ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, February 6, 2015

နယ်ရီယို ၊ NUMMI နဲ့ Lean Manufacturing

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
          လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူဟာ အရင်အလုပ်မှာ အင်ဂျင်နီယားရင်းတက္ကနစ်ရှင် ရာထူးကနေ အလုပ်ပြောင်းလာတယ်လို့ ပြောတယ်။ အဲဒီအလုပ်က လူတွေကို ဆေးကုပေးတဲ့ Medical Devices ကုမ္ပဏီဖြစ်လို့ အစစအရာရာ မှတ်ရေးမှတ်တာတွေနဲ့ စည်ကမ်းစံနစ်ရှိရှိ လုပ်ပေမယ့် ကုမ္ပဏီက သေးသေးလေးပါ။ တစ်ရက်ကျတော့ သူဋ္ဌေး နဲ့ အုပ်ချုပ်သူထဲက သူတို့အနီးက တိုယိုတာစက်ရုံကို လှည့်လည်ကြည့်ရှုလေ့လာခွင့်-Tour တောင်းဆိုတဲ့အခါ ခွင့်ပြုချက်ရခဲ့တယ်။

          အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသမှာ မြန်မာတွေအနေများတဲ့ ဖရီမောင့်-Fremont မြို့ ဆိုရင် မသိသူရှားလှပါတယ်။ တခြားတစ်ဖက်မှာ နည်းပညာရပ်ဝန်း ဆီလီကွန်တောင်ကြား - Silicon Valley တည်ရှိရာ မြို့တော် ဆန်ဟိုဆေး-San Jose နဲ့ လည်း မနီးမဝေးပါ။

          တိုယိုတာစက်ရုံက အဲဒီ (၂) မြို့အလယ်က မယ့်လ်ပီးတပ်စ်-Milpitas မြို့အနီးက အဝေးပြေးလမ်းဘေးမှာ အရှည်ကြီး လဲလျောင်း တည်ဆောက်ထားတာပါ။ မြန်မာတွေအနေများတဲ့မြို့တွေဖြစ်လို့ မြန်မာစာဖတ်သူတွေရဲ့ မျက်စိ နဲ့ နားထဲမှာ ရင်းနှီးနေစေချင်တဲ့ စေတနာနဲ့ မြို့နာမည်တွေကို မြန်မာလို ရေးပြခြင်း ဖြစ်ပါတယ်။
          သူ့နာမည်က “နယ်ရီယို”  လို့ခေါ်ပါတယ်။ ဖိလစ်ပီးနိုးလူမျိုး တစ်ယောက်ပါ။ ဆက်ဆံရေး ဖော်ရွေပြီး ဘာမဆို သူသိချင်တယ်။ ဘယ်ကိစ္စမဆို စူးစမ်းချင်သလောက် စကားလည်း တော်တော်များတယ်။ အမေရိကားရောက်တာ နှစ် (၂ဝ) ကျော် ရှိနေပြီး အခု ကျွန်တော့အလုပ်ကိုရောက်လာတာ လပိုင်းပဲ ရှိပါသေးတယ်။ သူကလည်း အသစ်အနေနဲ့ သင်ယူနေတဲ့အချိန် ကျွန်တော်က ညပိုင်းကနေ မနက်ပိုင်း Q.C အဖြစ် ပြန်ပြောင်းလာတဲ့အချိန်မှာ အတူတူ အလုပ်လုပ်ရင်း အဖွဲ့ကျနေတယ်လို့ ပြောလို့ရပါတယ်။

          သူဟာ အသုံးလိုတဲ့ ပစ္စည်းတွေဆို သူ့အလုပ်ခုံနားမှာ အကုန်ယူထားချင်တယ်။ တစ်ခုခုဆိုရင်လည်း အချိန်ဖြုန်းတာ မကြိုက်သူပါ။ သူ့ဘေးမှာအလုပ်လုပ်သူက ဖိလစ်ပီးနိုးမ ဖြစ်နေပြန်တော့ တတွတ်တွတ်နဲ့ ပြောနေလိုက်တဲ့စကား နားကိုညည်းနေတာပါပဲ။ တစ်ခါကဆို အလုပ်ကခေါင်းဆောင်ကို ဒါဒီလိုလုပ်ပါလား၊ ဟိုနည်းလမ်းက ပိုကောင်းတယ် စသဖြင့် ဆရာလုပ်နေတတ်တာ မြင်ဖူးပါတယ်။

          ဒီနေ့မှ သူ့ဇာတ်ကြောင်း နည်းနည်းပြောပြလို့ သူဟာ အလုပ်အစုံလုပ်ဖူးတယ်ဆိုတာ သိရတယ်။ ကြီးကြပ်ရေးမှူး-Supervisor ၊ စက်ပြင်ဆရာ-Technician ၊ အရည်အသွေးစစ်ဆေးသူ-Q.C (Quality Control Specialist)၊ ပြန်သိမ်းပစ္စည်းများ စစ်ဆေးသူ-Product Recall Inspector ၊ ကုန်ပစ္စည်းတပ်ဆင်သူ-Product Builder ၊ ကုန်ထုတ်လုပ်မှုထိန်းသိမ်းသူ-Product Control စသဖြင့် စုံလို့ပါပဲ။

          သူဟာ ၈ စပ်က ဂျင်ဂျင်လည် ဖြစ်နေပြီး အလုပ်ပတ်ပြောင်းနေတာ အကြိမ် (၁) ဒါဇင်လောက် ရှိနေရုံမက သူ့မှာ လုပ်ငန်းအတွေ့အကြုံ တော်တော်များများရှိတယ်။ တိုယိုတာစက်ရုံအကြောင်း ပြန်ဆက်ရရင် နယ်ရီယို နဲ့ သူ့သူဋ္ဌေး (ဟောင်း) တို့ NUMMI-New United Motor Manufacturing, Inc. စက်ရုံကို သွားလည်ခဲ့တယ်။ စက်ရုံတာဝန်ရှိသူတွေ ရှင်းပြချက်များက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

          NUMMI စက်ရုံဟာ အမေရိကန် GM ဂျင်နရယ်မော်တာ နဲ့ တိုယိုတာတို့ (၁၉၈၄) ခုနှစ်မှာ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပြီး အခြေမလှလို့ (၂ဝ၁ဝ) မှာ ပိတ်သိမ်းသွားရတယ်။ ဂျပန်ကားလောကဟာ (၁၉၈ဝ)  နောက်ပိုင်း ပြိုင်ဖက်တွေရဲ့ ဈေးကွက်ထိုးဖောက်မှုကို အလူးအလဲခံရတဲ့အချိန်ကာလမှာ အမေရိကားကို ထိုးဖောက်ဖို့ ပြင်ဆင်ပါတယ်။ ဒါကတော့ နောင်တစ်ချိန် ကားလောကမှာ တိုယိုတာ ရဲ့ လုပ်ငန်းအောင်မြင်မှုသော့ချက်လို့ ကင်ပွန်းတပ်ခံရမယ့် အလေအလွင့်လျှော့ချရေးကုန်ထုတ်လုပ်မှု-Lean Manufacturing နည်းဗျူဟာ နဲ့ ကိုင်တွယ်စီမံဖို့ ဖြစ်ပါတယ်။

          အဲဒီမှာ လိုက်လံရှင်းပြတဲ့ တိုယိုတာစက်ရုံမှူးထံကနေ နယ်ရီယို အတွေးအကြံအသစ်တွေ အများကြီးသင်ယူခဲ့ရတယ်။ ကျွန်တော်ဖက်က နယ်ရီယို ပြန်ပြောပြသလောက် မိနစ်ပိုင်းလေးမှာကို ထူးခြားမှုတွေ တွေ့သမျှ ပြန်လည်တင်ပြကြည့်ပါမယ်။

          တိုယိုတာဟာ အမေရိကန်မြေမှာ ပြခန်း နဲ့ ပါကင်လော့တွေမှာ သူ့ကားတွေ ပုံနေတာကို မကြိုက်လှပါဘူး။ အကြောင်းက သူ့နယ်မြေမဟုတ်တာရယ်၊ ဈေးကွက်ပြိုင်ဆိုင်မှုအရ ဆိုဒ်ကြီးကြီး ခပ်မြင့်မြင့် အမေရိကန်ကားတွေကို ယှဉ်ပြိုင်ဖို့ အားယူနေရတာရယ် ကြောင့်ပါ။

          ဒါကြောင့် “အမြတ်အစွန်းများနိုင်ဖို့ အလေအလွင့်လျှော့ချစို့” ဆိုတဲ့ စိတ်ကူးကို (၁၉၈၈) ဂျပန်သတင်းစာတစ်စောင်ရဲ့ အာဘော်ကနေ “Lean Principle” ဆိုတဲ့ ဆောင်းပါးအိုင်ဒီယာကို အသွင်ပြောင်းပြီး TPS–Toyota Production System ကို အမေရိကန်မြေမှာ စတင်ကျင့်သုံးခဲ့တယ်။ ဒီကနေ ပေါက်ထွက်သွားပြီး တစ်ခြား နာမည်ကြီး ကုန်ထုတ်လုပ်သူတွေ လိုက်လံအတုယူရတဲ့အထိ စံနမူနာဖြစ်ခဲ့တယ်။

          Lean Manufacturing ရဲ့ ပင်စည်သဘောသဘာဝအရ ကုန်ပစ္စည်းတပ်ဆင်နေသူ-Assembler နားမှာ လိုအပ်တဲ့ပစ္စည်းအကုန်အစုံ ရှိနေရမယ်။ လက်လှမ်းမီတဲ့နေရာမှာ အလွယ်တကူ ယူငင်သုံးစွဲနိုင်ရမယ်။ ဒီလို ပစ္စည်း-Parts တွေကို လိုက်လံစုစည်း-Organize လုပ်ရတဲ့အလုပ်ဟာ တပ်ဆင်သူရဲ့ အလုပ်မဟုတ်ဘူး။

           “တပ်ဆင်သူရဲ့ အဓိကတာဝန်ဟာ ကုန်ကြမ်းကနေ ကုန်ချောကို အမြန် အသွင်ပြောင်းပေးဖို့ပဲ ဖြစ်တယ်”။ ဆိုလိုတာက တပ်ဆင်သူတစ်ယောက်ဟာ ကုန်ကြမ်း ကို သူ့ရဲ့လုပ်အားနဲ့ ကုန်ချောအဖြစ်ကို ပြောင်းပြီးသကာလ ဒီပစ္စည်းကို ရောင်းချလို့ရပါပြီ။ အဲဒီလို ကူးပြောင်းဖို့ Conversion မဖြစ်လာပဲ နောက်ကျနေတာဟာ ဖြုန်းတီးမှုဖြစ်တယ်လို့ တိုယိုတာက ယူဆပါတယ်။ တိုယိုတာဟာ ဒါကိုလျှော့ချပြနိုင်လို့ GM လို အမေရိကန်ကားတွေ ဒေဝါလီခံရလုဆဲဆဲအချိန်မှာ ဈေးကွက်ရော အမြတ်အစွန်းပါ အသာစီးရယူနိုင်ခဲ့တယ်။

          NUMMI မှာ စက်ရုံ စလည်ပတ်ခါစ ကားအသစ် မထုတ်လုပ်နိုင်ခဲ့ဘူး။ အခက်အခဲအမျိုးမျိုးနဲ့ လုံးချာလိုက်နေခဲ့တယ်။ နောက်ပိုင်းမှာ အသွင်ကူးပြောင်းပြီး ဂျပန်နိုင်ငံကနေ Lean Principle အရ ကားဝယ်သူရှိမှ ကားတပ်ဆင်ပါတယ်။ ဒါဆို ဂိုဒေါင်ထဲ သိပ်ထားစရာ ပိုထုတ်ဖို့မလိုတော့ ငွေအရင်းအနှီးပြုန်းတီးမှု သက်သာသွားပါတယ်။

          နောက်တစ်ခုက တပ်ဆင်တဲ့ သက်ရှိလူသား၊ သက်မဲ့ CNC လုပ်သား စက်ရုပ်မောင်းတံတွေလိုအပ်တဲ့ ပစ္စည်း အတိုအစတွေအားလုံးကို တစ်နေရာတည်း စုစည်းပေးလိုက်တယ်။ ဒီတော့ စီယာတိုင်တပ်သူက စီယာတိုင်တပ်၊ မှန်သမားကလည်း မှန်ကိုပဲတပ်၊ မောင်းတံတွေကလည်း ဂျလိဂျလိ နဲ့ ကားတစ်စီးအစအဆုံး NUMMI မှာ တပ်ဆင်ဖို့ အချိန် (၁) ရက်သာ လိုအပ်တဲ့အထိ လုပ်ပြနိုင်ခဲ့တယ်။ အဲဒီကနေမှ အမေရိကန်မြေပေါ်မှာတပ်ဆင်သည်-Assembled in the U.S.A ဆိုတဲ့ စာသားနဲ့ အမေရိကန်ကားတွေအားလုံးကို စင်ပေါ်ကနေ ကန်ချနိုင်ခဲ့တယ်။

          ကားဝယ်ချင်သလား? လိုချင်တာကိုပြော - အရောင်လား? အခင်းလား? တာယာလား? Alloy လား ? တစ်ရက်ပဲစောင့် နောက်နေ့မနက် လူကြီးမင်း လိုချင်တဲ့ ကားရပြီဆိုတော့ ဘယ်သူက မကြိုက်ပဲ နေပါ့မလဲ။

          တိုယိုတာက တစ်ခုအလုပ်လုပ်ချိန်-Time Study ကိုလည်း တိုင်းတာပါတယ်။ ဥပမာ - တာယာတစ်လုံးတပ်ရင် ဘယ်လောက်ကြာမလဲ? အရှေ့ဘန်ပါဆေးမှုတ်တာ အချိန်ဘယ်လောက်ကုန်မလဲ? စတဲ့ ကားတစ်စီးလုံးရဲ့ အစိတ်အပိုင်းမှန်သမျှတပ်ဆင်အချိန်တွေကို တိုင်းတာပြီး “အချိန်လေလွင့်မှု” ကို အမြတ်ငွေအဖြစ်ပြောင်းလဲခဲ့တယ်။

         ဥပမာ - ကား (၁) စီးတပ်ဆင်လို့ အချိန် (၁) နာရီစုမိရင် ကားအစီး (၁ဝဝ) ဆိုရင် (၄) ရက် ပိုထွက်လာပါတယ်။ ဒီ (၄) ရက် ကို နည်းပညာအားနဲ့ အကျိုးရှိရှိအသုံးချနိုင်ခဲ့လို့ ရရှိတဲ့ အမြတ်အစွန်းတွေကြောင့်သာ တိုယိုတာဟာ ကားလောက ထိပ်သီးဖြစ်လာခဲ့တယ်။

         နယ်ရီယို နဲ့ NUMMI ၊ NUMMI နဲ့ Lean Manufacturing ၊ Lean Manufacturing နဲ့ အမေရိကန်ကားလောက စတဲ့အဆက်အစပ်တွေကြောင့်သာ ဒီဆောင်းပါးကို ရေးနိုင်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ Lean Principle ကို အသုံးပြုပြီး ရွှေမြန်မာများ မြန်မာနိုင်ငံစီးပွားရေး တိုးတက်အောင် လုပ်နိုင်ကြပါစေ..။

koko2yeye@gmail.com
.
" နယ်ရီယို ၊ NUMMI နဲ့ Lean Manufacturing "  စာမူသည် ၂ဝ၁၅ ဂျူလိုင်လ ( ၁၈ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၉၃ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။



No comments: