ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, November 4, 2020

စာအုပ်ချစ်သူများနေ့ ၂ဝ၂ဝ ကိုကြိုဆိုရအောင်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကြည့်နေတဲ့ဖုန်းမျက်နှာပြင်ကိုပိတ်၊ သုံးလက်စ Facebook App ကိုပိတ်၊ နားထောင်နေတဲ့သီချင်းလေးကိုရပ် စာအုပ်စင်ကစာအုပ်တစ်အုပ်ကိုလက်ကဆွဲပြီး အသံတိတ် စိတ်ထဲကဖတ်လို့ဖြစ်ဖြစ်၊ နားထောင်သူရှိလို့အသံထွက်ဖတ်လို့ဖြစ်ဖြစ်၊ အသံစာအုပ်အတွက်အသံသွင်းဖို့ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကစာအုပ်ရေးသူတွေကိုဂုဏ်ပြုဖို့နေ့တစ်နေ့ဟာ ချစ်မိတ်တွေတို့ရဲံ့ရှေ့ကိုရောက်ရှိလာပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂ဝ၂ဝ ခုနှစ်အတွက်စာအုပ်ချစ်သူများနေ့ဖြစ်ပါတယ်။

စာအုပ်ချစ်သူများနေ့ဘယ်လိုပေါ်ထွက်လာခဲ့သလဲဆိုတာ နဲ့ ဆင်တူရက်စွဲတွေရှိသလားဆိုတာ အင်တာနက်မှာအငြင်းပွားစရာဖြစ်နေတာ နှစ်တွေအများကြီးကြာမြင့်ခဲ့ပြီးပါပြီ။ လူသိများတာက ဩဂုတ်လ ၉ ရက်နေ့လို့သိရပြီး ကျွန်တော့ရဲ့စိတ်အာရုံကိုဖမ်းစားခဲ့တဲ့ Costco Connection ရဲ့ နိုဝင်ဘာလထုတ်မဂ္ဂဇင်းမှာ နိုဝင်ဘာလရဲ့ပထမသီတင်းပတ် စနေနေ့မှာကျရောက်တဲ့ 7th Nov, 2020 မှာ စာအုပ်ချစ်သူများနေ့ကိုဆင်နွှဲဖို့ဆော်ဩထားပါတယ်။

စာအုပ်စာပေဟာ စာဖတ်သူရဲ့စိတ်ကိုဆွပေးတဲ့အဖြူထည်ဆွဲဆောင်မှုဖြစ်တယ်။ စာဖတ်ခြင်းဟာလူကို အချိန်အတားအဆီး၊ နေရာဒေသအပိုင်းအခြား နဲ့ ယဉ်ကျေးမှုအရံအတားတွေကိုကျော်ဖြတ်ပေးတယ်။ စာဖတ်ခြင်းဟာလူကို စည်းကမ်းလိုက်နာစေသလို တွေးခေါ်မှုအမြင့်အမားဆုံးကိုပို့ဆောင်ပေးတယ်။ စာဖတ်ခြင်းဟာလူကို အမှားထံကသင်ယူခြင်း နဲ့ မျှော်လင့်ချက်မနက်ဖြန်အတွက်မနက်ခင်းမှာနေထွက်ပေးတယ်ဆိုတာ စာဖတ်သူတွေသိပြီးသားဖြစ်လို့အကျယ်တဝင့်မရေးပြတော့ပါဘူး။


အမေရိကန်လူထုဟာစာဖတ်နှုန်းလျော့ကျလာပေမဲ့ eBooks ဖတ်သူ ၄၄%၊ စာအုပ်ကိုလက်ထဲကိုင်ဖတ်သူ ၃၅% နဲ့ Audiobooks ဖွင့်ပြီးအသံနဲ့ဖတ်သူ ၂၁% ရှိတယ်လို့ Costco Connection ကရေးထားပါတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဖြစ်လို့ စာမျိုးစုံကိုပုံစံမျိုးစုံနဲ့ဖတ်နေကြတယ်။ ဘယ်လူမျိုး ဘယ်ဘာသာ ဘာအသားအရေ မခွဲခြားဘဲစာအုပ်တစ်အုပ်အုပ်ကိုဖတ်နေကြတာက သိပ်ချစ်ဖို့ကောင်းတဲ့အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။

ဒီဘက် ကပ်ရောဂါခေတ်ကြပ်ကြပ်ကြီးထဲမှာအိမ်မှာနေတဲ့အချိန်ပိုများလာတာနဲ့အညီ စာဖတ်သူပိုများလာသလို ရုပ်ရှင်ကြည့်သူတွေလည်းပိုမိုတိုးပွားလာကြတယ်။ အင်တာနက်ဖေ့စ်ဘွတ်ခ်ပေါ်မှာအခမဲ့ဖတ်လို့ရတဲ့ဝတ္ထုအသစ်တွေဖတ်လာရသလို ထွက်ပြီးသားစာအုပ်တွေကိုအပိုင်းလိုက်ရော တစ်အုပ်လုံးပါအသံထွက်ဝတ္ထုဖတ်ပြကြတဲ့အသံစေတနာရှင်တွေတိုးပွားလာတာက ၂ဝ၂ဝ ခုနှစ်က စာပေရပ်ဝန်းအတွက်လက်ဆောင်ရလိုက်တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာထူးခြားတဲ့ ဦးနှောက်ကိုအစာကျွေးတဲ့ထူးခြားတဲ့အကြောင်းတွေကို Mashable ၊ Yahoo news နဲ့ Hello Giggles အင်တာနက်စာမျက်နှာတွေကအမှတ်ရစရာ “စာအုပ်ချစ်သူများနေ့ ၂ဝ၂ဝ” အတွက်စုစည်းပေးထားတာကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။

-|||- ကမ္ဘာပေါ်မှာစာအုပ်ပေါင်း (စာအုပ်အရေအတွက်မဟုတ်ပါ) ၁၃၅ သန်း ထုတ်ဝေပြီးဖြစ်ပါတယ်

-|||- လီယိုနာဒိုဒဗင်ချီ ရဲ့ Codex Leicester ကို ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဘီလ်ဂိတ်က ၁၉၉၄ ခုနှစ်မှာ ဒေါ်လာ ၃ဝ.၈ သန်းနဲ့ဝယ်ခဲ့တာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်ဖြစ်ပါတယ်

-|||- သက္ကရာဇ် ၂ဝဝဝ မှာ စတီဗင်ကင်းရဲ့ Riding the Bullet က အမြောက်အများထုတ်ဝေဖြန့်ချိနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး eBook ဖြစ်ပါတယ်

-|||- သုတေသီတွေရဲ့လေ့လာတွေ့ရှိချက်တစ်ခုမှာ နေ့တိုင်း ၆ မိနစ်လောက်မပြတ်တမ်းစာဖတ်တာကြောင့် စိတ်ဖိစီးမှုကို ၆၈%အထိလျှော့ချပေးနိုင်ပါ်တယ်

-|||- နောက်ဆုံးပိတ်မှာစိတ်အဝင်စားရဆုံးက အဖတ်အများဆုံးစာအုပ် ၃ အုပ်အကြောင်းပါ
၁. သမ္မာကျမ်းစာ
၂, မော်စီတုံး၏အဆိုအမိန့်များ
၃. ဟယ်ရီပေါ်တာအခန်းဆက် တို့ဖြစ်တဲ့အကြောင်းတင်ပြရင်း ဩဂုတ်လ ၉ ရက်ဖြစ်ဖြစ် နိုဝင်ဘာလ ၇ ရက်ဖြစ်ဖြစ် စာအုပ်ချစ်သူများနေ့ကိုကျွန်တော်နဲ့အတူစာအုပ်ဖတ်ရင်းကြိုဆိုလိုက်ရအောင်လားခင်ဗျား။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
11-04-2020

No comments: