။ အဓိက ပြဿနာက ချွဲတက်တာ။ လည်ချောင်းမှာ ချွဲက ကပ်ပြီးတော့ လည်ချောင်းယားပြီး ချောင်းခဏခဏ ဆိုးတယ်။ ချွဲပျော်ဆေး သောက်ပေးရတယ်။ နောက်ထပ် မိနစ် ၂ဝ လောက် နေပူဆာလေးလှုံပေး။ ကျောကုန်းကို အထူးသဖြင့် အဆုတ်နားတဝိုက်ကို အပူပေးရတယ်။
.
.
#KNNTgi ။ ။ ဘယ်ဆရာဝန်တွေဆီက အကူအညီယူသလဲ။ ဘယ်ကျန်းမာရေးဌာ‌နတွေကို သွားသလဲ။
.
တိုးနီ။ ။ အပြင်ကို ထွက်လို့ကို မဖြစ်ဘူး။ ကိုယ်က ကူးလာရင် ကူးလာ။ ကိုယ်က ရောဂါပိုး ပေးရင်ပေး။ ၂ မျိုးလုံး ဖြစ်နိုင်တော့ အခု စစ်အုပ်ချုပ်ရေးနဲ့လည်း အိမ်မှာ ကုရမယ့် အခြေ‌‌အနေ ဖြစ်နေတယ်။
.
Facebook မှာ MyanCare-https://www.facebook.com/Myancareapps ဆိုတာ ရှိတယ်။ အဲဒီကို ဝင်လိုက်ရင် ဒေါက်တာတွေနဲ့ အွန်လိုင်းမှာ ဆွေးနွေးလို့ရတယ်။ Chat Meeting ထိုင်တဲ့ပုံစံနဲ့ ဆရာဝန်နဲ့ ဆွေးနွေးလို့ရတယ်။ ‌ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့နေတာ ရှိတယ်။ ချွဲပျောက်ဖို့အတွက် ဘာဆေးတွေသောက်ရမလဲဆိုတာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သွားလို့ရတယ်။ ပြီးမှ အိမ်ကလူတွေကို ဆေးဝယ်ခိုင်းရတာပေါ့။
.
.
#KNNTgi ။ ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး၊ ဘာဆေးတွေဝယ်သလဲ၊ ဘယ်လောက်ပေးရသလဲ၊ ပျောက်ရော ပျောက်သလား။
.
တိုးနီ။ ။ အဲဒါတွေက လွယ်လွယ်ဝယ်လို့ရနေတဲ့ ဆေးတွေပါပဲ။ ရိုးရိုးအဖျားပျောက်ဆေးသာသောက် ရတယ်။ ဘိုင်အိုဂျက်ဆစ်၊ ပါရာစီတမော ဒါတွေပဲ။ ဘာမှ အထူးစပါယ်ရှယ် မဟုတ်ဘူး။ တကယ်တော့ Covid-19 ကပေးတဲ့ ဒဏ်ရာက အားပြင်းတဲ့ ရိုးရိုးအဖျားပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ ပြန်တိုက်ရတာ။ အားရှိမှ ရမယ်။
.
မနက်မနက်ဆိုရင် ကြက်ဥပြုပ် ၂ လုံး ပုံမှန်စားပေးရတယ်။ အဓိက ချွဲမထအောင်လို့ ရေအေး မသောက်ဘူး၊ ရေခဲရေ မသောက်ဘူး၊ ရေ‌နွေးပဲ ထိုင်သောက်ရတယ်။ ဆားနဲ့ ရေနွေးဖျော်ပြီး လည်ချောင်းကို ပလုပ်နာနာကျင်း။ ချွဲပျော်အောင် လုပ်တတ်ဖို့ အ‌ရေးကြီးတယ်။



#KNNTgi ။ ။ ဒီပိုးက လူကို ဘာနဲ့ အဓိကတိုက်ခိုက်တာလဲ။
.
တိုးနီ။ ။ Covid-19 ပိုးက အပူကိုကြောက်တယ်။ အအေးကို သိပ်ကြိုက်တယ်။ အဲဒီတော့ ခန္ဓာကိုယ်ထဲမှာ အပူဓာတ်အမြဲရအောင် ချင်း ဝါးပေးရတယ်။ ချောင်းဆိုးခါနီး လည်ချောင်းယားလာတယ်ဆိုရင် ချင်းတက်လေးတွေကို နည်းနည်းစီ ဝါးပေးရတယ်။ ဝါးပြီးတော့ ချက်ချင်းကြီး မမြိုချနဲ့။ နည်းနည်းချင်းစီ မြိုချ။ အေးအောင် မနေနဲ့။ အေးရင် သူက နိုင်ချင်နေပြီ။
.
.
#KNNTgi ။ ။ အနံ့ပျောက်၊ အရသာပျောက်သူတို့ကျတော့ရော ဘယ်လိုလုပ်ရမလဲ။
.
တိုးနီ။ ။ အနံ့ပျောက်၊ အရသာပျောက်သူတွေအတွက်လည်း နည်းလမ်းရှိတယ်။ အိမ်ထဲမှာတင် လုပ်လို့ရတယ်။ ကြက်သွန်နီတစ်လုံးကို အခွံတွေခွာပြီးတော့ ဝါးစား။ အကုန်လုံးကို တပြိုင်တည်း မစားဘဲနဲ့ နည်းနည်းချင်းစီ သည်းခံပြီး ဝါး။ ငရုပ်ဆုံတစ်ခုထဲမှာ ထည့်ထောင်းသလို ပါးစပ်ထဲမှာ ကျေညက်သွားတဲ့အထိ ဝါး။ အရည်တွေကို နည်းနည်းချင်းစီ ခံနိုင်သလောက် ဇွန်းနဲ့ခပ်သောက်။
.
အရေးကြီးတာက လည်ချောင်းကို ဆေးချဖို့။ ဖြစ်နိုင်ရင် ကြက်သွန်နီကို မနက်၊ နေ့လည်၊ ညနေ ၁ လုံးစီ ကြိုးစားပြီး ၁ ရက် ၃ လုံးလောက် ဝါးစား။ ဒီလိုလုပ်ရင် တချို့က ၁ ရက်ထဲနဲ့ အရသာပြန်ရတယ်။ တချို့က ၃ ရက်အလွန်ဆုံး ပျောက်နေတဲ့ အရသာ ပြန်ရတယ်။ မတူကြဘူး။ ဖြစ်ဖြစ်ချင်း ၅ ရက်လောက်ကတော့ အဲဒီလိုမျိုးလေးတွေ ဖြစ်လေ့ရှိတယ်။
.
.
#KNNTgi ။ ။ ဒီလိုလုပ်လိုက်လို့ ပျောက်နိုင်ခြေဘယ်လောက်ရှိသလဲ။
.
တိုးနီ။ ။ ပါရာစီတမောက ဖျားမှသောက်တာ ကောင်းတယ်။ လိုအပ်မှ သောက်တာကောင်းတယ်။ မလိုဘဲသောက်ရင် ကျောက်ကပ်သွားထိတယ်။ မလိုအပ်ရင် မသောက်တာ ကောင်းတယ်။
.
မဖြစ်မနေ ပါရာစီစမော သောက်ပြီဆိုရင် ရေများများ လိုက်သောက်ရမယ်။ နို့မို့ဆိုရင် အထဲမှာ တော်တော်ထိလိမ့်မယ်။ အဖျားမရှိရင် အဖျားပျောက်ဆေး မသောက်တာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးက တိုက်ရင်းတိုက်ရင်းနဲ့ ခန္ဓာကိုယ်ကို အင်မတန် အားနည်းသွားစေတယ်။
.
အခုက ကိုယ်ခံအားနဲ့ ပြန်တိုက်တာဖြစ်တဲ့အတွက် အစားကို ပုံမှန်စား။ ရှိတာနဲ့ ကောင်းကောင်းစား။ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ် အဲဒီလို ပျော့ပျော့လေးတွေစားပြီး အစာအိမ်ကို ချေလို့ကောင်းအောင် စားပေးရတယ်။
.
အရိုးစွပ်ပြုတ်တွေ ပုံမှန်သောက်ပေး။ အားရှိမှ ပြန်တိုက်လို့ရမှာ။ ခုခံနိုင်စွမ်းအားနဲ့ပဲ ပြန်လုပ်ရမှာ။ သူ့ကို ပျောက်တဲ့ဆေး သီးသန့်မရှိသေးဘူး။
.
.
#KNNTgi ။ ။ အခု အိမ်မှာ အဲဒီလိုတွေကုနေတာ ဆေးရုံမသွားဘူးလား။ အရပ်ထဲ ရွာထဲရော လူတွေ သိကြလား။ သိသွားတော့ ဘယ်လိုဖြစ်မလဲ ကိုတိုးနီ။
.
တိုးနီ။ ။ ယုံကြည်ချက်နဲ့ ဆက်သွားနေတာပဲ။ ကိုယ်ခံအားကောင်းရင် နိုင်မှာပါ။ ဒီရောဂါက ပျောက်မှာပါ။ အောက်စီဂျင်က ဆောင်ထားမှ ရတယ်။ အောက်စီဂျင် ပြတ်သွားရင် တော်တော်ခံရခက်တာ။ အသက်ရှူတော်တော်ကျပ်တာ။ အဲဒီတစ်ခုပဲ သတိထားရမယ်။
.
အခုတော့ ပတ်ဝန်းကျင်လည်း သိပါပြီ။ သိပါတယ်။ ဘာလို့ဆို ဟိုးနေ့က ကျွန်တော်က အရေးပေါ်ကားနဲ့ Emergency သွားတော့ ကားလာခေါ်တာနဲ့ အကုန်လုံး ဝိုင်းထွက်ကြည့်ကြတယ်။ လူတွေက သိတဲ့အတိုင်းပဲ အရေးပေါ်ကားလာပြီဆိုရင် ပြူးတူးပြဲတဲ စပ်စုကြတာ သဘာဝပါပဲ။
.
.
#KNNTgi ။ ။ ဂရုတော့စိုက်အုံး ကိုတိုးနီရေ။
.
တိုးနီ။ ။ စိုက်ပါတယ် ဆရာညီညီ။ အခုထိတော့ ကျွန်တော်လည်း အရှင်းကြီးမပျောက်သေးဘူး။ ခံစားနေရတုန်းပဲ။ အခြေအနေကတော့ မဆိုးပါဘူး။ ဆေးတော့သွင်းနေရတာပေါ့။
.
မထင်မှတ်ဘဲ Covid-19 ကြောင့် အဆုတ်နည်းနည်း ရောင်သွားတယ်။ ပိုးသတ်ဆေးသောက်နေရလို့ လူက နုံးနေတယ်။ ဒါပေမဲ့ အားရှိနေသ၍ အချိန်တစ်ခုရောက်ရင် ဒီရောဂါကိုတိုက်ရင်း ခန္ဓာကိုယ်က ကောင်းသွားမှာပါ။ တော်လှန်ရေးလည်း အတူတူပါပဲ။ ပြည်သူတွေညီသ၍ ကျွန်တော်တို့ နိုင်ရမှာပါ။
.
.
#KNNTgi ။ ။ ဒီလို ရောဂါကိုခံတိုက်နေရတာလည်း ရေးခွင့်ပြုပါအုံး။
.
တိုးနီ။ ။ ဆရာညီညီကို ဒီအဖြစ်မှန်ကို ရေးခွင့်ပြုပါတယ်။ အများအကျိုးပြုရတာပဲဗျာ။ ကျွန်တော်ပြောပြခဲ့သမျှ အားလုံးဖြစ်ရပ်မှန်ချည်းပဲ။
.
စာအုပ်ထဲမှာပါတာက အမေရိကားရောက် ကိုယ်တိုင်ခံစားခဲ့ရတဲ့ ဖြစ်ရပ်မှန်။ အခု ဆရာညီညီ ရေးပြေနေတာက မြန်မာပြည်ရောက် ပြည်တော်ပြန် တိုးနီရဲ့ ကိုယ်တိုင်ခံစားနေရတဲ့ ဖြစ်ရပ်မှန်တွေပါ။
.
.
အနှစ်ချုပ် ဆောင်ရန်၊ ရှောင်ရန်တွေကတော့
.
- ရေနွေးသောက်ပေး
- ဆားရည်ငုံပေး၊ ပလုပ်ကျင်းပေး
- အအေးမခံနဲ့၊ အဲယားကွန်းအခန်းမှာ မနေနဲ့
- ကိုယ်ခံ‌အားကောင်းနိုင်တာ မှန်သမျှ လုပ်
- ကိုယ်ခံအားကျဆင်းနိုင်တာ မှန်သမျှ မလုပ်နဲ့
- ထမင်းပျော့၊ ဆန်ပြုတ်တို့ အားရှိနိုင်တာတွေ စားနိုင်သလောက်စား
- အဖျားရှိမှ အဖျားပျောက်ဆေးသောက်
- အဖျားမရှိရင် စိုးရိမ်ပြီး အဖျားပျောက်ဆေးမသောက်ရ
- ၁၄ ရက်အထိလောက်က ဆရာဝန်ရဲ့ညွှန်ကြားမှုအောက်မှာ ကောင်းကောင်းမွန်မွန်နေတာ စိတ်ချရတယ်
.
.
ကျေးဇူးပါ သူငယ်ချင်းရေ။ ကိုတိုးနီနဲ့ ခင်မင်ခွင့်ရလို့ အင်မတန်ဂုဏ်ယူရသလို အမိမြန်မာနိုင်ငံသားတွေအတွက် အမေရိကားဘဝနဲ့ ရန်ကုန်သားဘဝ ၂ ဘဝလုံးရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပို့ပေးလို့ ကျေးဇူးတင်ပါတယ်။
.
အမြန်ဆုံး ပြန်လည်ကျန်းမာပါစေ ကိုတိုးနီ
.
#KNNTgi
07-10-2021


No comments: