ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, October 7, 2013

ကားလမ်းပိတ်တဲ့ဒုက္ခကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးတဲ့ City FM




             မြို့တော်ဟောင်းရန်ကုန်မှာ ကားအစီးရေများလာတဲ့ကိစ္စ ကိုသာ အပြစ်ဖို့နေသလို အရင်ကတည်းက စည်းကမ်းမရှိခဲ့ကြတဲ့ ယျာဉ်မောင်းတွေကို ပညာပေးမှုနည်းပါးတာကိုလဲ သတိထားမိပါတယ် ၊ နေ့စားပလက်ဖောင်းဈေးသည်တွေရဲ့ တနေ့စာဝမ်းရေး မလွယ်တာကလဲ အဓိကအကြောင်းတစ်ခုပါ ၊ တရုတ်တန်းပတ်လည်မှာလူဦးရေထူထပ်စွာနေထိုင်ကြတာမို့လို့ လမ်းလျှောက်ရတာတောင် ဟိုမလွတ် ဒီတိုက်နဲ့ အောက်က မညီင်္ညာတဲ့ ပလက်ဖောင်းကို ဦးတိုက်ပြီး အရိုအသေပြု လျှောက်လှမ်းရပါသေးတယ် ၊ ၁၇ လမ်း လောက်ကနေ ဆူးလေဘုရားကို ဘတ်စ်ကားစီးသွားတာထက်စာရင် ကျန်းမာရေးလဲကောင်းမယ် ပတ်ဝန်းကျင်ကိုလဲငေးလို့ရမယ် လက်ကိုမြှောက် ချွေးတစိုစိုလက်တန်းမှာခိုပြီး လောင်ပိတ်နေရမယ့်ဒုက္ခကလဲသက်သာမယ့် လမ်းလျှောက်သွားတာကမှ ပိုပြီးအလုပ်ဖြစ်ပါအုံးမယ် ၊ အိမ်ကထွက်ကတည်းက ဒီနေ့ အခေါက်ရေပြည့်ပါ့မလား  ဆီဖိုးကိုက်ပါ့မလား အုံနာခရောကျေပါ့မလား လို့ တွေးနေရတဲ့ ဘစ်စ်ကား နဲ့ တက္ကစီသမားတွေကလဲ အတွေးကိုယ်စီနဲ့ပါ ၊ အစိုးရယန္တရားကြီး ဒီရန်ကုန်ကနေ တစ်စိတ်တစ်ပိုင်းပြောင်းရွှေ့သွားတာ ကျေးဇုးတင်ရမယ့်အထဲမှာ တစ်ခုအပါအဝင်ပါ ၊ ဘာဘဲပြောပြော အနားမရတဲ့ ဒဏ်ရာဟောင်း ဒဏ်ချက်သစ်များနဲ့ ညည်းညူနေရတဲ့ဒဂုံမြို့တော် အားလုံးရဲ့ရန်ကုန်ပါ ။

        
                City FM ရေဒီယိုဌာနများဟာမြို့တော် နဲ့ မြို့ဆင်ခြေဖုံးရပ်ကွက်တွေရဲ့ လမ်းပိတ်ဆို့မှုကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးလို့ဆိုရင် စာဖတ်သူ ခရီးသွားပြည်သူများ ယုံနိုင်ပါ့မလား ၊ ဟုတ်ပါတယ် လေလှိုင်း က လာတဲ့ အသံဟာ ဘယ်ကားလမ်းကိုမှစောင့်စရာမလိုသလို ဘယ်လိုဝန်ဆောင်ခမှလဲမကုန်ကျပါဘူး ၊ ပြည်သူတွေက ဝိုင်းကြော်ငြာလို့ရတဲ့ကြော်ငြာခကနေ ပြည်သူများသွားလာရေးအဆင်ပြေဖို့ နဲ့ ဖျော်ဖြေရေး ဟာ FM ရေဒီယို တို့ ရဲ့ အဓိက တာဝန်ပါ ၊ ဒီနေရာမှာ အလျဉ်းသင့်လို့ အမေရိကား ဆန်ဖရန်စစ္စကိုဒေသအနီး က City FM တွေအကြောင်း အနည်းငယ်ပြောပြလိုပါတယ် ။

        
                မြို့တော်တွေရဲ့ City FM တွေဟာ သတင်း ၊ သီချင်း ၊ ဗဟုသုတ ၊ ဆောင်းပါး ၊ နိုင်ငံရေး ၊ ပွဲများ-EVENT ၊ ယျာဉ်စည်းကမ်းဖောက်ဖျက်မှု နဲ့ ကားလမ်းကြောင်းစီးဆင်းမှု-TRAFFIC FLOW တွေနဲ့ နားဆင်ချင်စဖွယ်စုံလင်လှပါတယ် ၊ အသေးစိတ်ပြောရရင် သတင်းလိုင်း ၊ သီချင်းလိုင်း ၊ ဘာသာရေးလိုင်း ဆိုပြီး FM ကို သုံးမျိုးမက ခွဲလို့ရပါတယ် ။

သတင်း နဲ့ နိုင်ငံရေး
လက်တလောကျင်းပနေတဲ့ အစည်းအဝေးတွေကထွက်ပေါ်လာတဲ့ ရလဒ်ထုတ်ပြန်ချက်တွေကို အချိန်နဲ့အညီ ထုတ်လွှင့်ပါတယ် ၊ ဒေသအလိုက် ဒုစရိုက်မှု ၊ အစိုးရရဲ့ထူးခြားပြောင်းလဲမှု ၊ တရားရုံးစီရင်ချက်တွေကို ထုတ်ပြန်ပါတယ် ၊ တစ်နိုင်ငံလုံးရဲ့သတင်းများထက် ဒေသဆိုင်ရာသတင်းကိုဦးစားပေးအသေးစိတ်ကြေငြာပေးပါတယ် ။

သီချင်း
သီချင်းလိုင်း FM တွေများလွန်းလို့ ကိုယ်ကြိုက်တဲ့စတေရှင်အလိုက်နားထောင်ရမှာပါ ၊ ခေတ်ဟောင်းသီချင်းလိုင်း ၊ စတီရီယိုလိုင်း ၊ ရော့ခ်လိုင်း ၊ R&B လိုင်း အပြင် ဟစ်ဟော့အထိ အမျိုးမျိုးလွှင့်ကြတယ် ၊ သီချင်းအစုံရောလွှင့်တဲ့လိုင်းရယ်လို့မရှိပါဘူး ၊ နာမယ်ကြီးတဲ့လိုင်းမျိုးဆို မိနစ် ၆ဝ မှာ သီချင်း က ၁၁ ပုဒ် လောက်ဘဲပါပြီးတော့ ကျန်တာကြော်ငြာတွေချည်းဘဲမို့လို့ မဟာရန်ကုန် FM တွေနဲ့အတူတူပါဘဲ ။

ဗဟုသုတ
နောက်ဆုံးပေါ်ရှာဖွေတွေ့ရှိချက်တွေ  ကျန်းမာရေးဆောင်ရန်ရှောင်ရန်တွေ ကားမောင်းရင်းသတိထားသင့်တာတွေကို မထပ်အောင်ဖတ်ကြားပေးတဲ့ ပျင်းစရာမကောင်းတဲ့ အစီအစဉ်ပါ ။

ဆောင်းပါး
ဆောင်းပါး ပါတာ နဲပါတယ် ၊ သတင်းလိုင်းမှာတောင် ၂ နာရီလောက်မှတစ်ခါ ဆောင်းပါးတစ်ပုဒ်လောက်လွှင့်ပါတယ် ၊ သီချင်းလိုင်းမှာ အနုပညာရှုင် နဲ့ နာမည်ကြီးသူ-CELEBRITY တွေနဲ့ အင်တာဗျူး သွားလာလှုပ်ရှားမှုတွေလောက်ဘဲပါပါတယ် ။

ပွဲလမ်းသဘင်များ
ဒီအပိုင်းကကြော်ငြာနဲ့နွယ်သွားပါပြီ ၊ ဘယ်နေရာမှာ ဘာပွဲလုပ်မယ် လက်မှတ်ခကဘယ်လောက် အွန်လိုင်းကကြိုဝယ်ရင်သက်သာမယ် အခုဖုန်းဆက်ဝယ်ရင်ဘာလက်ဆောင်ပေးမယ် ကံစမ်းမဲဖောက်ပေးမယ် ဒါလောက်ပါဘဲ ။

လမ်းစည်းကမ်းဖောက်ဖျက်မှု နဲ့ ကားလမ်းကြောင်းစီးဆင်းမှု
နားညည်းလို့သီချင်းနားမထောင်ချင်ရင်တောင် ကားပေါ်တက်လိုက်ရင် အရင်ဆုံးစောင့်နားထောင်ကြတာ TRAFFIC အစီအစဉ်ပါ ၊ ဓါတ်ဆီ-ဒီဇယ်ဈေးသက်သာတဲ့ဆိုင်ကိုမနက်စောစောမှာကြေငြာပေးပါတယ် ၊ ဘယ်လမ်းမှာ ကားမတော်တဆမှုဖြစ်တယ် ဆိုတာ က အစ ကားလမ်းဘာကြောင့်နှေးနေတယ်ဆိုတာကို ဆက်တိုက်လွှင့်ပေးနေတာပါ ၊ အဓိက ဖရီးဝေးမှာပိတ်နေရင် ဘယ်လမ်းက သွားသင့်တယ်လို့လဲပြောပြပါတယ် ၊ အသေးစိတ်အားဖြင့် ၁ဝ မိနစ်နဲ့ရောက်မဲ့ခရီးက လမ်းပိတ်နေလို့ ၁၄ မိနစ်ကြာမယ် စသည်အားဖြင့် ခန့်မှန်းပေးပါတယ် ၊ ထင်သာမြင်သာဖြစ်စွာ အရေးပေါ် နဲ့ ထိခိုက်မှုကယ်ဆယ်ရေးအဖွဲ့-EMERGENCY TEAM တွေ က ကားအက်စိဒင့်ကိုလမ်းရှင်းပေးနေတာ အချိန်ဘယ်လောက်ကြာရင်ပုံမှန်အခြေအနေပြန်ရောက်မယ်ဆိုတာ က အစ ထုတ်လွှင့်ပါတယ် ၊ ‘ လမ်းပြင်နေတယ် ‘ ဘယ်လမ်းကိုတော့ဖြင့် ဘယ်အချိန်မှာ မသွားပါနဲ့လို့လဲ အကြံပေးပါသေးတယ် ၊ ကားမောင်းရင်း မက်ဆေ့မပို့ဖို့အရမ်းဖိအားပေးပါတယ် ၊ အမူးသမားကားမောင်းသူတွေ့ရင် ကားနံပတ်နဲ့တကွတိုင်ဖို့ ဖုန်းနံပါတ်တွေကို အမြဲလိုလိုကြေငြာပါတယ် ၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံကရိုးရိုးနဲ့ရှင်းရှင်းလေးပါ ၊ လမ်းသတင်းထောက်တွေကို အဓိကကားပိတ်တတ်တဲ့နေရာတွေမှာအချိန်ပြည့်ထားပြီးတော့ဌာနချုပ်ကိုသတင်းပြန်ပို့စေတာပါ ၊ တစ်ခါတစ်ခါ ကိုယ့်သတင်းထောက်ကို အခုသူရှိနေတဲ့ကားလမ်းအခြေအနေသိရအောင် တိုက်ရိုက်-LIVE အင်တာဗျူးလိုက်ပါသေးတယ် ၊ ဒီလိုမျိုးကားလမ်းခရီးထုတ်လွှင့်မှု နဲ့ ရာသီဥတုခန်းမှန်းချက်တွေဟာ FM ရေဒီယိုဌာနအားလုံးမှာပါဝင်ပြီးတော့ ၁ဝ မိနစ် ၁ခါ လွှင့်ပါတယ် ။

              ပြည်သူရဲ့လိုအပ်ချက်ကိုဖြေရှင်းပေးသင့်တာ ပြည်သူတင်မြှောက်တဲ့ကိုယ်စားလှယ်တွေပါ ၊ ပြည်သူတွေရဲ့အခက်အခဲတွေကို မီဒီယာပုံနှိပ်အဖွဲ့တွေတာဝန်ကျေကျေတင်ပြပေးနေပါတယ် ၊ ပြည်သူတွေရဲ့ကြော်ငြာစားပြီး ကြွယ်ဝချမ်းသာနေတဲ့ City FM လုပ်ငန်းရှင်တွေ အသံနဲ့ဘာတွေအကျိုးပြုပြီးပါပြီလဲ ၊ ကားလမ်းသတင်းထောက်တွေကို အဓိကလမ်းပိတ်တတ်တဲ့နေရာတွေမှာထားပြီးတော့ အချိန်နဲ့အညီလွှင့်ပေးသင့်လှပါတယ် ၊ အချိန်သိပ်ယူစရာမလိုပါဘူး ၊ အကြာကြီးလေ့ကျင့်ပေးစရာမလိုပါဘူး ၊ FM အသံလိုင်းဖြစ်လို့ အင်အားချိနဲ့နေတဲ့ မြို့တော်ရဲတပ်ဖွဲ့ နဲ့ ယျာဉ်ထိန်းရုံး တို့ ကို လမ်းသတင်းအချက်အလက်များအမြန်ပေးနိုင်ပါလိမ့်မယ် ၊ လမ်းလျှောက်စကားပြောစက်မလိုဘဲ အချိန်းအချက်လုပ်နိုင်ပါလိမ့်မယ် ၊ ယျာဉ်မတော်တဆမှုတွေလျော့ပါးအောင်ကူညီနိုင်ပါလိမ့်မယ် ၊ အရေးပေါ်ကင်းအဖွဲ့ဖုန်းနံပါတ်တွေကို အခါမလပ်ကြေငြာပေးခြင်းအားဖြင့် စည်းပျက်ကမ်းပျက်ယျာဉ်ကြောဖောက်သူတွေကိုအချိန်ပိုင်းအတွင်းအရေးယူနိုင်ပါလိမ့်မယ် ။

        
                အချုပ်အားဖြင့် လုပ်ပိုင်ခွင့်ရ City FM တွေကိုအရေးပေါ်အကြံပေးချင်တာက လုပ်ငန်းရှင်တွေဆီက ကြော်ငြာခယူပါ ၊ ကောင်းကောင်းကြော်ငြာပေးပါ ၊ ပြည်သူတွေကိုဖျော်ဖြေပါ ၊ ကျန်းမာရေးအသိ ဗဟုသုတပေးပါ ၊ ကားလမ်းပိတ်သတင်းတွေကိုအချိန်နဲ့အမျှသတင်းလွှင့်ပြီး ခရီးသွားပြည်သူ ၊ နေ့စဉ်အလုပ်တက်ပြည်သူတွေကို စေတနာရှေ့ထားပြီး  ပြန်အလုပ်အကျွေးပြုပါလို့ ။


ကိုညီညီ - တောင်ကြီး

No comments: