ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, May 29, 2014

ဥာဏ်မိုးအောင် မေးလို့ဖြေသည်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


မေးခွန်း - ကျွန်တော် U.S ရောက်တာသိပ်မကြာသေးဘူးဗျ ၊ ဒီထက်တိုးတက်ဖို့အတွက် ဘာဆက်လုပ်သင့်သလဲ ၊ ကျောင်းတက်သင့်သလား ၊ ကျောင်းတက်ရင်ကော ဘယ်လို ကျောင်းတက်ရမလည်း ကျေးဇူးပြုပြီးဖြေကြားပေးပါ ၊ ကျေးဇူးတင်ပါတယ် ။


ကိုဥာဏ်မိုးအောင် ရဲ့ မေးခွန်းကို ဒီစာစုလေး နဲ့ ဖြေပေးချင်ပါတယ် ။

.
.

---- U.S မှာ ဘဝတိုးတက်ဖို့
ပညာတတ် / ပညာရှင် လုပ်မှာလား ၊ 
ပညာ နဲ့အလုပ် လုပ်မလား ၊ 
အလုပ် သီးသန့်လုပ်မလား ၊ 
အလုပ်ကြမ်းသမား လုပ်မလား ဆိုပြီး ( ၄ ) မျိုး ခွဲပြီး ဖြေကြားချင်ပါတယ် ။
.
.
---- ပညာတတ် / ပညာရှင် ဖြစ်ပြီးသားဆိုရင် အမေရိကားမှာ လစာကောင်းကောင်း နဲ့ သူများတကာရဲ့အထက်မှာနေနိုင်ပါတယ် ၊ ဒီကဏ္ဍက လူအများစုလက်တွေ့ဘဝအနေနဲ့လှမ်းဆွတ်ဖို့ခက်ခဲတော့ အကျဉ်းချုံးဖြေဆိုပါ့မယ် ၊ အမေရိကန်နိုင်ငံ ဟာ ခေတ်အဆက်ဆက် ပညာတတ် " ဦးနှောက် " တွေ တင်သွင်းခဲ့တယ် ၊ အခု လက်ရှိလည်း မရပ်သေးပါ ၊ အသွင်ပြောင်းမှုတော့ရှိပါတယ် ၊ “ လူညီရင် ဥပဒေဖြစ်တယ် “ ဆိုတဲ့ စကားဟာ မြန်မာပြည်မှာတော့မသိဘူး အမေရိကားမှာတော့ မှန်ကန်တယ်လို့ ဆိုရလိမ့်မယ် ၊ အရင် ရှေးကာလမှာ အမေရိကန်တွေ မလုပ်နိုင်တဲ့ အဆင့်မြင့်ပညာရပ်တွေအတွက် နိုင်ငံတကာ က တော်ပေ့ ဆိုသူတွေကို ကဒ်အဖြူ  - White Card ဆိုတဲ့ ဗီဆာ တစ်မျိုးတီထွင်ပြီး နိုင်ငံတွင်းကို တင်သွင်းခဲ့တယ် ၊ ( ထင်ရှားသည့် ဥပမာ - အိန္ဒိယမှ ဆော့ဝဲ ပရိုဂရမ်မာများ ) ။
.
---- ပညာ နဲ့ရင်းပြီး လုပ်စားဖို့က အမေရိကားမှာ အခွင့်အလမ်း အများဆုံးပါ ၊ ကျောင်းကနေ အသက်မွေးဝမ်းကျောင်းလမ်းစ ၊ အပေါင်းအသင်းကောင်း နဲ့ အမှန်အကန်ဆရာသမားများ ရနိုင်သလို အစမ်းသပ်ခံ နည်းပညာများ နဲ့ ဥတု ( ၃ ) ပါးခံ ပညာရေးစံနစ်တွေ ဒီမြေပေါ်မှာ ဖွံ့ဖြိုးတယ် ၊ အသက် ( ၁၆ ) နှစ်ကျော်အရွယ်ဆို ဒီနိုင်ငံရောက်ပြီး ပထမ ( ၁ ) နှစ် အမြဲတမ်းနေထိုင်ကာလ - 1 Year Residency စောင့်ပြီး ကောလိပ်တက်နိုင်တယ် ။
.
.
---- မြန်မာနိုင်ငံ အခြေခံပညာ ကျောင်းတန်းလန်းနဲ့ လိုက်လာသူ သားသမီးတွေကို အသက်အရွယ်အလိုက် ( အခမဲ့နီးပါး ) အခြေခံ မူလ / အလယ် / အထက်တန်း တို့ကို ဆက်တိုက်တက်စေနိုင်တယ် ၊  ( ၃ ) နှစ်ခန့်သာ မပြတ်တမ်း ကျောင်းတက်နိုင်ပါစေ - လူငယ် ရဲ့ အခြေခံစကားပြော ၊ လူမှုဆက်ဆံရေး ၊ စာလိုက်နိုင်မှု စသဖြင့် စိတ်ပူစရာမလိုပါ ၊ လူတိုင်း ကောလိပ်တက်ဖို့ ပြည်နယ်အစိုးရထောက်ပံ့ငွေ Financial Aid လျှောက်ခွင့် ရှိတယ် ၊ ကျောင်းတက်စားရိတ်ကျခံပေးတဲ့အစီအစဉ်ကို ရရှိခံစားနိုင်ဖို့ သတ်မှတ်ထားတဲ့ လျော့နည်းဝင်ငွေရရှိသူ - Low Income ဖြစ်ဖို့လိုအပ်ပါတယ် ။
.
.
---- ကျောင်းမတက်နိုင်ရင်တော့ အလုပ်လုပ်င်္ပြိး အသက်ဆက် ရတော့မှာပေါ့ ၊ အခြေခံ အင်္ဂလိပ်စာတတ်ရုံနဲ့ အလုပ်ရနိုင်တဲ့ အလုပ်ခန့်အေဂျင်စီတွေ ရှိပါတယ် ၊ အနည်းဆုံးတော့ အလုပ်ခေါင်းဆောင် နဲ့ ကြီးကြပ်ရေးမှူး တို့က ကိုယ့်ကို ဘာလုပ်ခိုင်းသလဲဆိုတာကို နားလည်ရပါမယ် ၊ မြန်မာနိုင်ငံသား ပြောင်းရွှေ့နေထိုင်သူအများစု ယခုလို ပုံစံနဲ့ ရပ်တည်နေကြတာများပါတယ် ။
.
.
---- နယ်စပ်ကျော်ဝင် တရားမဝင် ခိုးဝင်လာသူများနည်းတူ အလုပ်ကြမ်းလုပ်ရဖို့ မြန်မာတွေ ဒီလောက်မညံ့ကြပါ ၊ အနည်းဆုံး ထမင်းစား စကားတော့ ပြောတတ်ကြတယ် ၊  ပညာရေး နဲ့ ဝေးနေခဲ့တာ ကာလရှည်ကြာလို့ အင်္ဂလိပ်စာ ကို လက်လှမ်းမမှီတော့ရင်လည်း ပြန်လည်ကုစားနိုင်တဲ့ လူကြီးကျောင်း ( တနည်းအားဖြင့် ) ညကျောင်း - Adult School ဆက်တက်စေလိုတယ် ၊ ဝင်ကြေး ( ၃၅ ) ဒေါ်လာရှိပြီး  ဘာသာစကားအားနည်းသူတွေများစွာ တွေ့နိုင်တယ် ။







.
.


---- ထိုမှတစ်ဆင့်တက်ပြီး ပေါင်းကူးရေး ကောလိပ် - Community College ကို ဆက်စေလိုတယ် ၊ ကောလိပ်ရောက်လို့မှ ပုံမှန် အင်္ဂလိပ်စာ - Regular English ကို လိုက်မမီနိုင်သေးဘူးလို့ ထင်ရင်လည်း စိတ်မလျှော့နဲ့ဦး ၊ အင်္ဂလိပ်စာကို ဒုတိယစကားပြောဘာသာ အဖြစ် ပြောကြတဲ့ - Second Language Speaker တွေအတွက် အနိမ့်ဆုံး မြန်မာနိုင်ငံ ( ၇ ) တန်း အင်္ဂလိပ်ဖတ်စာလောက် နဲ့ ညီတဲ့ ESL  English - English as a Second Language အတန်း ( ၄ ) တန်း ထပ်ရှိနေပြန်ပါတယ် ၊ အဲဒီတော့ သင် သင်ယူဖို့သာ တာဝန်ယူပါ ၊ ကျန်တာ ကျောင်းကနေ ဆွဲခေါ်သွားပါလိမ့်မယ် ။
.
.
---- ကောလိပ်မှာ ဖွင့်မယ့်သင်တန်းကာလ - Semester ကပ်လျက်ရှေ့ ( ၂ ) ပတ်အလိုမှာ ဝင်ခွင့်စာမေးပွဲ - Assessment Test စစ်ပေးတယ် ၊ ချိန်းတဲ့အချိန်သွား ( ၁ဝ ) ဒေါ်လာသွင်းလိုက်ရင် ဖြေလို့ရပြီ ၊ မိမိရဲ့ မှတ်ပုံတင်ကဒ်ပြား - ID ( သို့ ) ကားလိုင်စင် ပါရမယ် ၊ ဒီနိုင်ငံဝင်စ ကတည်းက ထုတ်ပေးခဲ့တဲ့ Alien Registration Card ( သို့ ) Green Card ယူသွားရပါမယ် ၊ အဖြေလွှာကို စစ်ပေးပြီးရင် ကိုယ်ဘယ်အတန်းရတယ်ဆိုတာ သိခွင့်ရှိပြီ ၊ အဲဒီနောက်မှာတော့ ကျောင်းမှန်မှန်တက် အိမ်စာမှန်မှန်လုပ်ဖို့သာ တာဝန်ယူပါတော့ တူငယ် ။
.
.
---- အမေရိကန်နိုင်ငံက အကျယ်ကြီးမို့လို့ ဘယ်ကောလိပ်ကျောင်း တက်ရမယ်ဆိုတာ ညွှန်းဆိုပေးနိုင်ဖို့မလွယ်ပါ ၊ သို့သော် ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသ - Bay Area တစ်ဝိုက်က ပြောင်းရွှေ့မြန်မာတွေ အနေများတဲ့ မြို့ ( ၄ ) မြို့ ရဲ့ ကွန်မြူနတီကောလိပ်တွေကို မြန်မာကျောင်းသားများ သိပ်သည်းမှု အဆင့်ဖြင့် အောက်မှာ ဖော်ပြပေးလိုက်တယ် ၊ မှတ်ချက်အနေနဲ့ အဆိုပါကျောင်းများကို ကျော်ကြားစေတဲ့ အထူးပြုဘာသာရပ်များကို နောက်ဆက်တွဲ ရေးသားလိုက်ပါတယ် ။
.
.
++ San Francisco –City College of San Francisco  [ အနုပညာ နှင့် ဘိုင်အိုဓါတုဗေဒ ]

++ San Jose – San Jose City College [ အင်ဂျင်နီယာ နှင့် လူမှုဆက်ဆံရေးသိပ္ပံ ]

++ Fremont – Ohlone Community College ( အိုလုံးနီ ကောလိပ် ) [ သူနာပြု ၊ အမျိုးသမီး / အမျိုးသား အထူးသူနာပြု ]


++ Hayward – Chabot College ( ရှ်ဘိုး ကောလိပ် ) [ အင်္ဂလိပ်စာ ၊ ESL နှင့် အထွေထွေ ]



---- ယေဘုယျ တိုက်တွန်းချက်အနေနဲ့ ရေခြား မြေခြားမှာ ဘဝတိုးတက်ဖို့က အင်္ဂလိပ်စာ ပိုင်နိုင်မှုအပေါ်မှာ လုံးလုံလျားလျား အားယူ ကုန်းထ ရပါမယ် ၊ “ စာ ” ဆိုတိုင်း ကျောင်းမှာချည်း သင်တာမျိုးမဟုတ်ပါ ၊ အထူးသဖြင့် နည်းပညာ နဲ့ အင်တာနက် အားကိုးလွန်းတဲ့ အမေရိကန်မြေပေါ်မှာ အရေး ၊ အဖတ် ၊ အပြော ၊ နားထောင် ဆိုတဲ့ အင်္ဂလိပ်စာစွမ်းရည် ( ၄ ) မျိုး - 4 Skills Learning English ကို စာသင်ကျောင်းကဲ့သို့ ငွေကုန်ကြေးကျခံ အချိန်ကုန်ခံ သင်စရာမလိုတဲ့ “ နေ့စဉ် ဘဝကျောင်း ” တွေရှိတာကို လမ်းပြပေးလိုပါတယ် ။
.
.
---- နိဂုံးချုပ်အားဖြင့် အားလပ်ချိန်များသူ ဆိုရင် Local TV ( ယုန်နားရွက်အင်တာနာရှိလျှင် ကြည့်ရှုနိုင်သည် ) ကြည့်ပါ ၊ နာရီဝက် ( ၁ ) ကြိမ်လာနေကျ သတင်းကြေငြာချက်များကို စာတန်းထိုး နဲ့ တွဲဖက်၍ ကြည့်ရှုပါ ၊ ချက်ပြုတ်နေရင်း အိမ်မှုကိစ္စလုပ်နေရင်း နားရည်ဝသွားအောင် ဖွင့်ထားပါ ။ ကားပေါ်ရှိ FM Radio ဟာ မိမိအတွက် ကိုယ်ပိုင် သီးသန့် စတူဒီယို ဖြစ်တဲ့အတွက် အကျိုးရှိရှိအသုံးချပါ ၊ သီချင်းချည်း နားထောင်တာမျိုးမဟုတ်ပဲ သတင်းကြေငြာချက်များ နဲ့ ကုန်ပစ္စည်းကြော်ငြာ ၊ ဆားဗစ်ကြော်ငြာ နဲ့ ပွဲလမ်းသဘင် ပရိုမိုရှင်းကြော်ငြာတွေကို ရအောင်လိုက်နားထောင်ပါ ၊ အင်္ဂလိပ် စကားပြောများကို မိမိပါးစပ်မှ လိုက်၍အသံထွက်လေ့ကျင့်ပါ ၊ အိမ်ရှိ အင်တာနက် / လက်တော့ပေါ်မှတဆင့် YouTube ပေါ်မှာရှိတဲ့ စာသားပေါ် - With Lyris သီချင်းများကို ကာရာအိုကီ ဆိုသလို အောက်က စာတန်းထိုးများကိုကြည့်ပြီး လိုက်ဆိုပါ ၊ အင်တာနက်မှ ရှာရန်အလွယ်ဆုံးဖြစ်တဲ့ Google News မှ သတင်းများကို ဘယ်သူ့အကူအညီမှမယူပဲ အသံထွက် လိုက်ဖတ်ပါ ၊ မသိတဲ့စာလုံးတွေကို ကိုယ်နဲ့သင့်တော်တဲ့ အဘိဓာန်အသုံးပြုပြီး ရှာဖွေအနက်ဖွင့်ပါ ။
.
.
---- ဒီနည်းလမ်းတွေဟာ ဘာသင်တန်းကြေးမှ မပေးရသလို ဆရာလည်း မလိုပါဘူး ၊ အထူးတလည် အချိန်ပေးဖို့လည်း မလိုပါဘူး ၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ မသိသူဖော်စား သိသူဖော်စား ဘဝ သင်ခန်းစာတွေ အများကြီးရှိပါတယ် ၊ အခုလောက်ဆို တူငယ်ရဲ့မေးခွန်းတွေကို ခြုံငုံ ဖြေဆိုမိပြီလို့ ယူဆပါတယ် ၊ သီးသန့်ကျောင်းမှာသင်တဲ့စာထက် “ ဘဝကျောင်း ” ဘာသာရပ်တွေက ပိုစိတ်ဝင်စားဖို့ကောင်းပြီး ဘဝတက်လမ်းအတွက် မောင်းနှင်အားဖြစ်တယ်ဆိုတာ ကိုယ့်လေ့ကျင့်မှုက သက်သေခံပါလိမ့်မယ်ဆိုတာ အကြံပြုဖြေကြားလိုက်ပါတယ် ။
.
koko2yeye@gmail.com

" ဥာဏ်မိုးအောင်မေးလို့ဖြေသည် " စာမူသည် ၂ဝ၁၄ ဂျွန်လ ( ၂၁ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuidE နည်းပညာဂျာနယ် အတွဲ ( ၃ ) အမှတ် ( ၃၉ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည် ။





No comments: