ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, December 9, 2013

ပြန်ဆုံကြပြီ “ ခန်း အကယ်ဒမီ ”





           စာရေးသူ စက်မှုလက်မှု-Machine Tool Technology တက်နေတုန်းက သူနဲ့ ပထမတစ်ခေါက်ဆုံခဲ့ပါတယ် ၊ လူချင်းတော့မဟုတ်ပါဘူး ၊ သူ့နာမယ်နဲ့တင်ထားတဲ့ အင်တာနက်စာမျက်နှာအောက်က သင်္ချာသင်ခန်းစာကို ဆရာက အိမ်စာပေးလို့ပါ ၊ အစက ဖတ်စာအုပ်သင်ရိုးညွှန်းတမ်းထင်နေတာ ဝက်ဘ်ဆိုဒ်ထဲဝင်ကြည့်လိုက်တော့မှ အကျိုးအမြတ်မယူတဲ့ပညာရေးအဖွဲ့ဖြစ်နေပါတယ် ၊ စာရေးသူစဉ်းစားကြည့်တယ် ကျောင်းနဲ့လဲဘာမှမဆိုင်တဲ့သင်ခန်းစာကိုဘာကြောင့်အိမ်စာအနေနဲ့တင်ရတာလဲလို့ ၊ အဲဒါနဲ့ဆရာ့ကို ပေါ်ပေါ်တင်တင်ဘဲမေးလိုက်တယ် “ ဆရာ ဒီအိမ်စာလုပ်ရင် အမှတ်ရမှာလား ၊ ဒါက ဖတ်စာအုပ်ထဲမှာမှ မပါတာ ” ဆိုတော့ ဆရာက “ သင်ရိုးညွှန်းတမ်းထဲမပါပေမယ့် အမှတ်ပေးပါတယ် ၊ အကြောင်းကတော့ ဖတ်စာအုပ် က သူ့လိုမသင်နိုင်ဘူးလေကွယ် ” တဲ့ဗျာ ၊ သူ့ရဲ့ထာဝရပညာရေးဝန်ဆောင်မှုနာမယ်ကတော့ “ KHAN ACADEMY ”  မြန်မာလို “ ခန်း ” ရဲ့အခမဲ့အကယ်ဒမီပညာသင်စံနစ် ဖြစ်ပြီး  တည်ထောင်သူက အိန္ဒယနဲ့ဘင်္ဂလားဒက်နွယ်ဖွား အမေရိကန် လူဝီစီယားနားပြည်နယ် ၊ နယူးအောလင်းမြို့ဇာတိ ၊ အမေရိကန်နိုင်ငံသား “ ဆယ်လမ်ခန်း ” ဖြစ်ပါတယ် ။





              သူ့အကြောင်းကို အင်တာနက်စာမျက်နှာများ နဲ့ ဂျာနယ်တွေမှာရေးပြီးသားတွေရှိတာမို့လို့ အထူးမဖော်ပြတော့ပါဘူး ၊ အမေရိကရောက်မြန်မာတွေကဦးဆောင်ပြီး စင်္ကာပူရောက်မြန်မာအိုင်တီပညာရှင်တွေဝန်းရံလို့ ပြည်ပရောက်မြန်မာများအားဖြည့်ကာ မြန်မာနိုင်ငံတွင်းက လူငယ်အင်အားစုတို့ အင်တိုက်အားတိုက် မြန်မာဘာသာပြန်ဆိုနေကြပြီဆိုတာကိုသိလိုက်ရတဲ့အချိန် သူနဲ့ပြန်ဆုံကြပြီ “ ခန်း အကယ်ဒမီ ” ။ 

 

ဒီတစ်ခေါက်မှာ ကောလိပ်သင်ခန်းစာကို အင်္ဂလိပ်ဘာသာနဲ့ဖြေဆိုသူအနေနဲ့မဟုတ်ဘဲ မြန်မာတစ်မျိုးသားလုံးနားလည်အောင် သင်ကြားရေးဗွီဒီယိုဖိုင်တွေကို မြန်မာဘာသာပြန်ဆိုတဲ့ လုပ်အားပေး-Volunteer တဲ့ အနေနဲ့ဆိုတော့ အရမ်းပျော်ရွှင်ရပါတယ် ၊ ဟုတ်ပါတယ် စာရေးသူ အခုမှ ရယူသူဘဝကနေ ပေးသူ/ဖြန့်ဝေသူဖြစ်သွားပါတော့တယ် ။



           မြန်မာဘာသာပြန်အဖွဲ့ဟာ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသ-Bay Area တစ်ဝိုက်မှာ လူစုလုပ်ကိုင်ကြပြီး အားလပ်ချိန်ကိုဖဲ့ပြီးလုပ်ရတဲ့ အိပ်ရေးပျက်အလုပ်တစ်မျိုးပါ ၊ မကြာခဏ အွန်လိုင်းပေါ်မှာ အစည်းအဝေးလုပ်ကြပြီး မြန်မာဘာသာပြန်နောက်ဆုံးသတင်းတွေနဲ့ ရှေ့ဆက်လုပ်ရန်တွေကိုဆွေးနွေးကြပါတယ် ၊ ၂ဝ၁၃ ဒီဇင်ဘာလ ပထမအပတ်မှ အစည်းအဝေးကို စတက်ဖူးလို့ နားထောင်ရင်းပညာယူရပါတယ် ၊ အဖွဲ့ရဲ့ ဖေ့ဘုတ်စာမျက်နှာအရ မြန်မာစာတန်းထိုးပြီးသား ယူကျု ဗွီဒီယိုပေါင်း ၁ဝဝ ကျော်ရှိနေပါပြီ် ၊ တည်ထောင်သူ “ ခန်း ” နဲ့ လုပ်အားပေးများစွာရဲ့ အားထုတ်မှုကြောင့် အင်္ဂလိပ်ဘာသာစကားပြောသင်ခန်းစာပေါင်း သန်း ၃ဝဝ ကျော်နေပါပြီ ၊ လစဉ်သုံးစွဲသူဦးရေ ၁ဝ သန်းကျော်နေပြီင်္း မြန်မာနိုင်ငံအပါအဝင် တခြားကမ္ဘာ့နိုင်ငံ ၂၇ နိုင်ငံကလည်း သူတို့ရဲ့အခြေခံပြည်သူတွေနားလည်အောင် ဘာသာပြန်ဆိုနေကြပါတယ် ၊ နောက်ဆုံးသတင်းအရ မြန်မာအဖွဲ့ရဲ့ဘာသာပြန်နှုန်းက အဆင့် ၇ မှာရှိပါတယ် ။







 ပြည်တွင်းလှုပ်ရှားမှုအနေနဲ့ ၂ဝ၁၃ မေလ နဲ့ ဂျွန်လ မှာ ရန်ကုန်မှာမိတ်ဆက်ခဲ့ပြီး နောက်တစ်လ ဂျူလှိုင်မှာ ကြည့်မြင်တိုင်မှာ ရှင်းလင်းပြောပြမှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ် ၊ နောက်ပိုင်း ပခုက္ကူဘားကင့်မှာ မြန်မာလူငယ်အိုင်တီပညာရှင်တွေနဲ့ မြန်မာနိုင်ငံဘလော့ဂါတွေပါဝင်တဲ့ အုပ်စုငယ်လေးတွေက ပရိုဂျက်တာ နဲ့ ကလေးငယ်တွေကိုသရုပ်ပြမိတ်ဆက်ပေးနေတဲ့ ပညာရေးကောင်းမှုဒါနလေးတွေကို မုဒိတာပွားရပါတယ် ၊ သင်္ချာ အယ်ဂျီဘရာ ဘာသာရပ် ပုစ္ဆာ ၃၅ ပုဒ်ကို ဘာသာပြန်ပြီးသွားတဲ့ အမေရိကန်နေ မြန်မာအစ်ကိုတစ်ယောက်ကို ဂုဏ်ပြုထားတာကိုပါတွေ့ရပါတယ် ။


          မြန်မာဘာသာပြန်နိုင်ဖို့ ကြားခံဘာသာပြန်ဆော့ဝဲတစ်မျိုးမှာ စာရင်းသွင်း-Register ပြီးရင် Khan Academy Burmese Translation – KABT ရဲ့အီးမေးမှာ အသေးစိတ်လမ်းညွှန်ထားပါတယ် ၊ ကြားခံဆော့ဝဲမှာ ဘာသာပြန်ရမယ့် အင်္ဂလိပ်စာကို တစ်လိုင်းချင်းစီ ထိုးပေးထားလို့ လွယ်ကူပါတယ် ၊ ခန့်မှန်းခြေ ၆ မိနစ်လောက်ကြာတဲ့ ဗွီဒီယိုသင်ခန်းစာ ၁ ပုဒ်ကို စာတန်း ( ၄ဝ ) လောက်ပြန်လိုက်ရင်ပြီးသွားပါပြီ ၊ အချိန်အားဖြင့် ၂၅ မိနစ်လောက်ဆိုရင်လုံလောက်ပါတယ် ၊ ပြီးသွားတဲ့ ကိုယ့်စာမူကို သိမ်း-Save ပြီးရင် KABT ကို အီးမေးလ်ပြန်ပို့ / သူတို့ပြန်စစ် ပြီးရင် အွန်လိုင်းပေါ်မှာ ကိုယ့်ဖန်တီးမှုကို တင်လိုက်ပြီဆိုတာ သတင်းပေးပါတယ် ၊ ကိုယ်လုပ်ထားတဲ့အလုပ်ကို အွန်လိုင်းပေါ်မှာပြန်ကြည့်ရတာ အရမ်းကျေနပ်နှစ်သက်စရာမဟုတ်ပါလား ။


 

             မြန်မာနိုင်ငံအတွက် လက်ရှိအခက်အခဲဖြစ်နေတဲ့ အများစုအင်တာနက်မသုံးနိုင်တာကို ဖြေရှင်းဖို့ ဗွီဒီယိုဖိုင်တွေကို ဒီဗွီဒီ အချပ်ပေါ်မှာမှတ်တမ်းတင်ထားတဲ့ မူရင်းမာစတာအခွေကို ဒီနှစ်ဆန်းကစလို့ မြန်မာနိုင်ငံကို ပို့ထားပြီးပါပြီ ၊ ကူးယူပြီး ရန်ကုန် နဲ့ မန္တလေးက အင်အားစုတွေနဲ့ ကျောင်း ၊ စာကြည့်တိုက် ၊ အင်ဂျီအို ၊ ပညာရေးဖောင်ဒေးရှင်း ၊ အင်တာနက်ကဖေးတွေနဲ့ ပွင့်လင်းလူမှုကူညီမှုအသင်းတွေထံဖြန့်ဝေသွားဖို့အစီအစဉ်ဆွဲထားပါတယ် ၊ အခမဲ့ ဖြန့်ဝေမှာမို့လို့ ခိုးကူးခွေလဲ ကြောက်စရာမလိုပါဘူး ၊ တဆင့်စကား ပြန့်သွားပြီး ကောင်းသတင်းမွှေးဖို့သာရှိပါတယ် ။


          အခုမှဘဲကြော်ငြာဝင်ရပါတော့မယ် ၊ အခြေခံမလို ရိုးရှင်းတဲ့ ပြကွက်ဖြေရှင်းနည်းများ နဲ့ " အခမဲ့ ကမ္ဘာ့တန်းမီပညာရေး " ပို့ချပေးနေတဲ့ အရင်းအမြစ် တစ်ခုရှိနေပါတယ် ၊ သချာင်္ကို ပုံသေနည်းကျက်စရာမလိုပါ ၊ နားလည်အောင်သာကြည့်လိုက်ပါ ၊ အလားတူ ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီဝဗေဒ ၊ ဆိုရှယ်သမိုင်း ၊ ကွန်ပျူတာသိပ္ပံ တို့လို ခေတ်မီတက္ကသိုလ် ပညာရပ်တွေကို မြန်မာစာဖတ်တတ်ရုံနဲ့ သင်ယူနိုင်ပါပြီ ၊ လူတိုင်းကိုစာမသင်ပေးနိုင်ပေမယ့် သူတို့ကိုစာသင်ပေးတဲ့ ဗွီဒီယိုပေးကြည့်နိုင်ပါတယ် ၊ မိမိတို့ရဲ့သားသမီးတွေကို ကျောင်းပညာသင်ပေးသလို မြန်မာအနာဂါတ်လူငယ်ခေါင်းဆောင်လောင်းတွေကို သိပ်ကောင်းတဲ့ ပညာရေး အခွင့်အရေး တစ်ခု လမ်းညွှန်ပေးလိုက်ပါလားခင်များ ၊ ကိုယ်တတ်ထားတဲ့ အင်္ဂလိပ်စာနည်းနည်းလေး နဲ့ ပါဝင် ဘာသာပြန်ပေးလို့ရပါတယ် ၊ ပညာ က ကျောင်းပညာ ပါ ၊ အတန်းပညာမဟုတ်ပါ ၊ အဆင့် က ကမ္ဘာ့အဆင့်ပါ ၊ အင်္ဂလိပ်လို သင်တဲ့ သင်္ခန်းစာဖြစ်နေတော့ မြန်မာလို လွယ်သွားအောင် ဘာသာပြန်ပေးဖို့ လုပ်အားပေးလိုနေပါတယ် ၊ အုတ်တစ်ချပ် နိုင်မှ ကူညီလို့ရတာမဟုတ်ပါ ၊
သဲ တစ်ပွင့် ရှိမှ အင်္ဂဒေ ဖြစ်တာမဟုတ်ပါ ၊ ကိုယ်သိတဲ့ မြန်မာဇော်ဂျီလက်ကွက်ကနေ ကျေးလက်မြန်မာလူထုအလွှာကို မြန်မာ့ပညာရေး က မပေးနိုင်တဲ့ ကမ္ဘာ့တန်းမီအခမဲ့ပညာရေး ကို သင်ယူနိုင်စေဖို့ ကွန်ပျူတာဖွင့်ပြီး ဝိုင်းဝန်းကူညီဘာသာပြန်ပေးကြရအောင်လား ၊ မြန်မာဘာသာပြန်ကူညီလိုသူများ ထမင်းတစ်နပ်လျှော့စားစရာမလိုပါ ၊ ဒီမိုကရေစီပြည်သူ့ပညာရေးအတွက် ဖေ့စ်ဘုတ် သုံးတဲ့ အချိန် နာရီဝက်လျှော့ပေးရင်ရပါပြီ သူငယ်ချင်းတို့ ။


ကိုညီညီ - တောင်ကြီး



www.khanacademyburmese.org

www.facebook.com/KhanAcademyBurmeseTranslation

https://www.youtube.com/watch?v=hoOwLbMUhqw



‘ ပြန်ဆုံကြပြီ “ ခန်း ”အကယ်ဒမီ ‘ စာမူကို ၂ဝ၁၄ ဧပြီလ ( ၅ ) ရက်နေ့ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် ၊ အတွဲ ( ၃ ) ၊ အမှတ် ( ၃ဝ ) ၊ စာမျက်နှာ ( ၂၃ ) တွင် ဖော်ပြပါရှိသည် ။ Download Link: http://www.mediafire.com/download/gqnqtnfldp9t300/Vol._3,_No._30.pdf




No comments: