ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, September 25, 2019

သူဆက္ေမာင္းမယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
ဒီတစ္ေခါက္သား "စြမ္း" ကိုေက်ာင္းျပန္ပို႔ရတာမဟာစြန႔္စားခန္းႀကီးတခုလုပ္ရသလိုပါပဲ။ မသြားခင္ႏွစ္ညဆက္တိုက္ကြ်န္‌ေတာ္အလုပ္မ်ားတယ္။ ေနာက္က်မွအိပ္တယ္။ မနက္ေတာ့အေစာျပန္ထ အိပ္ေရးကမဝ။

မနက္ေစာ (၅) နာရီထြက္မယ္လို႔စီစဥ္ထားတာ ဟိုလုပ္ဒီလုပ္နဲ႔ ထြက္ျဖစ္ေတာ့ မနက္ (၆) နာရီ။ အိပ္ေရးမဝတဲ့ကၽြန္ေတာ့ေခါင္းထဲမွာ တစ္ဝီဝီလည္ေနတယ္။ ကၽြန္‌ေတာ္ဘာလုပ္ရမလဲ။ သတိၾကီးစြာထားျပီး ကားဆက္ေမာင္းတယ္။

ေဘးမွာထိုင္ေနတဲ႕အိမ္သူက ကားေမာင္းတိုင္း ကြ်န္ေတာ႕အေျခအေနကိုအျမဲအကဲခတ္တတ္တယ္။ အဲဒီေန႕မနက္ ကြ်န္ေတာ္ ေနသားသိပ္မက်-Fit မျဖစ္ဘူးဆိုတာသူသတိထားမိတယ္။ ဘယ္ဘက္လက္နဲ႕ညာဘက္ဇက္ေၾကာကိုႏွိပ္လိုက္၊ ညာဘက္လက္နဲ႕ဘယ္ဘက္ဇက္ေၾကာကိုႏွိပ္လိုက္ နဲ႕ ဂဏာမျငိမ္တဲ႕အျပင္ ကားက ဘယ္ဘက္လူးလိုက္ ညာဘက္လူးလိုက္နဲ႕ ကုန္အျပည္႕နဲ႕ဆုိေတာ႕ ယိမ္းႏြဲ႕ဟန္သာ အႏၱရာယ္မကင္းပါ လို႕ ဆုိရမလိုျဖစ္ေနတယ္။

ကြ်န္ေတာ္တို႕မိသားစု ကားခဏနား၊ က်န္းမာေရးကိစၥေျဖရွင္း၊ ဆီျဖည္႕ျပီးတာနဲ႕ သူစမ္းေမာင္းၾကည္႕မယ္ဆိုျပီး ဓါတ္ဆီဆိုင္ပရဝုဏ္ထဲ ခဏပတ္ေမာင္း၊ ျပီးတာနဲ႕ ဖရီးေဝးကိုတန္းတက္ေမာင္းေတာ႕တာ။
သြားဖူးသူေတြသိၾကတဲ႕အတုိင္း I-5 ဆိုတဲ႕ ဖရီးေဝးက အသြား (၂) လမ္း၊ အျပန္ (၂) လမ္း သီးသန္႕စီရွိၾကတာ။ သတ္မွတ္ထားတဲ႕မုိင္ထက္အျမန္ေမာင္းသူက ဘယ္ဘက္ကေနေက်ာ္သြားၾက တက္သြားၾက။ အိမ္သူက ညာဘက္ကေန ေအးေအးေဆးေဆးေမာင္းရင္း တည္ျငိမ္ေနခဲ႕တယ္။

ကြ်န္ေတာ္က စိတ္ခ်ရျပီဆုိတာနဲ႕ ေရွ႕ခန္းမွာတစ္ေရးခဏအိပ္လိုက္ျပီး အနားရသြားေတာ႕ လူက ျပန္လန္းလာတယ္။ မသန္းေတာ႕ဘူး အိမ္မငိုက္ေတာ႕ဘူး။ ဒါနဲ႕ အိမ္သူကုိ ကြ်န္ေတာ္တစ္လွည္႕ျပန္ေမာင္းမယ္ဆိုေတာ႕ သူက မဟုတ္ဘူး "ဆက္ေမာင္းမယ္" တဲ႕။

အိမ္သူဟာ ဖရီးေဝးလမ္းကို သူ အေမရိကားေရာက္တဲ႕ကာလတစ္ေလွ်ာက္ ဒုတိယအၾကိမ္ေမာင္းဖူးျခင္းပါ။ ပထမတစ္ၾကိမ္တုန္းက အင္မတန္ေၾကာက္ခဲ႕လို႕ ဘယ္ေတာ႕မွထပ္ေမာင္းခုိင္းလို႕မရခဲ႕တာဟာ အျမန္ (၆၅/၇ဝ) မိုင္ ေမာင္းရတဲ႕ ဒီဖရီးေဝးပါ။ ဒါေပမဲ႕ "အေရးၾကံဳေတာ႕ ေသြးေတြေပါင္းဆံုတယ္" ဆိုတာ သိပ္မွန္တယ္။

ဒီလိုနဲ႕ (၂) လမ္းသြားကေန (၄) စီးျပိဳင္ေမာင္းရတဲ႕လမ္း စေတြ႕တယ္။ သူဆက္ေမာင္းမယ္။ ခဏၾကာေတာ႕ ေကြ႕ေကြ႕ေကာက္ေကာက္တက္ဖို႕ Grapevine ေတာင္အတက္နားေရာက္ေတာ႕ ထပ္ေမးတယ္။ သူဆက္ေမာင္းမယ္။ ခဏၾကာေတာ႕ ဟုိဘက္ (၄) လမ္း၊ ဒီဘက္ (၄) လမ္း ေတာင္ပတ္လမ္းအတုိင္း ခြဲေမာင္းရတဲ႕ ပိရမစ္ေရကန္နားေရာက္ေတာ႕ ထပ္ေမးတယ္။ သူ ဆက္ေမာင္းမယ္။

ဒီလိုနဲ႕ Six Flags Magic Mountain ကစားကြင္း၊ ေနာက္ I-5 ကေန I-405 လမ္းခြဲ။ ကားပိတ္ေနတဲ႕ I-405 ကေန အိပဲ႕ အိပဲ႕ နဲ႕ ေနာက္ဆံုး "စြမ္း" ေက်ာင္းေဆာင္ေရွ႕ထိေရာက္ေအာင္ သူေမာင္းျပခဲ႕တယ္။ တကယ္တြက္ၾကည္႕ေတာ႕ ဆန္ဖရန္စစၥကိုကေန ေလာ႕အိမ္႕ဂ်လိစ္ခရီးရဲ႕ တစ္ဝက္တိတိကုိ သူေမာင္းခဲ႕တာျဖစ္ေနတယ္။

အမွန္ေတာ႕ ကားေရွ႕မွန္ကေနျမင္ရတာ ကားလမ္းမဟုတ္ေတာ႕ဘူး။ တစ္ဘက္လမ္းကလာေနတဲ႕ကားေတြမဟုတ္ေတာ႕ဘူး။ မျမင္ရတဲ႕အႏၱရာယ္ေတြမဟုတ္ေတာ႕ဘူး။ ကြ်န္ေတာ္ျမင္ေနရတာက အိမ္သူရဲ႕ "မိမိကိုယ္ကိုယ္ယံုၾကည္မႈ-Self Confidence"

ကြ်န္ေတာ္တုိ႕အားလံုး သူ႕ကုိခ်ီးက်ဴးၾကတယ္။ သား "စြမ္း" က သူ႕အေမကို Congratulate လုပ္တယ္။ အလည္လာတဲ႕ အိမ္သူရဲ႕အစ္မက ခ်ီးမြမ္းခန္းဖြင္႕တယ္။ ရင္တုန္ခဲ႕ရသမွ် ပီတိျဖစ္ၾကတယ္။ ရင္ခုန္အသည္းခုန္ျဖစ္ခဲ႕ရသမွ် စိတ္ေအးခ်မ္းသာျဖစ္ၾကရတယ္။ အရည္အခ်င္းဆိုတာ ထုတ္သံုးတုိင္း တန္ဖိုးတက္တာမဟုတ္ဘူးဆုိတာ သူျပသြားတယ္။

လူခ်င္းတူေပမဲ႕ ကမၻာခ်င္းမတူဘူး။ အေတြ႕အၾကံဳမ်ားသူေတြရဲ႕ကမၻာကၾကီးတယ္ . . အေတြ႕အၾကံဳနည္းသူေတြရဲ႕ကမၻာကေသးတယ္ ဆိုတဲ႕ႏိႈင္းယွဥ္ခ်က္သာအမွန္ဆိုရင္ ဒီခရီးရဲ႕အေတြ႕အၾကံဳတစ္ခုတည္းေပမဲ႕ ကြ်န္ေတာ္တုိ႕အတြက္ဒီကမၻာဟာအင္မတန္ၾကီးမားက်ယ္ျပန္႕ခဲ႕တယ္။

လူေတြဟာ ကိုယ္ဘယ္လိုတတ္ေၾကာင္း ကုိယ္ဘယ္လိုသိေၾကာင္း လူမႈကြန္ယက္ေပၚမွာထုတ္ႏႈတ္ျပသၾကတယ္။ လူေတြျမင္ေအာင္ ေအာင္လက္မွတ္ေတြထုတ္ျပ၊ ရိုက္ျပတုိင္း လူအထင္ၾကီးၾကေပမဲ႕ ေနရာ နဲ႕ ေဒသေပၚမူတည္ျပီး ဘယ္အရည္အခ်င္းကအသံုးဝင္တယ္ဆုိတာကသာ သက္ေသခံတယ္ဆုိတာကုိ ဒီတစ္ေခါက္ သားကုိ UCLA ေက်ာင္းျပန္ပို႕တဲ႕အေခါက္မွာ အိမ္သူဆီက သင္ယူလိုက္ရပါေၾကာင္း။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
09-25-2019

𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧:

"သူဆက်မောင်းမယ်" ဒီတစ်ခေါက်သား "စွမ်း" ကိုကျောင်းပြန်ပို့ရတာမဟာစွန့်စားခန်းကြီးတခုလုပ်ရသလိုပါပဲ။ မသွားခင်နှစ်ညဆက်တိုက်ကျွန်‌တော်အလုပ်များတယ်။ နောက်ကျမှအိပ်တယ်။ မနက်တော့အစောပြန်ထ အိပ်ရေးကမဝ။ မနက်စော (၅) နာရီထွက်မယ်လို့စီစဉ်ထားတာ ဟိုလုပ်ဒီလုပ်နဲ့ ထွက်ဖြစ်တော့ မနက် (၆) နာရီ။ အိပ်ရေးမဝတဲ့ကျွန်တော့ခေါင်းထဲမှာ တစ်ဝီဝီလည်နေတယ်။ ကျွန်‌တော်ဘာလုပ်ရမလဲ။ သတိကြီးစွာထားပြီး ကားဆက်မောင်းတယ်။ ဘေးမှာထိုင်နေတဲ့အိမ်သူက ကားမောင်းတိုင်း ကျွန်တော့အခြေအနေကိုအမြဲအကဲခတ်တတ်တယ်။ အဲဒီနေ့မနက် ကျွန်တော် နေသားသိပ်မကျ-Fit မဖြစ်ဘူးဆိုတာသူသတိထားမိတယ်။ ဘယ်ဘက်လက်နဲ့ညာဘက်ဇက်ကြောကိုနှိပ်လိုက်၊ ညာဘက်လက်နဲ့ဘယ်ဘက်ဇက်ကြောကိုနှိပ်လိုက် နဲ့ ဂဏာမငြိမ်တဲ့အပြင် ကားက ဘယ်ဘက်လူးလိုက် ညာဘက်လူးလိုက်နဲ့ ကုန်အပြည့်နဲ့ဆိုတော့ ယိမ်းနွဲ့ဟန်သာ အန္တရာယ်မကင်းပါ လို့ ဆိုရမလိုဖြစ်နေတယ်။ ကျွန်တော်တို့မိသားစု ကားခဏနား၊ ကျန်းမာရေးကိစ္စဖြေရှင်း၊ ဆီဖြည့်ပြီးတာနဲ့ သူစမ်းမောင်းကြည့်မယ်ဆိုပြီး ဓါတ်ဆီဆိုင်ပရဝုဏ်ထဲ ခဏပတ်မောင်း၊ ပြီးတာနဲ့ ဖရီးဝေးကိုတန်းတက်မောင်းတော့တာ။ သွားဖူးသူတွေသိကြတဲ့အတိုင်း I-5 ဆိုတဲ့ ဖရီးဝေးက အသွား (၂) လမ်း၊ အပြန် (၂) လမ်း သီးသန့်စီရှိကြတာ။ သတ်မှတ်ထားတဲ့မိုင်ထက်အမြန်မောင်းသူက ဘယ်ဘက်ကနေကျော်သွားကြ တက်သွားကြ။ အိမ်သူက ညာဘက်ကနေ အေးအေးဆေးဆေးမောင်းရင်း တည်ငြိမ်နေခဲ့တယ်။ ကျွန်တော်က စိတ်ချရပြီဆိုတာနဲ့ ရှေ့ခန်းမှာတစ်ရေးခဏအိပ်လိုက်ပြီး အနားရသွားတော့ လူက ပြန်လန်းလာတယ်။ မသန်းတော့ဘူး အိမ်မငိုက်တော့ဘူး။ ဒါနဲ့ အိမ်သူကို ကျွန်တော်တစ်လှည့်ပြန်မောင်းမယ်ဆိုတော့ သူက မဟုတ်ဘူး "ဆက်မောင်းမယ်" တဲ့။ အိမ်သူဟာ ဖရီးဝေးလမ်းကို သူ အမေရိကားရောက်တဲ့ကာလတစ်လျှောက် ဒုတိယအကြိမ်မောင်းဖူးခြင်းပါ။ ပထမတစ်ကြိမ်တုန်းက အင်မတန်ကြောက်ခဲ့လို့ ဘယ်တော့မှထပ်မောင်းခိုင်းလို့မရခဲ့တာဟာ အမြန် (၆၅/ရဝ) မိုင် မောင်းရတဲ့ ဒီဖရီးဝေးပါ။ ဒါပေမဲ့ "အရေးကြုံတော့ သွေးတွေပေါင်းဆုံတယ်" ဆိုတာ သိပ်မှန်တယ်။ ဒီလိုနဲ့ (၂) လမ်းသွားကနေ (၄) စီးပြိုင်မောင်းရတဲ့လမ်း စတွေ့တယ်။ သူဆက်မောင်းမယ်။ ခဏကြာတော့ ကွေ့ကွေ့ကောက်ကောက်တက်ဖို့ Grapevine တောင်အတက်နားရောက်တော့ ထပ်မေးတယ်။ သူဆက်မောင်းမယ်။ ခဏကြာတော့ ဟိုဘက် (၄) လမ်း၊ ဒီဘက် (၄) လမ်း တောင်ပတ်လမ်းအတိုင်း ခွဲမောင်းရတဲ့ ပိရမစ်ရေကန်နားရောက်တော့ ထပ်မေးတယ်။ သူ ဆက်မောင်းမယ်။ ဒီလိုနဲ့ Six Flags Magic Mountain ကစားကွင်း၊ နောက် I-5 ကနေ I-405 လမ်းခွဲ။ ကားပိတ်နေတဲ့ I-405 ကနေ အိပဲ့ အိပဲ့ နဲ့ နောက်ဆုံး "စွမ်း" ကျောင်းဆောင်ရှေ့ထိရောက်အောင် သူမောင်းပြခဲ့တယ်။ တကယ်တွက်ကြည့်တော့ ဆန်ဖရန်စစ္စကိုကနေ လော့အိမ့်ဂျလိစ်ခရီးရဲ့ တစ်ဝက်တိတိကို သူမောင်းခဲ့တာဖြစ်နေတယ်။ အမှန်တော့ ကားရှေ့မှန်ကနေမြင်ရတာ ကားလမ်းမဟုတ်တော့ဘူး။ တစ်ဘက်လမ်းကလာနေတဲ့ကားတွေမဟုတ်တော့ဘူး။ မမြင်ရတဲ့အန္တရာယ်တွေမဟုတ်တော့ဘူး။ ကျွန်တော်မြင်နေရတာက အိမ်သူရဲ့ "မိမိကိုယ်ကိုယ်ယုံကြည်မှု-Self Confidence" ကျွန်တော်တို့အားလုံး သူ့ကိုချီးကျူးကြတယ်။ သား "စွမ်း" က သူ့အမေကို Congratulate လုပ်တယ်။ အလည်လာတဲ့ အိမ်သူရဲ့အစ်မက ချီးမွမ်းခန်းဖွင့်တယ်။ ရင်တုန်ခဲ့ရသမျှ ပီတိဖြစ်ကြတယ်။ ရင်ခုန်အသည်းခုန်ဖြစ်ခဲ့ရသမျှ စိတ်အေးချမ်းသာဖြစ်ကြရတယ်။ အရည်အချင်းဆိုတာ ထုတ်သုံးတိုင်း တန်ဖိုးတက်တာမဟုတ်ဘူးဆိုတာ သူပြသွားတယ်။ လူချင်းတူပေမဲ့ ကမ္ဘာချင်းမတူဘူး။ အတွေ့အကြုံများသူတွေရဲ့ကမ္ဘာကကြီးတယ် . . အတွေ့အကြုံနည်းသူတွေရဲ့ကမ္ဘာကသေးတယ် ဆိုတဲ့နှိုင်းယှဉ်ချက်သာအမှန်ဆိုရင် ဒီခရီးရဲ့အတွေ့အကြုံတစ်ခုတည်းပေမဲ့ ကျွန်တော်တို့အတွက်ဒီကမ္ဘာဟာအင်မတန်ကြီးမားကျယ်ပြန့်ခဲ့တယ်။ လူတွေဟာ ကိုယ်ဘယ်လိုတတ်ကြောင်း ကိုယ်ဘယ်လိုသိကြောင်း လူမှုကွန်ယက်ပေါ်မှာထုတ်နှုတ်ပြသကြတယ်။ လူတွေမြင်အောင် အောင်လက်မှတ်တွေထုတ်ပြ၊ ရိုက်ပြတိုင်း လူအထင်ကြီးကြပေမဲ့ နေရာ နဲ့ ဒေသပေါ်မူတည်ပြီး ဘယ်အရည်အချင်းကအသုံးဝင်တယ်ဆိုတာကသာ သက်သေခံတယ်ဆိုတာကို ဒီတစ်ခေါက် သားကို UCLA ကျောင်းပြန်ပို့တဲ့အခေါက်မှာ အိမ်သူဆီက သင်ယူလိုက်ရပါကြောင်း။ ခင်လျက် ကိုညီညီ (တောင်ကြီး) 09-25-2019

No comments: