ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, March 18, 2014

အသင်းအဖွဲ့နှင့်နေတတ်သော “ လူ ” နှင့် “ နိုင်ငံ ”


နိဒါန်း


      တစ်ကိုယ်ရေကိစ္စများမြောင်လှတဲ့ လူသတ္တဝါ ဟာ တစ်ကိုယ်တည်းနေတတ်တဲ့ သက်ရှိတစ်မျိုးမဟုတ်ပါ ၊ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်ကိုယ်တော် ကျင်လည်ရတဲ့ အနေအထားတွေ စီးပွားရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး သာမက နိုင်ငံရေးတွေမှာ ပြစရာ သက်သေသာဓကတွေရှိပါတယ် ၊ လုပ်ငန်းကိုင်ငန်းမှာ အင်မတန်ထူးချွန်တဲ့ လူချမ်းသာများဟာ သူတို့အရွယ် သူတို့အင်အားနဲ့ တစ်ကိုယ်ရေသီးသန့်ကျွမ်းကျင်မှုတစ်ခုခုရှိလို့သာ အခုလက်ရှိအနေအထားကို ရောက်နေကြတာပါ ၊ တစ်ချို့အနေအထားကျပြန်တော့ ကိုယ်တစ်ယောက်တည်းအရမ်းတော်ပေမယ့် ပတ်ဝန်းကျင်အထောက်အပံ့မပါရင် စင်းလုံးချောမအောင်မြင်နိုင်ပြန်ပါဘူး ၊ ရင်းနှီးမြုပ်နှံမှု “ ငွေ ” အသိုက်အဝန်းဝိုင်းရံမှု က လည်း မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အရေးအကြီးအချက်တစ်ချက်ဖြစ်ပါတယ် ။



စီးပွားရေး

          တိုးတက်ပြီးအမေရိကန် ၊  ဗြိတိန်တို့နဲ့ ဥပမာပြရရင် အမေရိကန်မှာ လုပ်ငန်းအောင်မြင်ဖို့ လွယ်ကူပြီး လုပ်ငန်းကြာရှည်ရပ်တည်ဖို့ခက်ပါတယ် ၊ လုပ်ငန်းစဖို့အရေးအကြီးဆုံးက လုပ်ငန်းအစီအမံရှိတဲ့ လူပုဂ္ဂိုလ်-Personnel ဖြစ်ပါတယ် ၊ ဒီတော့ ဘယ်က စလိုက်တာလဲ ၊ တစ်ဦးတစ်ယောက်က စပါတယ် ၊ တစ်ကိုယ်ရေအတွေးအခေါ်-Idea နဲ့ စပါတယ် ၊ တစ်ကိုယ်ရေအစီအမံ-Plan နဲ့ စတင်ပါတယ် ၊ တစ်ဆက်တည်းမှာ အဲဒီလူဟာ အထီးကျန်ပတ်ဝန်းကျင်-Isolated Community မှာရှိမနေမှဖြစ်ပါမယ် ၊ ရှိနေရင်လည်း စီးပွားရေးမှာအောင်မြင်ဖို့မသေချာပေမယ့် အနုပညာနယ်ပယ်မှာ ထူးချွန်ပြီး လူမှုဆက်ဆံရခက်တဲ့ စာရေးဆရာ ၊ ပြဇာတ်ဆရာ ၊ ပန်းချီဆရာ တို့ အောင်မြင်တာမျိုးကတော့ ချွင်းချက်ပါ ။

          အလုပ်ဖြစ်ဖို့ အလုပ်ကို “ စ ”  ဖို့လိုပါတယ် ၊ မည်သို့ပင် ကိုယ်ရောင်တောက်ပ ကိုယ်စွမ်းကိုယ်စရှိနေစေကာမူ အကြံသာရှိပြီး မဖန်တည်းနိုင်သူဟာ အဟောသာရှိပြီး လက်တွေ့လုပ်မပြနိုင်တဲ့ အပြောသမားသက်သက်သာဖြစ်သွားပါလိမ့်မယ် ၊ ကိုယ်နဲ့လက်တွဲလုပ်နိုင်မယ့်သူရှိပြီးရင် လုပ်ငန်းစတင်ဖို့ ငွေကြေး ၊ အရင်းအနှီး ၊ အဆောက်အဦး ၊ တည်နေရာ ၊ သင်းဖွဲ့စည်းမျဉ်း ၊ ဝန်ထမ်းခန့်ထားရေး နဲ့ အကျိုးအမြတ်ခွဲဝေရေး တို့ကို မဦးမဆွ တိုင်ပင်အတည်ပြု နားလည်မှုရယူရပါမယ် ၊ ဒီ့နောက်မှာ ငွေဖြည့်-Fund Raising ဖို့အတွက် ချေးငွေ-Loan ကိစ္စကို အတိုးနှုန်းသက်သာပြီး ဝန်ဆောင်မှုစိတ်ချရတဲ့ ဘဏ်နဲ့ချိတ်ဖို့လိုအပ်ပါတယ် ၊ လူနည်းစုရဲ့အိုင်ဒီယာကို လူများစုအပ်ထားတဲ့ငွေကို အတိုးဆိုတဲ့ဝန်ဆောင်မှုကြားခံပြီး ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ မျှဝေသုံးစွဲကြတယ်ပေါ့ဗျာ ၊ ဘဏ်က လိုအပ်တဲ့မြတ်ငွေ သုံးငွေ စာရင်းရှင်းတမ်း နဲ့ အနာဂါတ်စီးပွားရေးစီမံကိန်းကြိုတင်တွက်ချက်မှု-Future Plan မရှိရင် ငွေဘယ်ချေးပါ့မလဲ ၊ ဒီမှာတင် စာရင်းကိုင် နဲ့ စီမံစီးပွားကျွမ်းကျင်သူတွေ ပါဝင်လာပါပြီ ၊ အဲဒီတော့ လုပ်ငန်းစဖို့စဉ်းစားမိတဲ့လူတစ်ယောက်ဟာ လုပ်ငန်းအမှန်တကယ်စဖို့ အဆင်သင့်ဖြစ်ချိန်မှာ လူအုပ်စုခွဲလေးတွေ စုပေါင်းထားတဲ့ လူအုပ်စုကြီးထဲကို ပူးပေါင်း-Merge လုပ်ရတာ သက်သေပြလိုက်ပါပြီ ။



လူမှုရေး

          တစ်ယောက်တည်းနေဖို့ကြိုးစားတဲ့ လူတွေဆိုတာ ရာဇဝင်မှာရှိခဲ့ပါတယ် ၊ ရလည်းရခဲ့ပါတယ် ၊ နေလည်းနေခဲ့ပါတယ် ၊ နောက်တော့ လူဟာ မိမိကိုယ်ပိုင်အကျိုးကနေ မိမိအနားရှိလူတွေရဲ့ကောင်းကျိုးကိုလုပ်ဖို့လိုအပ်လာတယ်ဆိုတာ သိရှိလာပြီး အတူတကွနေထိုင်လာရင်း လူမှုရေး “ စံ “ စံနစ်ဖြစ်ပေါ်လာတယ်လို့ မှတ်သားဖူးပါတယ် ၊ ကိုယ်တစ်ဦးတည်းကောင်းဖို့ အတ္တ လုပ်ရာကနေ ပရဟိတ အများကောင်းကျိုးလုပ်ရင်း အောင်မြင်မှုခရီးလမ်းကို ခက်ခဲကြမ်းတမ်းစွာရုန်းကန်သွားကြရတဲ့ သာဓကပေါင်းများစွာ လူသမိုင်းမှာ ရှာဖွေတွေ့နိုင်ပါတယ် ၊ မိမိရပိုင်ခွင့်ထက်ကျော်ပြီး လိုတလောဘကြီးတဲ့လူတွေ လူမှုရေးအလုပ်ကိုမလုပ်နိုင်ပါဘူး ၊ လုပ်ရင်လည်း သူ့အကျိုး သူရဖို့ကိုသာသိတဲ့အတွက် လူအများစုနဲ့ သဟဇာတမဖြစ်ပြန်ပါဘူး ၊ စိတ်ကိုမပြင်နိုင်သ၍ အနှီပုဂ္ဂိုလ်ဟာ လူ့အသိုင်းအဝိုင်းအပြင်ဘက်ကို သူ့အလိုလိုရောက်ခြင်းမလှရောက်လာပါတယ် ၊ အဲဒီအခြေအနေရောက်မှ သူဟာ လူတွေကြားထဲမှာမှ ရရှိတဲ့ ပျော်ရွှင်မှု ၊ စည်းလုံးမှု ၊ ပုးပေါင်းဆောင်ရွက်မှု နဲ့ အရပ်ဆွေမျိုးစကားနဲ့ပြောရရင် လူစုပြီး အစားအသောက်အတူစားချင်တဲ့စိတ်တွေဖြစ်လာပါတော့တယ် ။


 အဲဒီတော့ သူ့ရဲ့ကိုယ်ကျိုးကြည့်မှုကိုစမ်းပြီးစွန့်လွှတ်ကြည့်ရာကနေ အများအကျိုးကို ပြုလုပ်ဆောင်ရွက်နေရင်းမှန်းမသိဖြစ်ကာ သူဟာ ပျော်ရွှင်တဲ့ ပရဟိတ ဆောင်ရွက်သူအဖြစ်ကို ရောက်ရှိလာပါတော့တယ် ၊ ဒီကြိုးစ ကိုဆွဲပြီး ပေးကမ်းစွန့်ကြဲခြင်း ၊ အလှူဒါနလုပ်ခြင်း စတဲ့ မြင့်မြတ်တဲ့ လူမှုကိစ္စရပ်တွေကို လူ့အဖွဲ့အစည်းက သင်ပေးလိုက်ပါတယ် ၊ အိုစာ နာစာ ချန်ပြီး နောင်လာနောက်သားမျိုးဆက်သစ်တွေ ဆက်လက်ထိန်းသိမ်းဖို့ လက်ဆင့်ကမ်းပရဟိတ ကို ထိုလူသားဆက်လက်ဆောင်ရွက်လာတဲ့အချိန်မှာ လူ့လောကဟာ အေးချမ်းလှပ အဓိပ္ပာယ်ရှိလာပါတော့တယ် ။



နိုင်ငံရေး

          တစ်ဦးတည်းကနေ တစ်သင်းတစ်ဖွဲ့ တစ်နိုင်ငံဖြစ်လာတဲ့နောက်မှာ ပူးပေါင်းဆောင်ရွက်ခြင်း- Co-operation ရဲ့ အရေးပါမှုဟာ လူ့အဖွဲ့အစည်းရဲ့ လည်ပတ်မှုမဏ္ဍိုင်ဖြစ်လာပါတယ် ၊ လူဟာ ငယ်စဉ်သူငယ်ချင်းပေါင်းသင်းဆက်ဆံရေး ကစ ထိပ်ပိုင်းနိုင်ငံအုပ်ချပ်ရေးအထိ မိမိရဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားကြပါတယ် ၊ ကိုယ့်သဘောထားကို သူတစ်ပါးနားလည်အောင်ပြောဆိုရင်း မိမိနဲ့တစ်သဘောတည်းရှိအောင် ရှင်းပြတတ်ပါတယ် ၊ ဒီလိုနဲ့ အသိုင်းအဝိုင်းထဲကိုဝင်ဆန့်တဲ့ အများအကျိုးရှေ့ရှုလုပ်ကိုင်သူတွေပေါ်ပေါက်လာပါတယ် ၊ တစ်ချိန်တည်းမှာ လူ့အသိုက်အမြုံရဲ့ ယျဉ်ကျေးမှုကိုဆန့်ကျင်တဲ့ ကျင့်ဝတ်ပျက်လူရမ်းကားတွေ ၊ လူပေါ်လူချင်း အမြတ်ထုတ် လိမ်လည်သူတွေ နဲ့ အာဏာလက်ဝယ်ရှိသူနဲ့ ပေါင်းစားပြီး အားနည်းသူကို ဖိနှိပ်စီးပွားရှာသူ လူတန်းစားတွေ ၊ လူအညွန့်တက် ဂုတ်ခွစီးတွေရှိလာကြပါတယ် ။


လောကပါလ တရားကိုဆန့်ကျင်ပြီးလုပ်သူတွေ လူ့အသိုင်းအဝိုင်းမှာပေါ်လာချိန်မှာ လူ့အရင်းအမြစ်သုံးစွဲမှု ၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုတွေ ကျဆင်းလာပါတယ် ၊ ဒီအခါမှာ အကျိုးနည်းလူနည်းစုထိခိုက်သမျှကို ကာကွယ်ဖို့လူစုပြီးဆွေးနွေးတိုင်ပင်တဲ့အခါ အများသဘောတူတဲ့ ကျူးလွန်သူကိုအပြစ်ပေးပြီး နစ်နာသူကို ကာကွယ်ဖို့ ဒဏ်ပေးဘုံနားလည်မှု စည်းကမ်းတွေကို အတူတူလုပ်ဆောင်ဖို့ သဘောတူတဲ့ ယခုခေတ်အဆို-ဥပဒေ ကို စတင်သုံးစွဲကြပါတယ် ၊ ဒီပုံဒီနည်းနဲ့ လူတစ်ဦးတစ်ယောက်ရဲ့အသက်အိုးအိမ်စည်းစိမ်ကို အများသဘောတူတင်မြှောက်ခြင်းခံရတဲ့ အဖွဲ့ငယ် က စီမံကိုင်တွယ်ခွင့် ရသွားပါတယ် ၊ အဆိုပါအဖွဲ့ကို ဦးဆောင်တဲ့ တစ်ဦးတစ်ယောက်က သူ့ကိုတင်မြှောက်တဲ့ လူထုအတွက်ပြန်လည်ဆုံးဖြတ်ပေးရင်း အုပ်ချုပ်သူလူအစုအဝေးကြီးတစ်ခု ပေါ်ထွန်းလာတယ် ။


 ဒါကြောင့် တစ်ဦးတည်းမနေနိုင်တဲ့လူဟာ စုဝေးနေထိုင်ရင်း ပြသနာတွေပေါ်လာတိုင်း ခေါင်းဆောင်ဆိုတဲ့ တသီးပုဂ္ဂလစွမ်းဆောင်ရည်ကြောင့် သူ့ပြသနာတွေပြေလည်ရတယ် ၊ အများလက်ခံတဲ့ ကွန်စတီကျူးရှင်း လို့ခေါ်တဲ့ သင်းဖွဲ့စည်းမျဉ်းအတိုင်း လူနည်းစု လူများစု တစ်ပြေးညီလိုက်နာကြတယ် ၊ အပေါ်ဆုံးက ဦးဆောင်သူ ( တစ်ဦးတည်း ) က အောက်ခြေက အများစုအကျိုးကို ဖော်ဆောင်ရင်း သာယာတဲ့ လူ့လောက ဖြစ်လာရပါတယ် ၊ အထီးကျန်မနေခြင်းရဲ့ ကောင်းကျိုးအနေနဲ့ လူ့ကျင့်ဝတ်တွေ “ စံ “ အဖြစ် ရရှိခဲ့သလို ကျင့်ဝတ်မလိုက်နာသူများကိုအရေးယူဖို့ ဆိုးကျိုးမွေခံထိုက်စေအနေနဲ့ ပြစ်ဒဏ် နဲ့ ဥပဒေတို့ပေါ်ပေါက်လာပါတယ် ။


နိဂုံး

          အိမ်ထောင်ပြုတာဟာ ယျဉ်ကျေးမှုဖြစ်သလို ဒီဘက်ပွင့်လင်းလူ့အဖွဲ့အစည်းခေတ်မှာ အိမ်ထောင်ရေးဟာ လူသား ( ၂ ) ဦးပေါင်းဖက်တာလောက်တင်မဟုတ်ဘဲ နိုင်ငံရေးဖြစ်တယ် ဆိုတဲ့အထိ အဓိပ္ပာယ်ဖွင့်လာကြပါတယ် ၊ ဒါတင်မကသေးပါဘူး အောက်ခြေက တစ်ဦးချင်းသောလူသားတွေရဲ့အကျိုးကို အပေါ်က စီမံခန့်ခွဲပေးတဲ့ ဦးဆောင်သူ တစ်ဦး တစ်ဖွဲ့က ကိုယ်ချင်းစာ ဗြဟ္မစိုရ်တရား နဲ့ အကျိုးလိုလား ဖြေရှင်းပေးရင်း လူထုတိုင်းပြည်-People’s Country ဆိုတဲ့ ဒီမိုကရေစီစံနစ်ရှင်သန်အောင်မြင်ခဲ့ပါပြီ ၊ သူ့ထက်ကောင်းတဲ့စံနစ်လည်း အခုထိမပေါ်သေးပါဘူး ၊ လူကိုလူလိုသိတဲ့ ဒီမိုကရေစီဆိုတဲ့ “ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ” ကို မြန်မာနိုင်ငံဆိုတဲ့ “ အထိမခံ ရွှေပန်းကန် ” နဲ့ ကျကျနန မကြွေသွားအောင် ကာလဒါနပြု ပျိုးထောင်ရမှာ တစ်ဦးတစ်ယောက်ချင်း ရွှေနိုင်ငံသားတွေရဲ့တာဝန်ပါ ။


 ဒါကြောင့် “ ဒီအခြေအနေအထိရောက်အောင် ငါ တစ်ယောက်ထဲလုပ်လာတာကွ ” လို့ပြောတဲ့သူတွေကိုပြောလိုက်ချင်ပါတယ် ၊ တကယ်တမ်း တစ်ယောက်တည်းလုပ်လို့ရတာ နှစ်ခုပဲ ရှိပါတယ် ၊ “ အိပ်ခြင်း ” နဲ့ “ သေခြင်း ” တွေပါပဲ ၊ ပြည်သူကိုကြည့်တဲ့ တစ်ဦးတစ်ယောက်ကို ဦးဆောင်ခိုင်းရင် ပြည်သူ့တိုင်းပြည်ဟာ  “ နိုးကြား “  ပြီး ပြည်သူတွေ “ အသက်ရှင် “  ပါမယ် ၊ မိမိနဲ့ ရွာနီးချုပ်စပ်ကိုဘဲကြည့်တတ်တဲ့သူကို နိုင်ငံအပ်ရင် တိုင်းပြည်ဟာ “  အိပ်ပျော် “ နေပြီးတော့ ပြည်သူတွေ “ ရှင်လျက်နဲ့သေ “ ရပါလိမ့်မယ် ။


ကိုညီင်္ညီ ( တောင်ကြီး ) 

No comments: