.
ကြ်န္ေတာ္ ဒီခရီးကိုလာေနေပမယ္႕ စိတ္ကေတာ႕
သမီးေက်ာင္းတက္ေနတဲ႕ ေဘာ႕စတြန္ျမိဳ႕ကို အျမဲေရာက္ေနပါတယ္။ သမီး ထမင္းမွစားရဲ႕လား? အခ်ိန္မွန္မွ
အိပ္ရဲ႕လား? မနက္ေက်ာင္းသြားဖို႕ တယ္လီဖံုးႏိုးစက္မွ ၾကားရဲ႕လား? စသျဖင္႕ အေဝးကေန အပူစြမ္းအင္
နဲ႕ အတူတူအကြ်မ္းဝင္ေနတဲ႕ မိဘေတြဆိုရင္ ဘယ္မွားလိမ္႕မလဲ..။
.
ဒီဘက္ႏုိင္ငံကုိေရာက္ျပီးတစ္ႏွစ္ေလာက္ၾကာေတာ႕
ဒစၥေနရုပ္သံကုိ သူ႕ေမာင္ေလး “ စြမ္း “ က ၾကည္႕ေနတဲ႕အခ်ိန္ သမီးက ခပ္စြာစြာစကားေျပာတဲ႕
Phineas and Ferb ကာတြန္းကားၾကိဳက္တာကို သတိထားမိတယ္။ ေနာက္ပိုင္းသိပ္မၾကာဘူး .. သူ
အဲဒီကာတြန္းေတြကုိ ေရာင္စံုခဲတံနဲ႕ဆြဲထားတဲ႕ပံုကိုေတြ႕ေတာ႕ ေတာ္ေတာ္အံ႕ၾသမိတယ္။
.
.
အဲဒီအခ်ိန္အထိ သမီး က ပံုဆြဲတတ္တာကို
ဘယ္သူမွသတိမထားမိေသးဘူး။ ေနာက္ပိုင္း ငါးပံု၊ မိန္းကေလးပံု၊ ေနာက္ျပီး အထက္တန္းေက်ာင္းကခုိင္းတဲ႕
ပေရာဂ်က္ေတြမွာ အႏုပညာ - Art အတန္းမွာ လုပ္ရတာေတြက သူ႕ဝါသနာကို ေျခစံုခံုတက္သြားေစတယ္လုိ႕ထင္ပါတယ္။
.
လူဆိုတာ သူဝါသနာပါတာကိုလုပ္ရဖို႕ အခ်ိန္တစ္ခု
နဲ႕ အေျခအေနတစ္ခုလိုတယ္ဆုိတာကို သမီးက ကြ်န္ေတာ႕ကိုသင္ေပးသြားတယ္။ သူဝါသနာပါတဲ႕ေမဂ်ာကိုတက္ဖို႕
သူအခိ်န္မ်ားစြာစဥ္းစားျပီး ေနာက္ဆံုးေတာ႕ ဂရပ္ဖစ္ဒီဇိုင္း - Graphic Design ကုိ စိတ္ဝင္တစားသင္ယူေနတယ္။
တစ္ရက္တစ္ရက္ကုိ မနက္ ( ၁၁ ) နာရီေလာက္ကေန ေက်ာင္းမွာ သင္တာေရာ၊ အုပ္စုဖြဲ႕ပေရာဂ်က္လုပ္တာေရာ၊
ကိုယ္ပုိင္အိမ္စာတင္ရတာေရာ ညပုိင္း ( ၁ဝ ) နာရီေတာင္ ေက်ာင္းကေန သူ႕အခန္း -
Apartment ကို ျပန္မေရာက္ေသးဘူး။
.
ျပီးခဲ႕တဲ႕ႏွစ္ကဆို သူ႕ပေရာဂ်က္က ဟာသငွက္ေပ်ာသီး
- Minions ကို ပံုဆြဲရတာမဟုတ္ပဲ ရုပ္လံုးၾကြလုပ္ရတယ္။ တစ္ေယာက္တည္း ကုန္ၾကမ္းကအစ စကၠဴ၊
ေကာ္ အဆံုး ကိုယ္တုိင္လုပ္ရတယ္။ ဒါမ်ား ေငြဘယ္ေလာက္ေပးရမွာလဲ .. ဝယ္လိုက္ - ျပီးေရာလို႕
မရဘူး။ သူတုိ႕ဆရာက ကုိယ္ပုိင္လုပ္ထားတာထဲက လုပ္ပံုလုပ္နည္း နဲ႕ ၾကိဳးစားမႈကို အမွတ္ေပးတာ..။
.
အခုေနာက္ပိုင္းမွာ အင္တာနက္ဝဘ္ဆုိဒ္တည္ေဆာက္ပံု၊
အေရာင္းပစၥည္းဒီဇုိင္းေတြတည္ေဆာက္ပံု စတာေတြလုပ္ရတယ္။ ဒါက သိသေလာက္ေယဘုယ်ေျပာျပတာ
.. အကုန္မဟုတ္ေသးဘူး။ ေနာက္ျပီး သူ႕လက္ရာကိုဆရာကခ်ီးက်ဴးလို႕ သူ႕ Timeline မွာ တင္တဲ႕အခါ
ျမန္မာႏုိင္ငံက လုပ္ငန္းရွင္တစ္ခ်ိဳ႕ကေတြ႕သြားျပီး သမီးကုိ အလုပ္အပ္တယ္။ သူတုိ႕လုပ္ငန္းရဲ႕
ဒီဇိုင္းေတြကို သမီးကိုဆြဲခုိင္းတယ္။
.
.
ကြ်န္ေတာ္ေပ်ာ္ပါတယ္။ ကြ်န္ေတာ္ေက်နပ္တယ္။
သမီးရဲ႕ သူ႕ဝါသနာကိုသူ ရွာေဖြေတြ႕ရွိသြားတာကို ကြ်န္ေတာ္အရမ္းဘဝင္က်တယ္။ ကြ်န္ေတာ္တုိ႕
ဘာအတြက္ ျမန္မာျပည္ကစီးပြားေရးကိုပစ္ခြာျပီး ေသာင္မတင္ေရမက်တဲ႕အေမရိကမွာ အပင္ပန္းလာခံတာလဲ?
ပညာေရးအတြက္ပဲမဟုတ္ဘူးလား..။
.
သားသမီးေတြရဲ႕ပညာေရးအတြက္ အနာဂါတ္ကုိရင္းႏွီးျမွဳပ္ႏွံဖို႕
ကြ်န္ေတာ္တုိ႕ၾကိဳးစားရၾကိဳးႏွပ္ခ်င္တယ္။ သူတို႕ ႏုိင္ငံတကာစံခ်ိန္စံညႊန္းနဲ႕သင္တဲ႕ပညာေရး
နဲ႕ ကိုယ္တုိင္ရပ္တည္ႏုိင္ရံုမက ထြန္းေပါက္ေက်ာ္ၾကားလာရင္ ကြ်န္ေတာ္ရင္ေကာ႕ျပီး ေမာ္ၾကြားခ်င္တယ္။
ဒီေလာက္ပါပဲ .. က်န္တာဘာမွမလိုပါဘူး။
.
.
အရင္က သမီးအေၾကာင္းေရးေပးဖို႕ေျပာလာတဲ႕
စာဖတ္မိတ္ေဆြေတြကို ခင္လည္းခင္တယ္ အားလည္းနာမိတယ္္။ ကြ်န္ေတာ္က သားအေၾကာင္းပဲေရးတာမ်ားတယ္။
သမီးက်ေတာ႕ မိန္းကေလးျဖစ္ေနတာရယ္ သူ႕ရဲ႕ အေနအထိုင္သိုသိပ္တာရယ္ေၾကာင္႕ သူ႕ဓါတ္ပံုယူသံုးဖို႕
မဝံ႕မရဲျဖစ္ရတယ္။ အခုေတာင္ သူလုပ္ေနတဲ႕ပေရာဂ်က္ပံုေတြျပလာတာကို သူမ်ားကိုျပလို႕ကလည္းမျဖစ္ေတာ႕
သမီး ရဲ႕ အေဖ နဲ႕ အေမတုိ႕ဆုိတာ ၾကိတ္ျပီးခ်ီးက်ဴးေနရံုနဲ႕ ေက်နပ္ေနရတယ္။
.
အမွန္က သမီးေလး စိတ္တိုင္းက်ေက်ာင္းတက္ေစဖို႕၊
လူ႕ေလာကထဲကုိ လွမ္းထြက္ႏုိင္ဖို႕၊ လူလူခ်င္းေပါင္းသင္းဆက္ဆံေရး ပါးရည္ႏွပ္ရည္ရွိေစဖို႕၊
အစစအရာရာ သမီးေျခ သမီးလက္ျဖစ္ေစဖို႕ အေဝးမွာေက်ာင္းေပးတက္ရတာ သိပ္ေတာ႕ ေပးသြားခ်င္လွတာမဟုတ္ပါဘူး။
မိဘေတြဆုိတာ သားသမီးကိုေန႕တုိင္းေတြ႕ခ်င္တယ္ဆိုတာ သားသမီးရိွတဲ႕မိဘတိုင္းသိၾကမွာပါ။
.
.
တစ္ခုပဲမွာခ်င္တယ္။ တတ္လာတဲ႕ပညာနဲ႕ မိမိဝမ္းစာကိုျဖည္႕စြမ္း၊
မိဘရဲ႕ေခြ်းေတြကုိသုပ္ေပး၊ မိသားစုတာဝန္ကိုတတ္ႏုိင္တဲ႕ဘက္ကေနဦးေဆာင္ႏုိင္ရံုမက အားလပ္ခ်ိန္ရွိလို႕
တတ္ႏုိင္တဲ႕အင္အားရွိလာတဲ႕အခါ အမိျမန္မာႏုိင္ငံနဲ႕ပတ္သက္တဲ႕အက်ိဳးျပဳအလုပ္၊ မိတ္ဖက္စီးပြားေရးေတြျပန္လုပ္ျပီး
ေက်းဇူးဆပ္ႏုိင္တဲ႕အခါ အားလံုးပိုေပ်ာ္ရတာေပါ႕ သမီးရယ္..။
.
သတိရေနတယ္ သမီးေလး။
.
.
ကိုညီညီ ( ေတာင္ၾကီး )
.
10-25-2016
.
ဆန္ဖရန္စစၥကိုေလဆိပ္နားေနခန္း
.
.
Unicode Version:
.
.
“ သတိရနေတဲ့ သမီး ”
.
ကျွန်တော် ဒီခရီးကိုလာနေပေမယ့် စိတ်ကတော့
သမီးကျောင်းတက်နေတဲ့ ဘော့စတွန်မြို့ကို အမြဲရောက်နေပါတယ်။ သမီး ထမင်းမှစားရဲ့လား? အချိန်မှန်မှ အိပ်ရဲ့လား? မနက်ကျောင်းသွားဖို့
တယ်လီဖုံးနိုးစက်မှ ကြားရဲ့လား?
စသဖြင့် အဝေးကနေ အပူစွမ်းအင် နဲ့ အတူတူအကျွမ်းဝင်နေတဲ့ မိဘတွေဆိုရင် ဘယ်မှားလိမ့်မလဲ..။
.
ဒီဘက်နိုင်ငံကိုရောက်ပြီးတစ်နှစ်လောက်ကြာတော့ ဒစ္စနေရုပ်သံကို သူ့မောင်လေး
“ စွမ်း “ က ကြည့်နေတဲ့အချိန် သမီးက ခပ်စွာစွာစကားပြောတဲ့ Phineas and Ferb ကာတွန်းကားကြိုက်တာကို
သတိထားမိတယ်။ နောက်ပိုင်းသိပ်မကြာဘူး .. သူ အဲဒီကာတွန်းတွေကို ရောင်စုံခဲတံနဲ့ဆွဲထားတဲ့ပုံကိုတွေ့တော့
တော်တော်အံ့ဩမိတယ်။
.
.
အဲဒီအချိန်အထိ သမီး က ပုံဆွဲတတ်တာကို
ဘယ်သူမှသတိမထားမိသေးဘူး။ နောက်ပိုင်း
ငါးပုံ၊ မိန်းကလေးပုံ၊ နောက်ပြီး အထက်တန်းကျောင်းကခိုင်းတဲ့ ပရောဂျက်တွေမှာ အနုပညာ - Art အတန်းမှာ လုပ်ရတာတွေက သူ့ဝါသနာကို ခြေစုံခုံတက်သွားစေတယ်လို့ထင်ပါတယ်။
.
လူဆိုတာ သူဝါသနာပါတာကိုလုပ်ရဖို့ အချိန်တစ်ခု
နဲ့ အခြေအနေတစ်ခုလိုတယ်ဆိုတာကို သမီးက ကျွန်တော့ကိုသင်ပေးသွားတယ်။ သူဝါသနာပါတဲ့မေဂျာကိုတက်ဖို့
သူအချိန်များစွာစဉ်းစားပြီး နောက်ဆုံးတော့ ဂရပ်ဖစ်ဒီဇိုင်း - Graphic Design ကို စိတ်ဝင်တစားသင်ယူနေတယ်။
တစ်ရက်တစ်ရက်ကို မနက် ( ၁၁ ) နာရီလောက်ကနေ ကျောင်းမှာ သင်တာရော၊ အုပ်စုဖွဲ့ပရောဂျက်လုပ်တာရော၊ ကိုယ်ပိုင်အိမ်စာတင်ရတာရော
ညပိုင်း ( ၁ဝ ) နာရီတောင် ကျောင်းကနေ သူ့အခန်း - Apartment ကို ပြန်မရောက်သေးဘူး။
.
.
ပြီးခဲ့တဲ့နှစ်ကဆို သူ့ပရောဂျက်က ဟာသငှက်ပျောသီး - Minions ကို ပုံဆွဲရတာမဟုတ်ပဲ ရုပ်လုံးကြွလုပ်ရတယ်။
တစ်ယောက်တည်း ကုန်ကြမ်းကအစ စက္ကူ၊ ကော် အဆုံး ကိုယ်တိုင်လုပ်ရတယ်။ ဒါများ ငွေဘယ်လောက်ပေးရမှာလဲ .. ဝယ်လိုက် - ပြီးရောလို့ မရဘူး။
သူတို့ဆရာက ကိုယ်ပိုင်လုပ်ထားတာထဲက လုပ်ပုံလုပ်နည်း နဲ့ ကြိုးစားမှုကို အမှတ်ပေးတာ..။
.
အခုနောက်ပိုင်းမှာ အင်တာနက်ဝဘ်ဆိုဒ်တည်ဆောက်ပုံ၊ အရောင်းပစ္စည်းဒီဇိုင်းတွေတည်ဆောက်ပုံ
စတာတွေလုပ်ရတယ်။ ဒါက သိသလောက်ယေဘုယျပြောပြတာ .. အကုန်မဟုတ်သေးဘူး။ နောက်ပြီး သူ့လက်ရာကိုဆရာကချီးကျူးလို့
သူ့ Timeline မှာ တင်တဲ့အခါ
မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ချို့ကတွေ့သွားပြီး
သမီးကို အလုပ်အပ်တယ်။ သူတို့လုပ်ငန်းရဲ့ ဒီဇိုင်းတွေကို သမီးကိုဆွဲခိုင်းတယ်။
.
.
ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်ကျေနပ်တယ်။
သမီးရဲ့ သူ့ဝါသနာကိုသူ ရှာဖွေတွေ့ရှိသွားတာကို
ကျွန်တော်အရမ်းဘဝင်ကျတယ်။ ကျွန်တော်တို့ ဘာအတွက် မြန်မာပြည်ကစီးပွားရေးကိုပစ်ခွာပြီး
သောင်မတင်ရေမကျတဲ့အမေရိကမှာ
အပင်ပန်းလာခံတာလဲ? ပညာရေးအတွက်ပဲမဟုတ်ဘူးလား..။
.
သားသမီးတွေရဲ့ပညာရေးအတွက် အနာဂါတ်ကိုရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ကြိုးစားရကြိုးနှပ်ချင်တယ်။ သူတို့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့သင်တဲ့ပညာရေး နဲ့ ကိုယ်တိုင်ရပ်တည်နိုင်ရုံမက
ထွန်းပေါက်ကျော်ကြားလာရင် ကျွန်တော်ရင်ကော့ပြီး မော်ကြွားချင်တယ်။ ဒီလောက်ပါပဲ .. ကျန်တာဘာမှမလိုပါဘူး။
.
.
အရင်က သမီးအကြောင်းရေးပေးဖို့ပြောလာတဲ့
စာဖတ်မိတ်ဆွေတွေကို ခင်လည်းခင်တယ် အားလည်းနာမိတယ်။ ကျွန်တော်က သားအကြောင်းပဲရေးတာများတယ်။
သမီးကျတော့ မိန်းကလေးဖြစ်နေတာရယ် သူ့ရဲ့ အနေအထိုင်သိုသိပ်တာရယ်ကြောင့် သူ့ဓါတ်ပုံယူသုံးဖို့
မဝံ့မရဲဖြစ်ရတယ်။ အခုတောင် သူလုပ်နေတဲ့ပရောဂျက်ပုံတွေပြလာတာကို သူများကိုပြလို့ကလည်းမဖြစ်တော့
သမီး ရဲ့ အဖေ နဲ့ အမေတို့ဆိုတာ ကြိတ်ပြီးချီးကျူးနေရုံနဲ့ ကျေနပ်နေရတယ်။
.
အမှန်က သမီးလေး စိတ်တိုင်းကျကျောင်းတက်စေဖို့၊ လူ့လောကထဲကို လှမ်းထွက်နိုင်ဖို့၊ လူလူချင်းပေါင်းသင်းဆက်ဆံရေး
ပါးရည်နှပ်ရည်ရှိစေဖို့၊ အစစအရာရာ
သမီးခြေ သမီးလက်ဖြစ်စေဖို့ အဝေးမှာကျောင်းပေးတက်ရတာ
သိပ်တော့ ပေးသွားချင်လှတာမဟုတ်ပါဘူး။
မိဘတွေဆိုတာ သားသမီးကိုနေ့တိုင်းတွေ့ချင်တယ်ဆိုတာ သားသမီးရှိတဲ့မိဘတိုင်းသိကြမှာပါ။
.
.
တစ်ခုပဲမှာချင်တယ်။ တတ်လာတဲ့ပညာနဲ့ မိမိဝမ်းစာကိုဖြည့်စွမ်း၊ မိဘရဲ့ချွေးတွေကိုသုပ်ပေး၊
မိသားစုတာဝန်ကိုတတ်နိုင်တဲ့ဘက်ကနေဦးဆောင်နိုင်ရုံမက အားလပ်ချိန်ရှိလို့ တတ်နိုင်တဲ့အင်အားရှိလာတဲ့အခါ အမိမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကျိုးပြုအလုပ်၊
မိတ်ဖက်စီးပွားရေးတွေပြန်လုပ်ပြီး ကျေးဇူးဆပ်နိုင်တဲ့အခါ အားလုံးပိုပျော်ရတာပေါ့ သမီးရယ်..။
.
သတိရနေတယ် သမီးလေး။
.
.
ကိုညီညီ ( တောင်ကြီး )
.
10-25-2016
.
ဆန်ဖရန်စစ္စကိုလေဆိပ်နားနေခန်း
No comments:
Post a Comment