ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, March 1, 2014

ကျွန်တော်ဖုန်းဆက်၍ပြန်ရခဲ့သောငွေများ




---- အထင်ကရကုမ္ပဏီကြီးတွေကရောင်းတဲ့ပစ္စည်းတွေမှာ အာမခံ-Warranty ပါရှိကြတယ် ၊ အီလက်ထရောနစ်ပစ္စည်းများမှာတော့ ပျမ်းမျှအာမခံ ( ၁ ) နှစ်ပေးပါတယ် ၊ ကန့်သတ်ချက်တွေတော့ရှိတာပေါ့ အများအားဖြင့် စက်နဲ့လျှပ်စစ်ပစ္စည်းရဲ့လုပ်ဆောင်ချက်တစ်ခုခုပျက်ယွင်းခဲ့တယ်ဆိုရင် ပစ္စည်းရောင်းတဲ့ကုမ္ပဏီ-Vendor ရဲ့ဝန်ဆောင်မှုဋ္ဌာန-Customer Service ကိုဖုန်းနဲ့ဖြစ်စေ အီးမေးလ်နဲ့ဖြစ်စေ ပြန်လည်တင်ပြတောင်းဆို-Claim ခွင့်ရှိပါတယ် ၊ ဘယ်လောက်ရောင်းကောင်းတဲ့ပစ္စည်းဖြစ်ပါစေ စားသုံးသူဝန်ဆောင်မှုမပေးရင် ရေရှည်မရပ်တည်နိုင်ပါဘူး ၊ အမေရိကန်မှာ စားသုံးသူဝေဖန်သုံးသပ်မှု-Consumer Feedback ဟာ ကုမ္ပဏီတစ်ခုရပ်တည်နိုင်ဖို့အဓိကကျောရိုးတစ်ခုလို့ဆိုရင်မမှားပါဘူး ၊ မြန်မာနိုင်ငံမှာ စီးပွားရေးပွင့်လင်းမြင်သာမှုတံခါးအဟကိုအမိအရဝင်ရောက်လာနေကြတဲ့ကုမ္ပဏီတွေ အာမခံ ဝရန်တီ ကို အသည်းအသန်ပြိုင်ဆိုင်ရပါလိမ့်မယ် ၊ စီးပွားရေးလက်ဝါးကြီးအုပ်စံနစ်အောက်မှာ ဝပ်တွားခဲ့ရတဲ့ မြန်မာပြည်သူများ ယခုလိုအလှည့်အပြောင်းခေတ်မှာ ဘာဝယ်ဝယ် အနည်းဆုံးတစ်နှစ်အတွင်းတော့ အသစ်အတိုင်းသုံးရဖို့အလားအလာကောင်းနေပါတယ် ။


--- ကျွန်တော်ဟာလွန်ခဲ့တဲ့ ( ၅ ) နှစ်ကတည်းက မြန်မာနိုင်ငံကယာယီထွက်ခွာလာခဲ့တာ လက်ရှိရန်ကုန်မှာ ဘာပစ္စည်း ဘယ်လိုအာမခံရတယ်ဆိုတာ အဆက်အစပ်လွတ်နေပါပြီလို့ ဝန်ခံလိုပါတယ် ၊ ဒါပေမယ့် အမေရိကားမှာရုန်းကန်ခဲ့ရတဲ့နှစ်ပိုင်းတွေမှာ လေ့လာသင်ယူစရာတွေအများကြီးပါ ၊ အဲဒီထဲကမှ နည်းပညာ နဲ့ ဈေးကွက်ချဲ့ထွင်ရေး-Marketing တို့နဲ့သက်ဆိုင်တဲ့ ဝရန်တီပြန်ရခဲ့တဲ့ ငွေ ၊ ပစ္စည်းများအကြောင်းကို ခွဲခြမ်းစိတ်ဖြာတင်ပြပါမယ် ။





---- ဆိုနီဇွန်းပလေယာပျက်သွားခြင်း

          ပန်းသီးချစ်သူများအသဲစွဲဖြစ်ခဲ့တဲ့ iPod ပလောယာ ဟာ သိတဲ့အတိုင်း iTune နဲ့ သူ့ Eco System အတွင်းမှာပဲ သီချင်းသွင်း ဖိုင်အရွှေ့အပြောင်းလုပ်ခွင့်ရှိတာ သုံးစွဲဖူးသူများအသိဖြစ်ပါတယ် ၊ ငွေလည်းသက်သာမယ် လက်တော့ထဲမှာသီးချင်တွေဒါရိုက်သွင်းနိုင်မယ့် Mp3 ဖွင့်စက် ကို အွန်လိုင်းမှာလိုက်ရှာတော့ Apple ရဲ့ iPod ကိုမယှဉ်နိုင်ပဲဇာတ်သိမ်းရတော့မယ့် ဆိုနီရဲ့ Zune Player 4 Gb Storage ကိုဈေးလျှော့ချိန်မှာ ( ၄၉ ) ဒေါ်လာနဲ့ဝယ်လိုက်ပါတယ် ၊ မကြာပါဘူး သူတို့ပြောထားတဲ့ Standby Time ( ၇ ) နာရီမခံဘဲ ( ၂ ) နာရီခွဲလောက်ဘဲခံတာတွေ့ရတော့ ဆိုနီဝက်ဘ်ဆိုဒ်မှာဖုန်းနံပါတ်ရှာပြီး Claim လိုက်ပါတယ် ၊ ကုမ္ပဏီက ပြန်ထည့်ပေးဖို့လိပ်စာပါတဲ့ ကဒ်ပုံးလေးတစ်လုံးအိမ်ကိုပို့လာတယ် ၊ ထည့်ပြီးပြန်ပို့လိုက်တာ ( ၂ ) ပတ်ကြာတော့ ပြင်ပြီးသား Mp3 ပလေယာပြန်ရောက်လာတယ် ၊ နောက်တစ်ပတ်မှာ ဖုန်းဆက်လာပြီး ပြန်သုံးစွဲလို့ကောင်းရဲ့လား ကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာ ပြန်စစ်ဆေးပေးပါတယ် ။





---- Hp လက်တော့မှာ Norton Anti Virus မပါလာခြင်း

          တစ်ခါမှာတော့ အသစ်ဝယ်လိုက်တဲ့ Hp Envy 14-3010NR Spectre Ultrabook  ရဲ့ Description အရ ပါရမယ့် Norton Anti Virus ( ၂ ) နှစ်စာပါမလာပါ ၊ Amazon ကိုဖုန်းဆက်တော့ သူတို့မေးသင့်တာမေးပြီး နောက် ( ၂ ) ရက်မှာ တစ်ပုံစံတည်းအသစ်တစ်လုံးပို့လာပါတယ် ၊ လာပို့တဲ့ ကား-Carrier က လိပ်စာပါတဲ့ ဂျပ်ပုံးအလွတ်တစ်ခုထားခဲ့ပြီး ပျက်တဲ့အလုံးကို နောက်တစ်ရက်ပြန်လာယူမယ်လို့ပြောပါတယ် ၊ အသစ်ကိုဖွင့်လိုက်တဲ့အခါမှာလည်း ထိုနည်း၎င်းဘဲဖြစ်နေတော့ Amazon က Hp ကိုလွှဲပေးပါတယ် ၊ ဖုန်းထဲမှာ Hp က Norton ကိုထပ်ချိတ်ပေးပါတယ် ၊ ( ၂ ) နာရီလောက်အကြာမှာ Norton က ဖုန်းထဲကနေ ကုဒ်နံပါတ်ပေးပြီးဖြေရှင်းပေးတော့မှ ကိစ္စပြီးပြတ်သွားပါတော့တယ် ၊ တစ်ခုထူးခြားတာက ပစ္စည်းထုတ်လုပ်တာ တရုတ်ပြည်က ၊ ရောင်းတာ အမေရိကားမှာ ၊ ဖြေရှင်းပေးတဲ့ Norton က အိန္ဒိယက ဖုန်းပြန်ဆက်တာပါ ။


---- မိုက်ခရိုဆော့မောက်စ် ( ၃ ) နှစ် ဝရန်တီ
          တစ်နှစ်သော အောက်တိုဘာလ ဈေးလျှော့တဲ့ကာလတုန်းက Microsoft Wireless Mouse ( ၄ ) လုံးဝယ်လိုက်ပြီးကတည်းက အခုအချိန်ထိထပ်ဝယ်စရာမလိုတော့ပါဘူး ၊ အခုလိုပြောလို့ မောက်စ်တွေကမပျက်တာမဟုတ်ပါ ၊ ဝယ်ပြီး ( ၂ ) နှစ်ကြာတဲ့အခါမှာ ( ၂ ) လုံးပျက်ပါတယ် ၊ မောက်စ် ရဲ့ Cursor က လိုတဲ့နေရာကိုမပြတော့ဘဲနဲ့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာပါ ၊ နောက်တစ်လုံးက လက်တော့ USB မှာတပ်ရတဲ့ Receiver က ထိလိုက်ရင် နဲ့နေပြီး အလုပ်ကောင်းကောင်းမလုပ်တော့ပါဘူး ၊ ဖုန်းဆက်တော့ မိုက်ခရိုဆော့ က ဂဏန်း ( ၁ဝ ) လုံးပါတဲ့ ပစ္စည်းနံပါတ်-P/N နံပါတ်ကိုတောင်းပါတယ် ၊ ဝယ်ခဲ့တုန်းက ဗောက်ချာအထောက်အထားတောင်းပြီး သူတို့ရုံးကို ဖက်စ်နဲ့ပို့ပြီး နောက်တစ်ပတ်မှာ အသစ်ပို့လာပါတယ် ၊ အဲ - အသစ်ရောက်လာတဲ့ မောက်စ် ( ၂ ) လုံးက နောက် ( ၂ ) နှစ် ကြာတော့ဒီလိုဘဲထပ်ပျက်တော့ထပ် Claim ပါတယ် ၊ ( ၄ ) နှစ်ရှိပြီ ထပ်ဝယ်စရာမလိုတော့အောင် စားသုံးသူဝန်ဆောင်မှုက ကောင်းလှပါတယ် ။





---- Sony Vaio လက်တော့စပီကာအသံမထွက်ခြင်း

          တူလေးတစ်ယောက်ရဲ့လက်တော့က စပီကာကအသံမထွက်တော့တဲ့ပြသနာကို ဒီနိုင်ငံကအစ်ကိုတစ်ယောက်က ဆိုနီ ကို ဖုန်းဆက်ပြီးပြောပြပါတယ် ၊ ဟိုဘက်က ကျွမ်းကျင်သူ Technician က ဖုန်းထဲကနေ ပြင်နိုင်လိုပြင်နိုင်ငြား Control Panel ထဲဝင်ခိုင်းပြီးပြင် ၊ သူခိုင်းသလို ရောဂါရှာဖွေရေး-Diagnosis လုပ်ခိုင်းသော်လည်း အဆင်မပြေတဲ့အတွက် ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်လွှတ်လိုက်မယ်ဆိုပြီး ရက်ချိန်း-Appointment ယူပါတယ် ၊ ချိန်းတဲ့ရက် ၊ နာရီအတိအကျ အစ်ကို့အိမ်ကိုရောက်လာပြီး လက်တော့ကိုအောက်ဖက်ကနေဖြုတ်ကြည့်ပါတယ် ၊ နောက်ဆုံးတော့ ဟာ့ဒစ်ထဲမှာအပြစ်ဖြစ်နေတာကိုတွေ့ရှိပြီး စပီကာ ရော ဟာ့ဒစ် ရော ( ၂ ) ခုလုံးလဲပေးသွားတယ် ၊ ( ၄၅ ) မိနစ်အတွင်းမှာ သူ့လုပ်ဆောင်ချက်တွေပြီးသွားပါတယ် ၊ သူ့ကိုစပ်စုပြီးမေးကြည့်တာ ဒီနေ့သူလုပ်ပေးရတဲ့ ပစ္စည်းဖိုးနဲ့ဝန်ဆောင်မှုဟာ သာမန် ( ၁ ) နှစ်အာမခံမရှိရင် ( ၁၆၅ ) ဒေါ်လာကုန်မယ်လို့ပြောပြသွားတာကို ပညာရလိုက်ပါတယ် ၊ ကျေးဇူးပါ ဆိုနီရေ ။

---- နောက်ထပ်ပြောပြချင်တဲ့အတွေ့အကြုံက ဝရန်တီ အကြောင်းမဟုတ်ပါဘူး ၊ စားသုံးသူစိတ်တိုင်းကျကျေနပ်နှစ်သက်မှု-Customer Satisfaction မားကက်တင်းလို့ပြောရင်မမှားပါဘူး ၊ " မိမိဖောက်သည်တခြားကိုပြေးမသွားစေရေး " လို့မြန်မာမှုပြန်ရင်ပိုမှန်ပါလိမ့်မယ် ၊ အောက်က သာဓက ( ၂ ) ခုကိုဖတ်ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ် ။





---- Amazon ကနေဝယ်လိုက်တဲ့ ရေးမွှေးပုလင်းလေးဟာ လက်ညှိုးတစ်ချောင်းသာသာလောက်ဘဲရှိပါတယ် ၊ အိမ်ကိုရောက်လာတော့ အဖုံးကပြုတ်နေတယ် ၊ အဲဒါနဲ့ Amazon Seller Profile မှာကြည့်လိုက်တော့ Amazon ကိုယ်တိုင်ရောင်းတာမဟုတ်ဘဲ ကုမ္ပဏီ-Third Party တစ်ခုကရောင်းတာသိလိုက်ရတယ် ၊ အီမေးလ်ရေးပြီးပြောကြည့်တော့ သူတို့အစားပို့ပေးမယ်လို့အကြောင်းပြန်ပါတယ် ၊ နောက် ( ၂ ) ရက်ကျတော့ ဖုန်းဝင်လာပြီး ပျက်နေတဲ့ရေမွှေးပုလင်းကိုပြန်မပို့နဲ့ဆိုပြီး စုစုပေါင်းရေမွှေးနှစ်ပုလင်းလုံးကိုယူထားလိုက်ပါလို့ပြောလာပါတယ် ၊ ဒါနဲ့ ကျွန်တော်က မဟုတ်သေးဘူး ခင်ဗျားတို့ ( ၁၈ ) ဒေါ်လာရှုံးသွားမှာပေါ့ သူတို့ပစ္စည်းကိုအလကားမလိုချင်ဘူးလို့ပြန်ပြောတော့ ဖုန်းအော်ပရေတာက " ကျွန်တော်တို့မရှူံးပါ ၊ လူကြီးမင်းတို့ ကျွန်တော်တို့ကုမ္ပဏီက ပျော်ရွှင်စိတ်ချယုံကြည်စွာ ဆက်လက်ဝယ်ယူနေမယ်ဆိုရင် ကျွန်တော်တို့ကျေနပ်ပါပြီ " ဟု နူးညံ့ချိုသာစွာ ဖြေကြားခဲ့ပါတယ် ၊ တယ်လီင်္ဖုန်းအင်တာနက်ဒေတာသုံးတာပိုသွားလို့ ဖုန်းကုမ္ပဏီကိုဆက်ပြီးပြောတာလည်းငွေပြန်ရပါတယ် ၊ တစ်ကယ်တမ်းသူတို့မမှားတော့ ကျွန်တော့လို သုံးစွဲသူကို ငွေပြန်မပေးလည်းရပါတယ် ၊ အော်ပရေတာတွေရဲ့ဝန်ဆောင်မှုလုပ်ပိုင်ခွင့်မှာ အချိန်ပေးပြီးဖုန်းဆက်တဲ့သုံးစွဲသူကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးခွင့်ရထားတယ်ဆိုတာကို လေ့လာမိပါတယ် ၊ လုပ်ဖော်ကိုင်ဘက် နဲ့ အေးရှမ်းအမေရိကန်တွေကိုပြောပြတော့ ဒီလိုဖုန်းဆက်လို့ငွေပြန်ရတယ်ဆိုတာ သူတို့လုံးဝမသိပါဘူးတဲ့ ၊ အမေရိကားရဲ့မားကက်တင်းက ဒီမှာတင်မရပ်သွားပါဘူး ၊ မဝယ်ချင်ဝယ်ချင်အောင်လုပ်ထားတဲ့ စားသုံးသူဗဟိုပြုရောင်းအားမြှင့်တင်ရေးပုံစံ-Consumer Centric Marketing Strategy ကတော့ အမြဲရှင်သန်နေမှာပါ ၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာရော ဘယ်လိုဖြစ်နေကြပြီလဲ ?

ကိုညီညီ ( တောင်ကြီး ) 




“ ကျွန်တော်ဖုန်းဆက်၍ ပြန်ရခဲ့သောငွေများ ” စာမူကို ၂ဝ၁၄ - မတ်လ ( ၁၅ ) ရက်နေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၂၇ ) ၊ စာမျက်နှာ ( ၄၇ ) တွင်ဖော်ပြပါရှိသည် ။ Download Link: https://drive.google.com/file/d/0B88qWw_pvpY3MFgtVElWSE1OSUU/edit?usp=sharing , 

     

No comments: