ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, November 4, 2014

How to say “ NO ”

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သူ့နိုင်ငံကို ဒုက္ခအပေးဆုံးက ခိုးဝင်လာတဲ့ သက်ရှိလူနဲ့ မူးယစ်ဆေးဝါးဆိုတာ အမေရိကန်အစိုးရက သိပါတယ်။ ဥပဒေတွေအမျိုးမျိုးပြဋ္ဌာန်းပေမယ့် ဒီကိစ္စ ( ၂ ) ရပ်ကို နိုင်နိုင်နင်းနင်း မဖြေရှင်းနိုင်းသေးပါ။ လူဝင်မှုဆိုတာက အကောင်အထည်ရှိပေမယ့် တစ်ချို့မူးယစ်ဆေးဝါးက တိုင်းပြည်ထဲရောက်မှ အသွင်အမျိုးမျိုးပြောင်းထားတဲ့ ဓါတုဗေဒဆေးတွေနဲ့ ရောစပ်ချက်လုပ်တဲ့အခါ လူကြားထဲ ပျောက်ချင်းမလှ ပျံ့နှံ့ဝင်ရောက်လျက် ရှိနေပါတယ်။ ဒါတွေကို အမေရိကန်အစိုးရ ဘယ်လိုကိုင်တွယ်ပါသလဲ? အရင်းအမြစ်ကထိ ကြိုတင်ငြင်းပယ်ခြင်းနည်းလမ်းနဲ့ တားမြစ်ဖို့ပါတယ်။
.
Marijuana ( မာရီဝါနာ ) ဆေးခြောက်ပင်ကို တိုင်းပြည်ရဲ့ ပြန်နယ်တစ်ချို့မှာ သုံးစွဲခွင့်ရော၊ စိုက်ပျိုးခွင့်ပါ ခွင့်ပြုနေရတဲ့ ဖယ်ဒရယ်နိုင်ငံမှာ ဒီလို သစ်မြစ်အခြေခံဆေးဝါးတွေ ဘယ်လောက်အထိ ခြိမ်းခြောက်နေတယ်ဆိုတာ အလွယ်တကူ မှန်းဆကြည့်နိုင်ပါတယ်။ နောက်ပိုင်း ပုံပြောင်းဆေးပြားတွေက သာမန်အိမ်သုံးဆေးဝါးတွေကြားမှာ ပုန်းလျှိုးကွယ်လျှိုး အရိပ်ခိုလာတဲ့နောက် အဓိကပစ်မှတ်ဖြစ်တဲ့ ကျောင်းသားလူငယ်တွေကို ကာကွယ်ဖို့လိုအပ်လာတယ်။ ဒီရန်တွေက လွတ်ကင်အောင် ကျောင်းတွေမှာ ဘယ်လိုသင်ပေးပါသလဲ?
.
အတန်းဆရာ/ဆရာမတွေ်တစ်ဝက်လောက်က မူးယစ်ဆေးဝါးဆိုးကျိုးတွေကို အချိန်ရသလောက် ကလေးတွေကို ပြောပြတယ်။ အလယ်တန်းရောက်ပြီဆို ကျောင်းသားကို ချည်းကပ်လာမည့် ဆေးဝါးတွေကို မည်သို့မည်ပုံ ငြင်းပယ်ရမယ်ဆိုတာ သင်ပေးလိုက်တယ်။ လမ်းဘေးဈေးကွက်ထဲမှာရှိနေတဲ့ မူးယစ်ဆေးတွေအပြင် ခိုးကြောင်ခိုးဝှက် ဖက်တွယ်လာမည့် ဆေးဝါးအန္တရာယ်တွေကို ကြိုတင်ရှင်းပြတယ်။ မိမိအိမ်သူအိမ်သားတွေကအစ အပေါင်းအသင်းတွေထဲမှာပါ ဆေးစွဲနေသူရဲ့ သွင်ပြင်လက္ခဏာတွေကို ဘဝနဲ့ရင်းနှီးအောင် မှတ်သားစေတယ်။ အကျိုးအပြစ်တွေကို ဆင်ခြင်သုံးသပ်စေတယ်။ ဒါမှ နောင်အနာဂါတ်ကို ဦးဆောင်မည့် ကျောင်းသားကောင်းတွေ မွေးထုတ်နိုင်ကြမှာ မဟုတ်လား။
.
အထက်တန်းရောက်တဲ့အခါ နောက်ထပ် ပိုးတစ်မျိုးကို ထပ် “ သတ် ” ပေးပြန်တယ်။ အချိန်မတိုင်ခင် အိမ်ထောင်မကျစေဖို့ နဲ့ စောစီးစွာ ဦးတည်ချက်မပျောက်စေဖို့ နည်းလမ်းပရိုဂရမ်တွေ ချမှတ်သင်ကြားတယ်။ ဖို နဲ့ မ အထိအတွေ့ကို ဆင်ခြင်ဖို့၊ မိမိအနေအထိုင်ဟာ သူတစ်ပါးမျက်စိမှာ အစွဲလမ်းအနှောင့်ယှက်မဖြစ်ပဲ နေတတ် ထိုင်တတ် သွားလာတတ်အောင် ပြောပြကြတယ်။ နည်းလမ်းက ရှင်းပါတယ်။ ( ၈ ) တန်းရောက်တာနဲ့ ကျောင်းရဲ့ Anatomy အစီအစဉ်အရ လူဘယ်ကဖြစ်တယ်၊ လူ့လောကထဲကို ဘယ်လိုရောက်လာတယ်၊ ယုတ်စွအဆုံး မိန်းမကိုယ်ကနေ ကလေးဘယ်လိုထွက်လာတယ်အထိ လူ့ကျင့်ဝတ်ဘောင်အတွင်းက ကြိုပြထားကြတယ်။
.
ဒီ့ထက်ပိုလို့ မနေနိုင် မထိုင်နိုင်ဖြစ်မယ်ဆိုရင် ( မတတ်သာတဲ့အဆုံး ) ကွန်ဒုံးဆောင်ထားဖို့နဲ့ ဘယ်လိုဝတ်ဆင်ရတယ်ဆိုတာအထိ အသေးစိတ်ပို့ချပါသေးတယ်။ ဒီလောက်တားမြစ်တာတောင် အမေရိကန်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းမပြီးပဲ ဆယ်ကျော်သက်မိခင်တွေ အများကြီးဖြစ်နေတာ ဝမ်းနည်းဖွယ်ရာတွေ့မြင်နေကြရတုန်းပါ။
.
သမီးရည်းစားစုံတွဲတွေ လူသွားလမ်းမှာ နမ်းရှုတ်နေကြတာ အထက်တန်းကျောင်းတွေရဲ့ မရိုးနိုင်တဲ့ မြင်ကွင်းပါ။ ဒါပေမယ့် သူတို့ စာတူတူတွဲလုပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး ဖေးမကြတယ်။ စိတ်သဘောထားရှင်းပြီး ရိုးသားစွာလက်တွဲကြတယ်။ တစ်ချို့သော ဗွေဖောက်တဲ့ လူငယ်စုံတွဲတွေ ရှိတော့ ရှိကြမှာပေါ့။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုကို ဆက်စပ်ကြည့်ကြတယ်။ အပြစ်မမြင် ချစ်ခင်ကြင်နာ သွေးတိုးစမ်းကြတယ်။ ဒီနေရာမှာ အရင်းနှီးဆုံး မြန်မာမှုပြုရရင် ဘဝအတွေ့အကြုံ အရှာစောတယ်လို့ မြင်မိပါတယ်။
.
ကျွန်တော်တို့ မြန်မာ့မျက်စိ၊ မြန်မာ့နှလုံးသားနဲ့ မခံစားနိုင် မအပ်စပ်ပေမယ့် .. အမေရိက ဆိုတာ မတူညီတဲ့အရင်းအမြစ်တွေထဲက တူရာတူရာပေါင်းစပ်ပူးတွဲကြတဲ့ တိုင်းပြည်ပါလားလို့ ဖြေတွေးနားလည်လိုက်ရတယ်။ အဆိုးထဲက အကောင်းကို ရှာကြံပြီး အနာဂါတ်ခေါင်းဆောင်ကျောင်းသားလူငယ်တွေကို အခြေခံပညာကျောင်းက ဘဝအတွက်သင်ပေးလိုက်တဲ့  How to say “ NO ” ဆိုတဲ့ ဆောင်ပုဒ်လေးကိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ကျောင်းအသီးသီးမှာ မြန်မာမှုပြုကျင့်သုံးကြဖို့ အကြံပြုရေးသားလိုက်ရပါတယ်။
.
.

ဓါတ်ပုံ - အင်တာနက်
.
" How to say “ NO ” " စာမူသည် ၂ဝ၁၅ ဇန်နဝါရီလ ( ၃၁ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၇၁
) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/4m8cs00bhck18rs/NetGuide+Vol.+3%2C+No.+71.pdf


No comments: