ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, May 4, 2014

ရန်ကုန်မှာ ဒီလိုဝန်ဆောင်မှုမျိုး ဘယ်တော့ရမလဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )



         တစ်ရက်မှာ သူငယ်ချင်းကို အဖော်လိုက်ပေးရင်း  San Lorenzo ဆိုတဲ့ မြို့တွင်းက AT&T ဖုန်းကုမ္ပဏီကို ရောက်သွားပါတယ် ၊ ဆိုင်နေရာ က ကြက်လျှာစွန်းမကျတကျ နဲ့ ကားတစ်ဒါဇင်လောက်ရပ်လို့မရတတ်လောက်အောင် နေရာကကျဉ်းပါတယ် ၊ ဆိုင်အကျယ်အဝန်းက ခန့်မှန်းခြေ စတုရန်းပေ ( ၂ဝဝဝ ) လောက်ပဲရှိပါလိမ့်မယ် ၊ အမြင့်ချိတ် ဖန်ပြားတီဗွီကြီး ( ၁ ) လုံး ၊ မိမိဖာသာ ဖုန်းဘေလ်ဆောင်ဖို့ eKiosk ( ခေါ် ) မတ်တပ်ရပ် လက်ပွတ်မျက်နှာပြင်ပါစက် ( ၃ ) လုံး ၊ တယ်လီဖုန်း / တက်ဘလက်အရောင်းကောင်တာ ( Apple ) တစ်ခု ၊ Samsung တစ်ခု ၊ HTC တစ်ခု ၊ အင်တာနက်မပါ အခြေခံ - Basic ဖုန်း နဲ့ ခေါက်ဖုန်း - Clamshell တွေပါတဲ့ နံရံကပ်မတ်တပ် ကက်ဘိနက် တစ်ခုတို့နဲ့ ဆိုင်ကို ရိုးရိုးလေးဖွဲ့စည်းထားပါတယ် ၊ အလယ်မှာ ကဏ္ဍအလိုက်ခွဲပြီးဝယ်လို့ရအောင် ဖုန်းခွံလေးတွေချိတ်ဆွဲပြထားတဲ့ဘီဒိုအမြင့်လေးခုလောက်ရှိတယ် ၊ မန်နေဂျာရုံးခန်း နဲ့ ဝန်ထမ်းများနားနေခန်း - Break Room အထွက်ပေါက်နားမှာ ( L ) ကွေးပုံကောင်ကာချိုးရှိပြီး ဗောက်ချာ နဲ့ လက်ခံစာရွက်တွေ ပုံနှိပ်ထုတ်ပေးဖို့ ပရင်တာတွေ နဲ့ ကြိုးဖုန်း ( ၅ ) လုံးခန့်ချထားပါတယ် ၊ အမျိုးသမီးဝန်ထမ်း ( ၃ ) ဦးလောက်ထဲမှာ စပိန်ဘာသာနဲ့အမေရိကန်စကားပြောသူ နှစ်ယောက်ပါပြီး ကျန်တစ်ယောက်က လူမည်းအမျိုးသမီးဖြစ်ပါတယ် ၊ ယောက်ျားသား ( ၅ ) ဦးလောက် နဲ့ ဋ္ဌာနေမန်နေဂျာတစ်ယောက်ရှိမယ်လို့ ယူဆရပါတယ် ၊ ထောင့်စွန်းနားလေးမှာ ကွပ်ပျစ်လို နောက်မှီမပါတဲ့ ဆိုဖါလေးထောင့်ခုံ နဲ့ ခပ်ရှည်ရှည်ခုံလေးပေါ်မှာ ကျွန်တော်တို့အလှည့်ရောက်ဖို့ ခဏစောင့်နေရပါတယ် ။

          ဆိုင်အပြင်အဆင်ရိုးစင်းသလောက်အခန်းထဲမှာ ဘာထူးထူးဆန်းဆန်းပစ္စည်းမှမရှိသလို ဝန်းထမ်းတွေက အနည်းငယ်ထူးခြားနေသလိုတွေးမိနေပါတယ် ၊ အခုနေရာက လူမည်းများတဲ့ရပ်ကွက်ဖြစ်လို့လားမသိဘူး လုံခြုံရေးယူနီဖောင်းဝတ်တစ်ယောက်က တံခါးဖွင့်ပေးပြီးနှုတ်ဆက်ပါတယ် ၊  ဧည့်ကြိုအမျိုးသမီးက နာမည်ရှေ့စာလုံး - First Name ( Ko ) နဲ့ နောက်စာလုံး - Last Name အတိုကောက် ( L ) ကို လက်ထဲက iPad ( အိုင်ဖက် လို့ အသံထွက်ရင် ပိုမှန်ပါတယ် ) ပေါ်မှာ ရိုက်သွင်း - Register လုပ်ပြီး ကျွန်တော်တို့ရှေ့မှာ လူ ( ၄ ) ဦးကို ဝန်ဆောင်မှုပေးရဦးမှာမို့လို့ ( ၂၅ ) မိနစ်ခန့်ထိုင်စောင့်ပေးပါဆိုပြီး ခရီးဦးကြိုပါတယ် ၊ ပတ်ဝန်းကျင်ဝန်ထမ်းအားလုံးကိုကြည့်လိုက်တော့မှ သူတို့တစ်ဦးချင်းဆီမှာ အိုက်ဖက်တစ်လုံးဆီ နဲ့ အိုခေ မှာ စိုပြေနေကြပါကလား ။


အိုင်ဖက်ကာဗာက အောက်မှာဘယ်ဘက်လက်ဝါးလေးဖြန့်ကိုင်လိုက်ရင်ကွက်တိ ၊ တခြားသူတွေကျတော့ လက်သမားလွယ်အိပ်လိုလို ဆယ်တန်းကျောင်းသားလွယ်အိတ်လိုလို ဘေးစောင်းလွယ်တဲ့ ဘောပင်တွေ အရောင်တင်ဘောပင် - Highlighter တွေပါတဲ့အိတ်နားမှာ အိုင်ဖက်ကို တွဲလျက်ချိတ်ထားကြတယ် ၊ ခြုံကြည့်လိုက်တော့မှ တဖြည်းဖြည်းသဘောပေါက်လာတယ် ၊ အရင်လိုကောင်တာရှေ့မှာ မျက်နှာချင်းဆိုင် သူတစ်လှည့် ကိုယ်တစ်လှည့်ပြော ၊ ဒက်စတော့ကွန်ပျူတာမှာ ဘာတွေရိုက်နေမှန်းကိုယ်လည်းမသိရ ၊ ရပ်တာကြာလာတော့ ခြေထောက်ညောင်း ဒူးတွေကိုက် ထိုင်စရာနေရာကမရှိ ဖြစ်စရာမလိုတော့တဲ့ “ရွေ့လျားဝန်ဆောင်မှု ” စံနစ်ဖြစ်နေပါတော့တယ် ။




ကိုယ့်နာမည်ကို အမြင့်ချိတ်တီဗွီဖန်သားပြင်ပေါ်မှာ မြင်နေရလို့ ဘယ်အချိန်လောက်ကိုယ့်အလှည့်ရောက်မလဲဆိုတာမှန်းလို့ရတာ တစ်မျိုးစိတ်ချမ်းသာရပါတယ် ၊ စောင့်နေတဲ့အချိန်လေးမှာ ဖုန်းအသစ်တွေ တက်ဘလက်တွေ လိုက်ကြည့် လိုက်ကလိနေလိုက်ရုံနဲ့ ( ၂ဝ ) မိနစ်မကြာပါဘူး  ကိုယ့်ပြသနာကိုရှင်းပေးမယ့်အရပ်မြင့်မြင့် ဘိုကောင်လေးက လာခေါ်ပါတယ် ၊ ဆားဗစ်ကိုလာရတဲ့အကြောင်းရင်းနဲ့ ဖြစ်ပျက်စုံကိုမေးပါတော့တယ် ၊ သူငယ်ချင်းရဲ့ဖုန်းဇာတ်လမ်းလေးကဒီလိုပါ ၊ အရင် Plan တုန်းက မိသားစုအစီအစဉ် ဖုန်း ( ၅ ) လုံးမှာ ( ၄ ) လုံးပဲ အင်တာနက်ယူထားခဲ့တယ် ၊ များမကြာမီတုန်းက AT&T က အင်တာနက်မျှဝေစံနစ် - Mobile Share Plan ထွင်ပြီး ဈေးလျှော့လိုက်တဲ့အခါကျတော့ သူငယ်ချင်းရဲ့သားကိုင်တဲ့ဖုန်းမှာ အင်တာနက်ဖွင့်ထားလျက်နဲ့ သုံးမရဖြစ်နေတယ် ၊ သူ့ဖုန်းမှာဆို 4G ဘားလေး ထိပ်မှာပေါ်နေတယ်လေ ၊ ဆားဗစ်ပေးတဲ့ကောင်လေးက သုံးနေတဲ့ဖုန်းနံပါတ်မေးပြီး အိုင်ဖက်ပေါ်မှာ တစ်ထောက်ထောက်နဲ့ လက်နဲ့တောက်နေပြီး ဖုန်းဆက်တင်တွေကို စစ်ပါတယ် ၊ VPN စစ်ပါတယ် ၊ ဒီဖုန်းခွံအင်တာနက်အလုပ်လုပ်မလုပ်စစ်ဆေးပါတယ် ။


 ဆင်းကဒ်ဖြုတ်ကြည့်ပြီး  ခင်များတို့ဆင်းကဒ်က မိုက်ခရို - Micro ဆိုဒ် ကနေ Nano – ( နယ်နို လို့ အသံထွက်ရင် ပိုမှန်ပါတယ် ) ဆိုဒ်ကို ညှပ် - Trim ထားတာပဲ ၊ ဘာလို့ဒုက္ခခံပြီးသုံးနေဦးမှာလဲ ကျွန်တော်လဲပေးလိုက်မယ်ဆိုပြီး မန်နေဂျာအခန်းထဲက ဆင်းကဒ်အသစ်တစ်ကဒ်ထုတ်လာတယ် ၊ ပြီးတော့ အိုင်ဖက်ပေါ်မှာ ဖုန်းရဲ့မှတ်တမ်းအရ IMEI - INTERNATIONAL MOBILE PHONE EQUIPMENT IDENTIFIER နံပါတ်ကိုစစ်တော့ ပြသနာကိုတွေ့သွားပါပြီ ၊ အရင်က အင်တာနက်မသုံးခင် ဖုန်းအခွံက IMEI ကို AT&T ဒေတာစင်တာ မှာ မှတ်ထားတာကတစ်မျိုး ၊ အခု အင်တာနက်ရပြီဆိုတော့ အင်တာနက်သုံးလို့ရတဲ့ဖုန်းအခွံပြောင်းလိုက်တဲ့အခါ IMEI ပြောင်းသွားတော့ ဒေတာစင်တာက ဒီဖုန်းကို အင်တာနက်ပေးလို့မရဖြစ်နေတာပါ လို့ ကောင်းမွန်စွာရှင်းပြပါတယ် ၊ သိပ်မကြာပါဘူး  ဆားဗစ်ကောင်လေးက သူ့ခါးမှာချိတ်ထားတဲ့ ဘိလပ်ရည်ဖောက်တံလိုမျိုး ကြိုးတွဲလောင်းနဲ့ ဘားကုတ်စကင်နာ ကို အခုလက်ရှိဖုန်းရဲ့ IMEI ကိုဖတ်လိုက်ပြီး အိုင်ဖက်မှာ အချက်အလက်တွေသိမ်း -Save လိုက်တယ်ဆိုရင်ပဲ အဆိုပါဖုန်းဟာ အင်တာနက်ကို လှမ်းဆွဲနေပါပြီ ၊ ကောင်းလိုက်တာဗျာ နည်းပညာများအလုပ်လုပ်ပုံပြောပါတယ် ။




ဆိုင်ကနေမပြန်ခင် ဆားဗစ်ကောင်လေးကို နည်းနည်းထပ်စပ်စုထားတာရှိသေးတယ် ၊ သူတို့ဆိုင်က ဒီအနီးအနားတစ်ဝိုက်မှာ ဒီတစ်ဆိုင်တည်းဖြစ်နေတာကြောင့်လူလာများပါတယ် ၊ ဒါပေမယ့် ကားပါကင်သေးတော့ အခက်အခဲရှိတယ် ၊ ဆိုင်အရှေ့က ပါကင်ကွက်လပ်ကြီးအားကိုးနဲ့ လုပ်ငန်းအဆင်ပြေနေတာပါ ၊ အခု အဲဒီပါကင်ပိုင်ရှင်ကုမ္ပဏီက အသစ်ဆောက်ဖို့ မြေတူးပြီးဆောက်လုပ်ရေးခွင်ဝင်နေလို့ ကာထားလိုက်တာ သူတို့ဆိုင် လူဝင်အတော်နည်းသွားပါတယ် ၊ ဒါပေမယ့် ကောင်တာတန်းစီစံနစ်ကနေ ရွေ့လျားအိုင်ဖက်ဝန်ဆောင်မှုစံနစ် ကြောင့် လုပ်ငန်းအင်မတန်တွင်ကျယ်သွားပါသတဲ့ ၊ လာရောက်သူဖောက်သည်ရဲ့ ပြသနာကို ရင်းရင်းနှီးနှီးဖြေရှင်းပေးခွင့်ရတယ် ၊ ခလုပ်တွေနှိပ်နေတုန်း သုံးစွဲသူမျက်စိကျအောင် ဖုန်း နဲ့ ဖုန်းဆက်စပ်ပစ္စည်း - Accessories တွေ တစ်ပါတည်းလိုက်ပြနိုင်တယ် ဝယ်အောင်စည်းရုံးနိုင်တယ် ၊ မိမိတို့ကွန်ပျူတာစစ္စတမ် ( အိုင်ဖက် ) ပေါ်မှာ ဘာလုပ်နေတယ်ဆိုတာကိုလည်း ဖောက်သည်က တွေ့နိုင်တော့ ပိုပြီးထင်သာမြင်သာရှိတယ် လို့ဆိုတယ် ၊ ဒါဆို သူတို့ စာရွက် နဲ့ စာရင်းပရင့်ထုတ်ချင်တဲ့အခါ ကောင်တာက ကွန်ပျူတာကနေထုတ်ရမှာပေါ့ လို့ သူငယ်ချင်းရဲ့အမေးကိုတော့ ဆားဗစ်ကောင်လေးက မလိုပါဘူး အိုင်ဖက်ပေါ်ကနေ Print တန်းထုတ်လို့ရပါတယ် ၊ ဒါတင်မကသေးဘူး ၊ ငွေရှင်းဖို့ ခရက်ဒစ်ကဒ်ကိုလည်း အိုင်ဖက်မှာဆွဲလို့ရအောင်လုပ်ထားတယ်လို့ ထပ်ရှင်းပြပါတယ် ၊ ဒါဆို သူတို့ရဲ့ Hardware - ဖုန်းအခွံပြင်တာမဟုတ်တဲ့ ဆော့ဝဲလ် ဝန်ဆောင်မှုဟာ အညောင်းအညာဆန့်ရင်း လက်ဖျားလေးတွေပေါ်မှာ အလုပ်ပြီးနေတာကို အားကျဖွယ်ရာတွေ့ရပါတယ် ၊ တစ်ကယ်တမ်းပြန်နာရီပြန်ကြည့်လိုက်တော့ အရင်လို အချိန်မကြာတော့ပဲ ဒီကိစ္စအတွက် ( ၁၄ ) မိနစ်အချိန်လောက်ကိုပဲ သုံးသွားတာ လက်တွေ့ပါ ။


           အခုလိုတင်ပြရေးသားရတာ ကောင်းသောရည်ရွယ်ချက်နဲ့ပါ ၊ ပြင်ပကမ္ဘာနည်းတူ ဝန်ဆောင်မှုကောင်းအောင်လိုက်လုပ်မယ်ဆို မီပါသေးတယ် ၊ အခုလက်ရှိ ရန်ကုန်မှာ မိုဘိုင်းဆက်သွယ်ရေးလိုင်စင်ရထားတဲ့ ငုတ်တုတ် ကုမ္ပဏီ နဲ့ နိုင်ငံခြားကုမ္ပဏီ အားလုံးတို့ လုပ်ငန်းတာနဲ့ တာထွက်တဲ့မြင်းတွေလို အရည်အချင်းပြိုင်ကြရမှာပါ ၊ ဒီအခါမှာ သုံးစွဲသူက ဈေးနှုန်းနဲ့ဝန်ဆောင်မှုကောင်းသူကိုသာ အားပေးပါလိမ့်မယ် ၊ လုပ်ငန်းလည်ပတ်မှုပတ်လည်စံနစ်စစ္စတမ် -Controlled Operating System Software အချောတစ်ခုရေးပြီး အကောင်းဆုံးဝန်ဆောင်မှုတွေပေးလို့ရပါတယ် ၊ အိုင်ဖက်သုံးပြီးဖြေရှင်းတော့ ဝန်ထမ်းလည်းကြွား လူလုံးလည်းခန့်တော့ ပိုပြီးစမတ်ကျနိုင်ပါသေးတယ် ၊ ဆိုင်အတွင်းမှာ အားကောင်းကောင်းအင်တာနက် နဲ့ ထိမ်းထားပြီး ကျွမ်းကျင်ဝန်ထမ်း ( ၁ဝ ) ယောက်လောက်နဲ့သာ နိုင်နိုင်နင်းနင်း ကိုင်တွယ်လိုက်လို့ကတော့ သုံးစွဲသူတွေက ဘယ်ဘာသာ ဘယ်လူမျိုးပိုင် ကုမ္ပဏီမှကြည့်နေမှာမဟုတ်ပဲ အမှန်တစ်ကယ်အားပေးကြပါလိမ့်မယ် ၊ အခုမှ ကြားက ဖြတ် “ စ ” – Jump In ဝင်လုပ်ရတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုနည်းပညာမဆို ကြိုက်သလို စလို့ရပါတယ် ထွင်ကြပါလိမ့်မယ် ၊ သိပ်မကြာခင်အချိန်မှာ အများပြည်သူများအတွက် ကောင်းပေ့ ဆိုတဲ့ ဝန်ဆောင်မှုမျိုး ကောင်းမွန်သက်သာတဲ့ အလှည့်အပြောင်း - Turnout ကို တွေ့မြင်လိုလှပါကြောင်း ဆန္ဒပြုရေးသားလိုက်ပါတယ် ။


Koko2yeye@gmail.com


" ရန်ကုန်မှာ ဒီလိုဝန်ဆောင်မှုမျိုး ဘယ်တော့ရမလဲ " စာမူကို ၂ဝ၁၄ မေလ ( ၁၇ ) ရက် စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၃၄ ) ၊ စာမျက်နှာ ( ၂၄ ) တွင်ဖော်ပြပါရှိသည် ။
Download Link:http://www.mediafire.com/download/hhyq63cpjmyps8l/Vol._3,_No._34.pdf

No comments: