ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, November 28, 2014

ကျွန်တော်သင်ယူခဲ့ရသော စကားများ - Quality

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဟယ်ရယ်ဖို့ဒ် မဖြေနိုင်တဲ့ ကွန်ပျူတာနာမည် Asus ကို “ အေးစုစ် “ လို့ပဲဖတ်ပါတယ် .. အဇူးစ် နဲ့ အားစုစ် ဆိုရင်တော့ မမှန်တာကို နောက်ပိုင်းမှာ လေ့လာမိလာတယ်။ သူက အငြိမ်းစားယူဖို့ နှစ်သိပ်မလိုဘူးလေ။ လုပ်သက်ကကြာ၊ အရှေ့အလုပ်က ကုမ္ပဏီက ပြည်နယ်ပြောင်းသွားလို့ လူလျှော့တဲ့ထဲပါသွားရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာခဲ့သူပါ။
.
ကျွန်တော်အလုပ်လုပ်တဲ့ ကုမ္ပဏီက ကျန်းမာရေးဆေးကုပစ္စည်းတွေ ထုတ်လုပ်တဲ့ Medical Devices လုပ်ငန်းဖြစ်နေတော့ တစ်ခုမေးဖို့ စဥ်းစားမိတယ်။ အမေရိကားမှာ အရည်အသွေးဆိုတဲ့ - Quality ဆိုတာ ဘာလို့ ဒီလောက်အထိအရေးကြီးတာလဲပေါ့။ ဒါနဲ့ သူက ရှင်းပြတယ်။
.
“ အမေရိကားက ကိုယ့်နိုင်ငံသားတွေကို ခိုင်းတာထက်ပိုသက်သာလို့ တစ်ခြားနိုင်ငံတွေမှာ အလုပ်အပ်တဲ့ Outsourcing ဆိုတာ သိလား “ လို့မေးတယ်။ ကျွန်တော်က သိတယ်လို့ ဖြေတဲ့အခါ “ ဒါဆို ပစ္စည်းဈေးနှုန်းတူမယ်ကွာ .. Made in China  နဲ့ Made in U.S.A   နှစ်မျိုးထဲက ဘာကိုသုံးမလဲတဲ့။
.
အဖြေက ရှင်းပါတယ်။ အမေရိကားမိတ်ပဲ သုံးမှာပေါ့ .. လူတိုင်းသိတယ် လို့ ပြန်ဖြေလိုက်တော့ ဒီလိုဆက်ပြောပြန်တယ်။
.
“ ဟုတ်ပြီကွာ။ အလုပ်အပ်ထားတဲ့နိုင်ငံတွေမှာ တရုတ်၊ ဗီယက်နမ်၊ အိန္ဒယ၊ ပါကစ္စတန် ရှိမယ်။ ဒီထဲက တရုတ်ကို ရွေးပြီးပြောကြတာပေါ့။ သူတို့ဆီမှာ ခိုင်းထားတဲ့အလုပ်နဲ့ အရည်အတွက် ပြည့်ရင် ပြီးပြီးလို့ ယူဆတယ်။ အမေရီကားမှာလည်း ဒီလိုပါပဲ။ ဒီမှာက Quality ကို ပိုဂရုစိုက်တယ်။ ဒါကြောင့် အမေရိကားမှာလုပ်တဲ့ ပစ္စည်းကို ဈေးတူမရောင်းနိုင်ဘူး။ တစ်ခြားအကြောင်းတစ်ခုက လုပ်လ နာရီစား ဈေုးကြီးတာလည်းပါတယ်။ ဒါကြောင့် ဒီနိုင်ငံဖြစ်ဆိုရင် လူတွေက ပိုအထင်ကြီးတယ်။ ပိုကောင်းတယ်လို့ ယူဆမယ်။ သီအိုရိလိုချည်းပြောနေတော့ မင်းစိတ်ရှုတ်သွားမှာပေါ့။ ဥပမာ ပေးမယ် နားထောင် “ ဆိုပြီး အောက်က စကားကို အဖြေပေးပါတယ်။
.
“ တရုတ်ပြည်မှာ လူ ( ၉ ) ယောက်ရေနစ်ရင် လူ ( ၁ ) ယောက်က ကူညီဖို့မစဉ်းစားဘူးကွ။ အမေရိကားမှာ လူကိုတန်ဖိုးထားတော့ လူ ( ၁ ) ယောက်ရေနစ်နေရင် လူ ( ၉ ) ယောက်က ဆင်းဆယ်ကြတယ်။ ဒါက အရည်အသွေးနဲ့ လူသားအရင်းအမြစ်တွေကြောင့် လုပ်ခပိုဈေးကြီးလာရတဲ့အကြောင်း “
.
“ Quality ပိုကောင်းတာကျတော့ ဒီလို .. ပစ္စည်းတစ်ခုထုတ်လုပ်ပြီးတဲ့အခါ Quality ကောင်းမကောင်းကို တရုတ်ပြည်မှာ အဲဒီပစ္စည်းကို လူ ( ၁ ) ယောက်က သေချာအောင် ( ၃ ) ခါ စစ်တယ်။ အမေရိကား Quality ကျတော့ ဒီပစ္စည်း ( ၁ ) ခုတည်းကို လူ ( ၃ ) ယောက်က ( ၃ ) ခါ စစ်တယ်။ ဒါဆို အရည်အသွေးကောင်းသလောက် ဈေးကြီးပြီပေါ့ကွာ “ ဟူသတည်း။
.
စာဖတ်သူ ရွေမြန်မာများရော ကိုယ့်ဦးခေါင်းထဲ ထည့်မည့်ပစ္စည်းဟာ Made in China ဆိုရင် သုံးပါ့မလား?
.
အခုတော့ ဟယ်ရယ်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ ( ၂ ) လလောက်မှာ သက်ပြည့်ပင်စင်ယူသွားပါပြီ။ သင်ပြပေးခဲ့တဲ့ အသိပညာများအတွက် မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးပါဗျာ။
-
Thank you Harold, I appreciate your contribution to our people. God bless you
.
ဓါတ်ပုံ - အင်တာနက်

" ကျွန်တော်သင်ယူခဲ့ရသော စကားများ - Quality " စာမူသည် ၂ဝ၁၅ မေလ ( ၉ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈၃ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။


ကျွန်တော်သင်ယူခဲ့ရသော စကားများ - Customer Service

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်စဝင်ခါစ ဘာဆိုဘာမှ သိပ်မသိသေးခင်မှာ လုပ်သားခေါင်းဆောင်ကလည်း ကျွန်တော့ကို ဘယ်မှာနေရာချရမယ်ဆိုတာ သေချာမသိသေးပါဘူး။ ဒါနဲ့ တစ်ခြားနေရာမှာ သင်ကြားဖို့ Cross Training လွှတ်လိုက်တဲ့အခါ ထုတ်ပိုးယူနစ် Pouching ဖက်ကို ထရိန်နင်သွားရပါတယ်။ နောက်ပိုင်းမှာခင်မိတဲ့အသက်ကြီးကြီး လူဖြူအမျိုးသားကြီး ဟာရိုဖို့ဒ် - Harold Ford ပြောခဲ့ဖူးတဲ့ စကား ( ၂ ) ခွန်းကို သတိရနေမိတယ်။
.
တစ်ရက်တော့ အလုပ်မှာသုံးတဲ့ ကွန်ပျူတာနာမည် Asus ကို အသံမထွက်တတ်လို့ သူ့ကို မေးမိတယ်။ သူကလည်း မသိဘူးတဲ့။ နောက်မှသိရတာ သူက နည်းပညာရပ်ဝန်း ဆီလီကွန်တောင်ကြား ဆန်ဟိုဆေးမြို့မှာ နှစ်များစွာအလုပ်လုပ်ဖူးတဲ့ ကွန်ပျူတာပညာရှင်တစ်ယောက်ဖြစ်နေတယ်။ သူဟာ ကွန်ပျူတာအားလုံးကိုသိသူဖြစ်ပြီး ကွန်ပျူတာနာမည်တွေကို မသိပါဘူးတဲ့။ ဆိုလိုတာက အမေရိကားမှာ တပ်ဆင်တဲ့ကွန်ပျူတာဆိုတာ ခပ်ရှားရှားပဲ။ ဒါကြောင့် ဘယ်မှာပဲဆင်ဆင် ဘာတံဆိပ်ပဲတပ်တပ် ကွန်ပျူတာဝယ်မယ်ဆိုရင် သူက တစ်ခုပဲ စဉ်းစားတယ်။ အဲဒါကတော့ “ ဝန်ဆောင်မှု - Service ” ပဲ ဖြစ်ပါတယ်။
.
ရုပ်ထွက် - Hardware ဘယ်လိုကွာကွာ အထဲက လည်ပတ်မှုစံနစ် - Operating System က ပြသနာဖြစ်တတ်တဲ့အမျိုးပါ။ ဒါကြောင့် ကိုယ်ပစ္စည်းပျက်ရင် ဘယ်နားသွားပြင်ရမလဲ? ဒါက သိပ်အရေးကြီးတယ် လို့ သူကဆိုတယ်။ အများသိတဲ့အတိုင်း အာမခံ - Warranty က ( ၁ ) နှစ်ပေးနေကျ၊ သို့သော် ဒီအာမခံကို ကောင်းမွန်စွာအသုံးမချတတ်ရင် အလုပ်ပျက်၊ အချိန်ကုန်၊ စိတ်ပင်ပန်းဆင်းရဲတယ်။ ဒါကြောင့် သူဆို ကွန်ပျူတာ၊ နည်းပညာ နဲ့ ဆက်စပ်ပစ္စည်း - Gadget တစ်ခုခုဝယ်ရင် သုံးစွဲသူဝန်ဆောင်မှု - Customer Service မကောင်းရင် မဝယ်ပါဘူး တဲ့ဗျား။
.

ဓါတ်ပုံ - အင်တာနက်

" ကျွန်တော်သင်ယူခဲ့ရသော စကားများ - Customer Service  " စာမူသည် ၂ဝ၁၅ မေလ ( ၉ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈၃ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။



အလိုက်မှားမိတဲ့ ချော့ကလက်ည

ဆောင်းပါးရှင် - ကိုည်ီညီ ( တောင်ကြီး )
.
.
“ အဖေ .. သွားတော့မယ်လေ။ စိတ်လျှော့လိုက်ပါတော့။ ဒါဟာ အငယ်ကောင်ဆိုတာ သေချာပါတယ်။ ကျွန်တော်ဒီအခန်းကိုမဝင်ခင် ဟိုးအဝေးကြီးကတည်းကသိတယ် ” အဖေ့ကို ကျွန်တော်ချော့တယ်။

အဖေက “ နေပါဦး။ ငါ့သားကို ငါသေချာကြည့်ပါရစေဦး ” ဆိုပြီး အပြင်ကိုပြန်ထွက်ဖို့ အကြောက်အကန် ငြင်းနေတယ်။

“ လာပါ .. အဖေရာ ပြန်ရအောင်။ ကြည့်ပါလား .. ဂျူနီယာလေးခင်မျာ သက်တောင့်သက်သာနဲ့ ဘယ်လောက်မှ မခံစားလိုက်ရဘူး။ အခုဒီလိုအကြောင်းပေါ်တာလည်း ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲ။ သူကောင်းရာဘုံဘဝမှာစံပျော်သွားပါပြီ .. နော် .. ပြန်ကြရအောင်နော် .. အိမ်မှာ အမေလည်း အငိုတိတ်ဦးမှာ မဟုတ်ဘူး။ အဖေလည်း သိလျက်သားနဲ့ ” ဒုတိယမိ အဖေ့လက်မောင်းလေးကိုကိုင်လှုပ်ရင်း မျက်ရည်စို့နေတဲ့အဖေ့ကို တွဲလာရင်း ဒုတိယမိကျလာတဲ့မျက်ရည်တွေကို အဖေမမြင်အောင် ကျွန်တော်သုတ်နေမိပါတယ်။
.
တစ်ကယ်က အဖေ့ရှေ့မှာ ကျွန်တော်မငိုခဲ့ပါဘူး။ ခပ်လှမ်းလှမ်းကတွေ့လိုက်တော့ သိလိုက်ပြီ။ သူမှသူပါပဲ။ အနီးနားရောက်တဲ့အခါ ကျွန်တော့်ညီဆိုတာ သက်သေခံနိုင်ပြီးတဲ့နောက် ကျွန်တော်မအောင့်နိုင်တော့ဘူး။ ဒါနဲ့ သန့်စင်ခန်း - Restroom ခဏသွားမယ်ဆိုပြီး ရေခဲတိုက်ထဲက လှည့်ထွက်ခဲ့တယ်။ ဟုတ်တယ် .. ဒီသန့်စင်ခန်းဟာ ကျွန်တော်ငိုရမယ့်နေရာပဲ။ မိသားစုရှေ့မှာ ကျွန်တော်ငိုလို့မဖြစ်ဘူး။ အစ်ကိုကြီးနေရာကနေ တောင့်တောင့်ခံနိုင်ကြောင်း ကျွန်တော်ပြရမယ်။
.
အဖေ့မိသားစုမှာ ကျွန်တော်အကြီးဆုံးသားပါ။ ကျွန်တော့အောက်မှာ အငယ် ( ၈ ) ယောက် ရှိသေးတယ် .. ဒီထဲက ဂျူနီယာလေးက အငယ်ဆုံး၊ အားလုံးကအချစ်ဆုံး၊ စာအတော်ဆုံး၊ အထူးချွန်ဆုံး ညီလေးတစ်ယောက်ပါ။ ဒီအကြောင်းတွေပြန်တွေးမိတိုင်း ကျွန်တော့်ရင်တွေ အရမ်းလေးတယ်။ အသစ်ပြန်ဖြစ်သလို ဆို့နစ်စွာ ခံစားရတယ်။ ကျွန်တော်တို့မိသားစု ဖိလစ်ပိုင်ကပြောင်းရွှေ့လာတော့ ဟာဝိုင်ယီက နာနတ်သီးစက်ရုံမှာ အိမ်တစ်လုံးရတယ်။ အဖေနဲ့သားကြီးကျွန်တော်က ဦးဆောင်၊ နာနတ်သီးဆွတ်ပြီး ဈေးကွက်ကိုတင်ဖို့ ပြင်ဆင်ပေးရတဲ့အလုပ်လုပ်တယ်။ အငယ်ကောင်က ဒီ အမေရိကားရောက်မှမွေးတဲ့ အဖေ နဲ့ အမေရဲ့ အထွေးဆုံးသားရတနာ။ ဒါကြောင့်လည်း အချစ်တွေ ပိုကြတာ။

Sunday, November 23, 2014

အလီဘာဘာ ရဲ့ တစ်ကိုယ်တော်အရောင်းနေ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အနောက်နိုင်ငံတွေမှာ ကျေးဇူးတော်နေ့လွန် သောကြာနက်နေ့  - Black Friday ရဲ့ အထူးလျှော့ဈေးများဟာ တရုတ်နိုင်ငံသားများရဲ့ရင်ကို မလှုတ်ခတ်နိုင်ခဲ့ပါဘူး။ ထိုနည်းတူစွာ ကျေးဇူးတော်နေ့သတ္တပတ် - Thanksgiving Day Weekends အနားယူပြီးနောက် ဆိုင်ဘာတနင်္လာ အွန်လိုင်းဈေးဝယ်နေ့ - Cyber Monday ဟာလည်း ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံသားများ ဆင်နွှဲဖို့ အခက်အခဲတွေ ရှိကြတယ်။ ဒီိအခက်အခဲတွေကိုဖြေရှင်းဖို့အကြောင်းပြပြီး ဖေဖော်ဝါရီလ ( ၁၄ ) ရက်နေ့မှာကျရောက်တဲ့ ချစ်သူများနေ့ကိုတုံ့ပြန်ဖို့ရည်ရွယ်တဲ့ တစ်ကိုယ်တော်နေ့  - Single’s Day ကို ( ၂ဝဝ၉ ) ခုနှစ်အရောက်မှာ တရုတ်နိုင်ငံမှာ ကိုယ်ပိုင်သတ်မှတ်နိုင်ခဲ့တယ်။ ဒါကိုဦးဆောင်သူက အခုလက်ရှိ အမေရိကန်စတော့ဈေးကွက်မှာ သူ့ရဲ့ ကုမ္ပဏီကို စာရင်းတင်သွင်းပြီးသကာလ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်သွားသူ အလီဘာဘာ - Alibaba.com အွန်လိုင်းအရောင်းဆိုဒ်တည်ထောင်သူ ဂျက်မာ - Jack Ma ဖြစ်ပါတယ်။
.
ဒီလှုပ်ရှားမှုကိုစတင်ပြီး ( ၃ ) နှစ်အကြာမှာ Double -11 ဆိုတဲ့ အထိမ်းအမှတ်ကို အမေရိက မှာ မူပိုင်ခွင့်မှတ်ပုံတင်နိုင်ခဲ့တယ်။ အကြောင်းက Single’s Day ဟာ မှတ်လို့လွယ်အောင် ( ၁၁ ) လပိုင်း ( ၁၁ ) ရက်နေ့မှာ ကွက်တိသတ်မှတ်ထားလို့ပါ။ ( ၂ဝဝ၉ ) မှာစခဲ့တုန်းက ပါဝင်ရောင်းချသူကုမ္ပဏီ ( ၂၇ ) ခုသာရှိခဲ့ပေမယ့် ဈေးဝင်ရောင်းသူ - Vendor ( ၂၇ဝဝဝ ) ရှိခဲ့လို့ မျက်နှာပန်းလှခဲ့ရုံမက ပြီးခဲ့တဲ့နှစ်အထိရောင်းချရငွေ ယွမ်ငွေ သန်းပေါင်း ( ၃၅ဝဝ ) အထိ စံချိန်တင်နိုင်ခဲ့တယ်။
.
ဈေးလျှော့ရောင်းမယ့်ကုန်ပစ္စည်းတွေကို အောက်တိုဘာလ ( ၁၅ ) ရက်နေ့လောက်ကတည်းက ကြိုတင်ကြော်ငြာကြတယ်။ အွန်လိုင်းဈေးဝယ်သူ - Online Shoppers တွေက ကောင်းနိုးနိုး ပစ္စည်းလေးတွေ ရှာဖွေရင်း နိုဝင်ဘာ ( ၁၁ ) ရက်နေ့မရောက်ခင်အထိ ရင်ခုန်နေရတဲ့ ကာလဆိုရင်မမှားပါဘူး။ တစ်ချို့ရောင်းသူဆိုဒ်တွေမှာလိုချင်တာကို ဈေးခြင်းတောင်း - Shopping Cart ထဲ ထည့်ဝယ်ထားနိုင်ပြီး တစ်ကိုယ်တော်နေ့ရောက်လို့ ပစ္စည်းပို့မယ်ဆိုတော့မှ ဘဏ်ကဒ်ထဲကငွေနှုတ်ယူတဲ့နည်းနဲ့ သူ့ထက်ကိုယ် စောရောင်းရအောင် နည်းလမ်းတွေ သုံးကြပါသေးတယ်။