ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, April 10, 2014

ရင်ဆိုင်ရန်ခွန်အားများလိုတဲ့အခါ


ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


              ဖြတ်သန်းရတဲ့နေ့ရက်တွေရှည်ကြာလာပြီး ငြီးငွေ့တဲ့အခါ ကိုယ့်ဘဝကိုကိုယ် အပြစ်တင်ဖူးပါသလား ၊ မနက်အိပ်ယာထ အလုပ်လာ နေ့လည်စာစား အလုပ်ဆင်း ညနေအိမ်ပြန် ဒီလိုနဲ့ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ တဖြုတ်ဖြုတ် နဲ့ နွေသစ်ရွက်လို ကြွေလွင့်ပျောက်ပျယ်သွားတာ သတိမထားလိုက်ဘူး မဟုတ်လား ၊ ငါဒီအလုပ်ကို ဒီလောက်အကြာကြီးလုပ်လာတာ ဘာမှလဲမထူးခြားလာဘူး ဆိုတဲ့ ညည်းတွားသံ ကို တစ်ခါက ဆရာတော်ကြီး တစ်ပါးအမိန့်ရှိဖူးတဲ့ “ ဒီအလုပ်ဟာ သင့်ဘဝထဲ မရောက်သေးလို့ပါ ” ဆိုတဲ့ ဆုံးမစကားနဲ့ နှစ်သိမ့်ပေးပါရစေ ၊ သင့်ဘဝတွင်းကို ထဲထဲဝင်ဝင် နေရာယူမယ့်အလုပ်မျိုး ရှိပါတယ် ၊ ဒါကတော့ ကိုယ်ဝါသနာပါတဲ့လမ်းကြောင်းပေါ်မှာလုပ်ရတဲ့ ပျော်ရွှင်စရာလုပ်ငန်းမျိုးပါ ၊ လူသားအားလုံးနေရာတိုင်းစိတ်တိုင်းကျဖို့မဖြစ်နိုင်ပေမယ့် ကိုယ့်စိတ်ရွှင်ရာမှာ အလုပ်ဝင်ဖို့ လေကျင့်ကွင်းကတော့ ပညာသင်တဲ့ ကျောင်းသားအရွယ်မှာကတည်းက မိမိကိုယ်ရည်ကိုယ်သွေးကို ကိုယ်တိုင်သတိထားမိပြီး နည်းနည်းဖိကြိုးစားလိုက်ရင် ရပါပြီ ။


 တခြားဝေးဝေးမကြည့်ပါနဲ့ ၊ မလုပ်မနေရ နေ့စဉ်စကားပြောခြင်း တာဝန်ကိုပဲ ဆန်းစစ်ကြည့်ရအောင် ၊ ငယ်စဉ်ကလေးသဘာဝ ရိုးသားခြင်းတွေ သင့်အလုပ်ထဲမှာ ဘယ်လောက်ထည့်သွင်းတည်ဆောက်ထားမိပါသလဲ ပြန်ကြည့်ကြည့်ပါ  ပြန်ရှာကြည့်ပါ ရှိသေးပါရဲ့လား အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်ပြောဆိုခြင်းတွေ ၊ လိုသေးလို့လား မုသားမပါလင်္ကာမချော ခေတ်ကြီးရောက်နေပြီလို့ စောဒကမတက်နဲ့ဦး ၊ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဘက်အချင်းချင်း ပွင့်လင်းရိုးသားစွာဆက်ဆံကြရင် အကြိတ်အခဲတွေ မပြေလည်မှုတွေ ကိန်းခိုဖို့ စိတ်အာရုံမှာ နေရာပိုမရှိပါဘူး ၊ နည်းနည်းလေး အမှန်မပြောမိတာ နဲ့ နားလည်မှုအကြီးကြီး လွဲသွားပါတယ် ၊ လုပ်ငန်းကြီးလေ ပိုဂရုစိုက်ရလေပါ ၊ အကွက်စိတ်စိတ်လေး အာရုံစိုက် သတိထားလိုက်ရင် ဘဝတူအချင်းချင်းဆက်ဆံရေးချောမွတ် ပြေလည်သွားနိုင်ပါတယ် ၊ ဒီနည်းနဲ့ အလုပ်ခွင်ပျော်ရွှင်ရေး နေ့သစ်ကို မနက်ဖြန်ပဲ စလိုက်ကြပါစို့ ။




စိတ်ကိုလွတ်လပ်စွာထားရဲ့လား ၊ အိမ်ကမပြေလည်မှုကို အလုပ်မှာရှင်းလို့မရသလို အလုပ်ဝန်ပိတဲ့ဖိစီးမှုကိုလဲ အိမ်သူအိမ်သားတွေ မဖြေရှင်းပေးနိုင်ပါဘူး ၊ အိပ်ရာနိုးထလူ့ဘဝ တစ်ရက် စလိုက်ပြီဆိုတာနဲ့ လူသားတန်းတူညီမျှ ( ၂၄ ) နာရီရပါတယ် ၊ အားလုံး ကိုယ့်ဒုက္ခနဲ့ကိုယ်ချည်းပါ ၊ တစ်ရက်လုံးမပျော်ဘူး / ပင်ပန်းလိုက်တာ / ဘယ်သွားရမှန်းမသိဘူး / အချိန်တွေက အကုန်မြန်လိုက်တာ ဆိုသူတွေအားလုံးဘယ်သူမှ မိနစ်အပိုမရပါဘူး ၊ ကိုယ်အသုံးချသလို အချိန်အသုံးဝင်ခြင်း မဝင်ခြင်း က ရေရှည်မှာ စကားပြောသွားပါတယ် ၊ အလုပ်များတဲ့စိတ်ကို အစိတ်စိတ်ခွဲခြားစိတ်ဖြာလိုက်ပါ ၊ အစောဆုံးကိစ္စကို ဦးစွာဖြေရှင်းပါ ၊ နောက်တစ်ခုအကြောင်း ကြိုတင်မတွေးပါနဲ့ ၊ တွေးချင်ရင် ဒီနေ့အကြောင်းကို မနေ့ကတည်းက ကြိုတွေးသင့်ပါတယ် ၊ ကျော်ဖြတ်ရမယ့်အခက်အခဲဟာ အမြဲတမ်းကြီးမားတယ်လို့ တရားသေမမှတ်ပါနဲ့ ၊ လာမယ့်ဘေး ပြေးတွေ့ဖို့လောက်အထိ ပြောစရာမလိုပေမယ့် မဖြေရှင်းရဲလို့ဖြစ်ဖြစ် ရှောင်ကွင်းနေလို့ဖြစ်ဖြစ် မသိစိတ် ဖိစီးတဲ့စိတ်က ဒီအလုပ်သာငါလုပ်ရရင်တော်တော်ခက်မှာပဲလို့ အသားလွတ်ကြောက်နေတာဖြစ်ပါတယ် ၊ ကြိုတင်အစီအစဉ်ချ ဆောင်ရွက်တတ်တဲ့ သင့်ဝိရိယ သာ အားထားစရာရှိပါတယ် ။




 ဒီအပိုင်းလေးကို ချုပ်ပြီးပြောရရင် အပ်နဖားပေါက်လေးထဲ အပ်ချည်ကြိုးထိုးသွင်းရသလို ကြည့်လိုက်ရင်တော့ အပ်ချည်ထိပ်ကလေးကအပ်ပေါက်ထက်ကြီးနေသယောင်ယောင် ကြိုးစားလိုက်တော့လဲ ရသွားတာချည်းပါပဲ ၊ တစ်ခါတစ်ခါ အပ်ကြိုး နဲ့ အပ်ချည်ဝယ်တဲ့အခါ အပိုပါလာတဲ့ “ ချည်ထိုးကူကိရိယာ “ ကို မမြင်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်မှတ်ဥာဏ်နဲ့ မှတ်မိသလောက်ဖြေရှင်းတဲ့အခါ ကိစ္စဝိစ္စတွေဟာ အဆင်ပြေပြေသိပ်မဖြစ်လာပါဘူး ၊ ဒါကြောင့် လက်လှမ်းမှီတဲ့ အချက်အလက် အကူအညီတွေရယူပြီး ရှင်းတဲ့အခါ ပိုအဆင်ချောပြီး အကျိုးရှိစေတာ သတိချပ်သင့်ပါတယ် ။


ကိုယ်ထားတဲ့စေတနာဟာ ကိုယ့်အလုပ်ခွင်ကို သာယာချော့မွေ့စေတယ်ဆိုတာ မယုံမရှိပါနဲ့ ၊ အပေါ်ယံလေးတင် လျှပ်ကြည့်ရင် လွယ်မယောင်နဲ့ခက်တဲ့အလုပ်တစ်ခုပါ ၊ နောက်ပိုင်းခေတ်စကားပုံတွေထဲက “ စေတနာသည် လူတိုင်းနှင့်မထိုက်တန် ” ဆိုတာမျိုးကို နားကြားမယောင်လိုက်ပါနဲ့ ၊ ဗုဒ္ဒဘာသာယုံကြည်သူသာမက ကမ္ဘာမှာ ဘယ်ဘာသာဝင်မဆို တူညီတဲ့အမြင်တစ်ခုရှိနေပါတယ် ၊ ဒါကတော့ ဘာလုပ်လုပ် စေတနာ မေတ္တာထားရမယ်ဆိုတာပါပဲ ၊ ကုန်ကြမ်းကို ပြုပြင်ထုတ်ပိုးပြီး ကုန်ချောအနေနဲ့ ရောင်းရင် ကုန်ကြမ်းသီးသန့်ထုတ်ရောင်းတာထက် ဈေးပိုရမြဲပါ ၊ ထပ်ပေါင်းလိုက်တဲ့ ဝန်ဆောင်မှု အားထုတ်မှုသာမက မြုပ်ကွယ်နေတဲ့အမြင်သစ်တွေရဲ့ အင်အားကြောင့် အကျိုးကောင်းရသလို စေတနာထည့်ပေါင်းလိုက်တဲ့အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်လို့ မအောင်မြင်နိုင်ပါဘူး ၊ စိတ်ချပါ ၊ ရင်းနှီးလိုက်ရသလောက်ပြန်ရတဲ့ မြှုပ်နှံမှုကတော့ သူတစ်ပါးအကျိုးရှိပါစေ သူတစ်ပါးအလုပ်မြန်မြန်ပြီးပါစေ သူတစ်ပါးအကျိုးအမြတ်ရပါစေ စတဲ့ စေတနာ ပံပိုးဝန်းရံလိုက်တဲ့အလုပ်ဖြစ်ပြီး အမွန်မြတ်ဆုံးရလဒ်ပါ ။



နောက်ထပ်ဆရာတော်ကြီးတစ်ပါးက “ လူတွေဟာ မွေးကတည်းက သေသည်အထိ ကောင်းမှုကုသိုလ်ရော မကောင်းမှု အကုသိုလ်ရော ( ၂ ) မျိုးလုံးလုပ်ကြတယ် ၊ ” လို့ တရားမြွက်ချွေပါတယ် ၊ မှန်ပါတယ် ၊ ငယ်စဉ်လူမမယ်တုန်းက မကောင်းတာကို မကောင်းမှန်းမသိလို့လုပ်မိပေမယ့် လူကြီးဖြစ်လာတဲ့အခါ မကောင်းမှုကို သိသိကြီးနဲ့ လုပ်တာကို သတိထားရပါမယ် ၊ ဥပမာ လေးဘက်ကုန်းသွားခါစ ကြမ်းပြင်ပေါ်မှာတွေ့ကရာ ပါးစပ်ထဲထည့်တာ မသိလို့လုပ်မိပေမယ့် အစိုးရလုပ်ငန်းခွင်မှာ လက်ဘက်ရည်ဖိုး တွေ့ကရာလူနားက တောင်းနေတာ လာဘ်လာဘဓါးပြတိုက်တာဟာ သိသိနဲ့ကျူးလွန်နေတဲ့ မိစ္ဆာမကောင်းမှု အကုသိုလ်ဖြစ်ပါတယ် ၊ ကိုယ်စားနေတဲ့မှုံ့ကုန်တဲ့အခါ တစ်ခြားကလေးနားက မှုံ့ကိုလုယူတတ်တဲ့အကျင့်ကို ဘယ်အသက်အရွယ်အထိလုပ်ခဲ့ပါသလဲ ၊ အကျိုးဆက်အနေနဲ့ မြေဈေးကောင်းလို့ လယ်စိုက်သူနားက မြေသိမ်းပိုက်တဲ့ လုပ်ရပ်ဟာ ဆုံးမရခက်တဲ့ ကလေးဆိုးကြီးတွေဖြစ်နေပါတော့တယ် ၊ ဒါတင်မကသေးပါ ကိုယ့်ဆီက သိပ်မကောင်းတဲ့အရုပ်ကို သူများနားကပိုကောင်းတဲ့အရုပ်နဲ့အလဲအထပ်ရိုက်တဲ့အကျင့်ကို မဖျောက်တဲ့ ကလေးကျတော့ ခေတ်သစ်ခရိုနီကြီးတွေ ဖြစ်လာကြပါတယ် ။


မိမိကြောင့်သူတစ်ပါး အနှောင့်အယှက်မဖြစ်စေနဲ့ ဆိုပြီး အလယ်တန်းမှာသင်ပေးလိုက်တဲ့ လောကနီတိဟာ လူငယ်ကျောင်းသားတွေချည်း လိုက်နာဖို့သက်သက်မဟုတ်ပါ ၊ ကျရာတာဝန်ကိုထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းပဲဖြစ်ဖြစ် ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ် မိမိအကျိုးပြုလို့ ကုမ္ပဏီတိုးတက်စေရုံမက ဒီကနေတစ်ဆင့် ကုမ္ပဏီက မိမိကိုပြန်မြှောက်စားတဲ့ နှစ်ဘက်ကောင်းတဲ့ ဥပမာကဲ့သို့ဖြစ်သင့်တာပါ ၊ ဒီလိုမဟုတ်ပဲ ကြားခုလတ်မှာ သံလျပ်ရေထင် အတုယောင်လာဘ်လာဘမှိုင်းတွေကြောင့် လိုရင်းမရောက်ပဲ လူငယ်တွေရဲ့ နိုင်ငံအကျိုးပြုစိတ်ဓါတ်တွေ ဆုံးရှူံးမှုကြီးမားခြင်းမက ဆုံးရှူံးရပါတယ် ။




လုပ်သားလူငယ်များ လုပ်ငန်းခွင်မှာမပျော်ပိုက်ခြင်း နဲ့ အလုပ်လက်မဲ့ပေါများခြင်း တို့ဟာ နိုင်ငံတစ်ခုရဲ့ လူသားအရင်းအမြစ်ပြုန်းတီးခြင်းပါ ၊ မြစ်ကမ်းပါးပြိုတာမြင်ရတယ် မြေပြိုတာ မြင်ရတယ်  လူမျိုးပြိုတာ မမြင်စွမ်းနိုင်ပါဘူး ၊ အပျော်သဘောနဲ့ အိမ်ထောင်ပြုဖို့မသင့်တော်သလို နိုင်ငံတည်ဆောက်ရာမှာလဲ ထိုနည်းနှင်နှင် တော်ရုံတန်ရုံ ဦးနှောက်နဲ့ မဖွံ့ဖြိုးနိုင်ပါဘူး ၊ အပေးအယူဆိုတာရှိတယ် ငွေကိုမဆိုလိုပါ ၊ အခွင့်အရေးကိုပြောလိုရင်းမဟုတ်ပါ ၊ ကိုယ်က မေတ္တာ ကိုပေးမှ အေးချမ်းမှုပြန်ရမယ် ၊ စေတနာကိုပေးမှ ပီတိပြန်စားရမယ် ၊ ဝေဒနာပေးရင်တော့ ဒဏ်ရာပြန်ရဖို့သာအကြောင်းရှိနေပါတယ် ၊  ကဲ  မိတ်ဆွေများ ယခုဘဲ ငယ်စဉ်ကလေးဘဝကစ ဖေဖေ မေမေ ဆရာသမားတွေပေးခဲ့တဲ့ လူ့အကျိုးပြုစည်းကမ်းတွေ အခု ကိုယ့်လက်ရှိဘဝထဲမှာ ဘယ်နှစ်ရာခိုင်နှုန်း ကျန်သေးလဲ တွက်ကြည့်ကြပါလို့သာ တိုက်တွန်းလိုက်ရပါတယ် ။


( ဝန်ခံချက် ။          ။ “ ရင်ဆိုင်ရန်အင်အားလိုသောအခါ “ နှင့် “ ရင်ဆိုင်ရန်ခွန်အားလိုသောအခါ “ ဟူ၍ ခေါင်းစဉ် ( ၂ ) ခုထဲမှ ရွေးချယ်ရန်ဝေခွဲရခက်နေသောကြောင့် အလုပ်အတူတူလုပ်သော မြန်မာလုပ်ဖော်ကိုင်ဖက် ( ၃ ) ဦးကှိုရှင်းပြကာ ရွေးချယ်ခိုင်းရန်အကြံရခဲ့ပါသည် ၊ ဒုတိယတစ်ဦးကိုမေးပြီးသောအခါ မဆိုင်းမတွ ပထမတစ်ဦးနှင့် အဖြေအတူတူပေးသောကြောင့် တတိယတစ်ဦးကိုမေးရန်မလိုတော့ပဲ ( ၂ ) ဦး ဒိုင်ပြတ်အနိုင်အဖြစ် အထက်ပါခေါင်းစဉ်ကို ပေးဖြစ်ပါသည် ။ )

koko2yeye@gmail.com       

" ရင်ဆိုင်ရန်ခွန်အားများ လိုတဲ့အခါ " စာမူသည် ၂ဝ၁၄ ဂျွန်လ ( ၂၈ ) ရက် ၊ စနေနေ့ထုတ် NetGuidE နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄ဝ ) ၊ စာမျက်နှာ ( ၂၂ ) တွင် ဖော်ပြပါရှိသည် ။ 

Download Link : http://www.mediafire.com/download/nw909em0ygplq0n/Vol._3,_No._40.pdf




No comments: