ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, August 21, 2013

ဒီမိုကရက်တစ် ဂျာနယ်လစ်ဇင် အက်ဆေး




               တိုးတက်ပြောင်းလဲလာသော ဒီမိုကရေစီလျှောက်လမ်းတွင် ဒီမိုကရက်တစ် ဂျာနယ်သမား တစ်ယောက်အဖြစ်ပါဝင်ခွင့်ရသည့်အတွက် လက်ရှိခေတ်ကို ကျေးဇူးတင်မိပါသည် ၊ အသွင်သစ် အမြင်သစ်ဖြင့် ပါဝင်ပြောဆိုကြသည့် သုတ ၊ ရသ ၊ ဒီမိုကရက်တစ်သုံးသပ်ချက် ( သို့ ) အမှားအမှန်ခွဲခြားသိနိုင်သည့်ထောက်ကွက် ( Concept ) တို့ဖြင့် ဆင်ယင်ထုတ်ဝေခွင့်ရနေကြပြီဖြစ်သည် ၊ ကလောင်ရှင်သည် အရမ်းကြီး သတင်းရေးသားတတ်ဖို့မလို  အတွေ့အကြုံသာလိုသည် ၊ ရသစာပေ သင်ပြတတ်ဖို့မလို ပြောပြတတ်ဖို့သာလိုသည် ။

          စာပေစီစစ်ရေးစတင်ဖြေလျော့ပေးချိန်တွင် လူအများ စတင်စိတ်အဝင်းစားဆုံးသတင်းများမှာ လွတ်လပ်ခွင့်ကိုစောင့်မျှော်နေကြသော ဒဏ်ရာဒဏ်ချက်အရေးအသားများဖြစ်သည် ၊ အနှစ်နှစ် အလလ က စောင့်ခဲ့ရသော ပွင့်လင်းသောတင်ပြမှုများ အသက်ရှုခွင့်ရလာပေပြီ ၊ နှစ်ရှည်အကျဉ်းကျ အနစ်နာခံလူပုဂ္ဂိုလ်များ၏ရေးစားဖော်ပြချက်များသည် ဂျာနယ်များပေါ်တွင် ကော်လန်ပြည့်ကျက်စားလာခဲ့ပါတော့သည် ၊ သတင်းဖေါ်ပြမှုအားကောင်းလာသည်နှင့်အားလျော်စွာ မြန်မာပြည်သူများ လက်ကိုင်ဖုန်းများပေါ်ရှိ လူမှုကွန်ယက်များပေါ်တွင် လူအခွင့်အရေးအပြည့်အဝခံစားခွင့်ရှိနေကြပြီဖြစ်သည် ၊ ရုပ်ပုံခံစားမှုများအဖြစ် အနောက်တိုင်းဆန်သော အရှေ့တိုင်းလွန် ဓါတ်ပုံများက ပုရိသများကို ခပ်ကြမ်းကြမ်းဖမ်းစားကာ အသက်သွေးကြော ဂျာနယ်ရောင်းအားကို ကိုင်းဆက်သွယ်တန်းပေးနေကြလေပြီ ။

 
          တကယ်တန်းတော့ ဒီမိုကရက်တစ်ဂျာနယ်လစ်ဇင် ဝေါဟာရသည် သတင်းဂျာနယ်မှာ ပေးထားသော အခေါ်အဝေါ်သစ်မဟုတ် ၊ စာဖတ်သူများက မဲပေးရွေးချယ်ထားသော အများမြှောက်တင် စကားလုံးဖြစ်သည် ၊ လွတ်လပ်လိုသူအများစု၏ ကျော်ကြားသောသတင်းရေးသားမှုအနှစ်သာရသည် လူအကြောင်းအခြေခံ လူအုပ်ထဲမှပင် စတင်ပေါ်ပေါက်လာခဲ့သည် ၊ ကောင်းသတင်း ဆိုးသတင်း များကို ဂျာနယ်များက ကြာခံဖြန့်ချိပေးခြင်းတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်နေကြသော မြန်မာဂျာနယ်လောက ရှင်သန်လာနေပါပြီ ။

          ဂျာနယ်တစ်ခု၏အာဏာပိုင်အစိုးရမှာ အယ်ဒီတာအဖွဲ့ဖြစ်သည် ၊ ထိုအထဲတွင် အလုပ်လုပ်သောအဖွဲ့နှင့် အဆုံးဖြတ်အဖွဲ့ ကဲ့သို့သော အာဏာခွဲဝေမှုဗြူရိုကရေစီ ကို ထပ်မံလေ့လာရပြန်လေသည် ၊ ပေးပို့လာသောစာမူများကို “ လိုရင်သုံးမည် အကြောင်းပြန်စရာမလို “ ဆိုသည့် ရှေးကျောတင်း စာတည်းများ နှင့် ခေတ်အလိုက်လွန် အင်တာနက်တာဝန်ခံများကြား မြေစာပင်ဖြစ်သည့် ကလောင်သစ်များမှာ ဘဝရပ်တည်ရေးမလွယ်လှပါ ၊ ပို့နေကျ ပါနေကျ စာမူ မူပိုင်ရှင်ဖြစ်ဖို့ စာရေးသက်ရှိရမည် ၊ ခေတ်က ပစ်ချလိုက်သော အကြောင်းအရာတစ်ခုကို အမဲလိုက်ကျဘမ်း တန်ပြန်ရေးသားနိုင်ရမည် ဒါဆိုလျှင် ပင်တိုင်ဖြစ်နိုင်ပါမည် ၊ ပရိသတ်စောင့်ဖတ် အခန်းဆက် သမ္ဘာရင့်စာရေးဆရာများမှအပ အကြောင်းပြန်ကြားခြင်းမခံရ ၊ အခါခါဆက်သွယ်သော်လည်း “ အီးမေးမပြန်တော့ ဘယ်သူသိတာမှတ်လို့ “ ဟုများ သဘောထားနေရော့လားမသိ ၊ အလကားပေးလျင်တောင် ယူမည့်သူမရှိသည့် ဘဝသမား ကော်လံစားများကို ကိုယ်ချင်းစာသင့်လှပါသည် ။

          အခြားသောဒီမိုကရက်တစ်ဂျာနယ်လစ်များကမူ နာမည်ကြီးဆောင်ပုဒ်များဖြစ်ကြသော အမေရိကန် ပြင်ဆင်မှုဥပဒေ( ၁ )ပါ လွတ်လပ်စွာပြောဆိုခွင့် ၊ စီတန်းခွင့် ၊ လူ့အခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဦးထိပ်တင်ဖော်ပြပေးကြသည် ၊ လူထု၏စိတ်ဝင်စားမှုနောက်ဆက်တွဲကို အခန်းဆက်ကားရှည်ရိုက်ကာ ဖော်ပြ၍မပြီးနိုင်အောင်ဖြစ်နေကြတော့သည် ၊ လုပ်စား ရိုက်စား ပုံနှိပ်စား စိတ်ဓါတ်ရှိသူများနှင့်တွေ့မိသော စီးပွားရေးလုပ်ငန်းရှင်များသတိပြုသင့်သောအချက်မှာ ကိုယ့်ပစ္စည်း ကိုယ့်လုပ်ငန်းကို ယခုဂျာနယ်က မည်မျှထိရောက်အောင် ၊ မည်မျှရောင်းအားတက်အောင်လုပ်ပေးနိုင်သနည်း ဆိုသည့် ဈေးတွက်သင်္ချာ တတ်မြောက်မှ လုပ်ငန်းရေရှည်တည်တန့်မည်ဖြစ်လေသည် ၊ သို့တည်းမဟုတ် “ ဈေးကွက်ကောင်းရာလုကြော်ငြာပရိယာယ် “ထဲတွင် တဝဲလည်လည်နှင့် မိမိတို့၏ မားကက်တင်းငွေများ အဟောသိကံဖြစ်ဖွယ်ရှိနေသည် ။

          သို့ဆိုလျှင် အတွေ့အကြုံကောင်းများရေးသားသူများ ၊ ခရီးသွားဆောင်းပါးရေးသူများ ၊ ပျော်ရွင်ဖွယ်ရာအလုပ်လုပ်ကိုင်လိုစိတ် ( Working Spirit ) ရှိအောင်ရေးတတ်သူများ ၊ ပြည်သူ့နေ့စဉ်ဘဝ အခက်အခဲရုန်းကန်နေရသူများဘဝကို ရေးနိုင်သောသူများ ၊ လောကီ လောကကို ဘာသာရေးနွယ် သွန်းသင်ဆုံးမသူများ ၊ နေ့စဉ်မရိုးနိုင်သော သင်ယူစရာအပြည့်သင်ခန်းစာများပို့ချသူများ ၊ အမေးအဖြေ လိုင်းသစ်ထွင်သူများ အတွက်တော့ ခေတ်ဆန်းဂျာနယ်များတွင် ပါဝင်ရေးသားရန်အခက်အခဲရှိနေဦးမည်ဖြစ်ပေသည် ။
        

         ဘက်လိုက်အယ်ဒီတာအစွဲကြောင့်လည်း ဂျာနယ်လောက၏တိုးတက်မှုကို မှန်းဆနိုင်မည်ဖြစ်သည် ၊ ယခင်အစိုးရ အဆက်အနွယ် လက်ကျန်ရှေးရိုးတင်းများကြောင့် သတင်းဖော်ပြမှုကို သာမန်ထက်လွှမ်းမိုးထားကြပါသည် ၊ သို့ရာတွင် ထိုဂျာနယ်များကပင် ကြော်ငြာကောက်နိုင်စွမ်းအားမှာ အဆမတန်အားကောင်းကြသည်ကိုတွေ့နေရသည် ၊ အပြောင်းအလဲလုပ်လိုကြသောအဖွဲ့များက သတင်းကောက်ခံတာဝန်ခံများကို အင်တာနက်မှအစ ဝန်ထန်းထိမ်းချုပ်ရေးကိုပါ ဖယ်ဒရယ်ဖြင့်ခွင့်ပြုကြသည်ရှိသလို အသေးအဖွဲကအစ အယ်ဒီတာကို တင်ပြအစီရင်ခံနေရသည်များလည်းရှိသည် ၊ အယ်ဒီတာစိစစ်ရေး၏ ဖြုတ်ချခံရသောစာပိုဒ်များကို မူလကလောင်ရှင် က စာရွက်ပေါ်မရောက်မချင်း လုံးဝမသိနိုင်ပေ ၊ ထို့အပြင် ထင်သာမြင်သာဖြစ်ကြောင်းကုန်စင်စွာ မည်သို့ကြောင့် ဤစာပိုဒ်ကို မဖော်ပြနိုင်သည့် အကြောင်းရင်းကို သိခွင့်မရှိသည်ကလည်း ခေတ်သစ်ဂျာနယ်အယ်ဒီတာစာပေးစိစစ်ရေးဟုသာ ဆိုချင်ပါသည် ၊ ဒီမိုကရက်တစ်ဂျာနယ်ခေတ်ဖြစ်သောကြောင့် စာဖတ်သူအများစုပေးသောမဲ ၊ ဝယ်ယူဖတ်ရှုပေးသော ကျေးဇူးတရားကို ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်လုပ်မိလျှင် ကိုယ့်ထိုက်နှင့်ကိုယ်သာဖြစ်ချေလိမ့်မည် ၊ စာပိုဒ်ကိုဖြတ်၍အကြောင်းမဟုတ်ပါ ၊ အဓိကဖတ်စေလိုသော စာဖတ်သူကိုပေးချင်သော သတင်းအချက်အလက်သည် ကြားတွင် ဖြတ်ခုတ်ချခံရခြင်းပင်ဖြစ်လေသည် ၊ အမှန်တကယ်နစ်နာသည်က ကလောင်ရှင်မဟုတ် ကျေးဇူးရှင်စာဖတ်ပရိသတ်ဖြစ်နေသည်ကို အကျိုးနှင့်အကြောင်းမကွဲပြား၍သာ ဂျာနယ်တိုက်မှ လုပ်ချင်သလို လုပ်ခွင့်ရနေခြင်းမဟုတ်ပါလော ၊ ကလောင်ရှင်က ကမ္ဘာမပြိုသ၍ အမေရိကတိုက်တွင် Google Data Center ရှိနေသ၍ ဘလော့စာမျက်နှာပေါ်တွင် မည်သူ့ကိုမျှ အောက်ကျစရာမလိုဘဲ မိမိရေးသားထားသောစာကို အဖြတ်အတောက်မရှိ အပြည့် အဝ စိတ်တိုင်းကျဖော်ပြနိုင်မည်ကိုသိရှိပြီးသားဖြစ်နေပါပြီ ၊ ထပ်ပြီးဝေမျှဖတ်စေလိုလျှင် လူမှုကွန်ယက်များကို မည်သို့အသုံးပြုရမည်ကို ယခုခေတ်လူငယ်များ အကျွမ်းကျင်ဆုံးဖြစ်နေကြပါပြီ ။


          ကမ္ဘာ့သတင်းလောကကိုခေတ္တလှမ်းကြည့်ကြပါစို့ ၊ အမေရိကန်နှင့် အနောက်နိုင်ငံအများစုတွင် ကွန်ပျူတာထိန်းချုပ်မှုအရ အလိုအလျောက်အီးမေးပြန်သည့်စံနစ်သည် အတုယူဖွယ်ဖြစ်သည် ၊ ဆော့ဝဲအသုံးပြုအကြောင်းပြန်သည်ဖြစ်၍ စာရရှိကြောင်းကို ကောင်းမွန်စွာသိရှိရမည်ဖြစ်သည် ၊ ထိုမှတဖန် အီးမေးတာဝန်ခံမှ စာများကိုသက်ဆိုင်သူထံသို့လွှဲပြောင်းပေးပြီး ပြန်ပြောလာသည့် အကြောင်းအရာကို မူလပို့သူထံ ပြန်လည်ပေးပို့အကြောင်းပြန်မည်ဖြစ်သည် ၊ ထို့အပြင် မည်သည့် ချွတ်ယွင်းချက်ကြောင့်ငြင်းပယ်ရကြောင်း Feedback ကို ကျေနပ်ဖွယ်ရာ သိရှိရမည်ဖြစ်သည် ။

          ပြီးခဲ့သောနှစ် နောက်ဆုံးရက်တွင် ထွက်ရှိခဲ့သော ကမ္ဘာကျော် နယူးစ်ဝိ သတင်းမဂ္ဂဇင်းကြီးသည် နှစ်ပေါင်း ၈ဝ သက်တမ်းကို အနိုင်ပိုင်းလိုက်သည်လား အရှုံအပိုင်းခံလိုက်ရသည်လား ကြိုက်သလိုယူဆကြပါ  ဒီဂျစ်တယ်သတင်းသီးသန့်အဖြစ် ရဲရဲဝန့်ဝန့်ဦးဆောင်ပြောင်းလဲလိုက်ပါတော့သည် ၊ ထို့အပြင် နည်းပညာထိပ်သီး ပီစီဝေါ ( PC World ) မဂ္ဂဇင်း ၏ စွန့်စားမှုသည် စာပေထုတ်လုပ်သာ ကမ္ဘာ့ပရိသတ် စောင့်အကြည့်ရဆုံးအကွေ့အပြောင်းတစ်ခုဖြစ်လာခဲ့သည် ၊ ထိုတင်မကသေးပါ သတင်းဖောက်ချဆရာကြီး ဝါရှင်တန်ပို့စ် သတင်းစာတိုက်ကို ပိုင်ရှင်အဖေ နှင့် သမီး တိုင်ပင်ပြီး အန်ကယ်ဆမ် ( USA ) ဈေးသည်ကြီး အမ်မဇွန်သူဌေးကို လျှော့ဈေးနှင့်ထိုးအပ်လိုက်ရသည် ၊ တနည်းအားဖြင့် တံခွန်တိုင်ဒေဝါလီခံလိုက်ခြင်းပင်ဖြစ်လေသည် ၊ ဆက်၍လေ့လာကြည့်လျှင် နိုင်ငံတစ်ခု၏ သမ္မတ မှ နိုင်ငံပိုင်သတင်းစာကို စာရွက်ဖိုး နှင့် ပုံနှိပ်ခ မတတ်နိုင်ဟုဆိုကာ ချိုးခြံချွေတာရေးအကြောင်းပြချက်ဖြင့် ပုံနှိပ်ခြင်းမှ ရပ်စဲဖို့ လွှတ်တော်ကိုညွှန်ကြားချက်ထုတ်ပြန်သွားမည်ဟု ကြားသိနေရပါသည် ၊ ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်ထုံး နှလုံးမူ၍ အဆိုပါစာတိုက်များသည် ပုံနှိပ်၍စာရွက်ဖြင့်ဖြန့်ချိရေးက စားသုံးသူပြည်သူများကုန်ကျစားရိတ်ဖိစီးကာ အကျိုးဆက်အားဖြင့် ရပ်တည်ရန်ခက်ခဲကြောင်းသာဓက ဖြစ်သကဲ့သို့ တစ်ဆက်တည်းမှာပင် လက်ကိုင်ဖုန်း ၊ တက်ဘလက်ပြားပေါ်သို့ App အဖြစ် ကြော်ငြာအားကောင်းကောင်းဖြင့် ချီတက်မည့် နည်းပရိယာယ် ကို အသုံးချစွန့်စားပြောင်းလဲပါတော့မည် ။


          မြန်မာပြည် ဂျာနယ်အသက်ဆက်ရှည်စေလိုလျှင် မူမကောင်းမူပြောင်း လူမကောင်းလူပြောင်းသင့်သည်ဟုဆိုလျှင်ပိုလွန်းသည်မဆိုနိုင်ပေ ၊ တဖက်ကမူ “ သတင်းအသက် တစ်မနက် “ ဆိုသကဲ့သို့ နောက်ဆုံးမိနစ်အထိဝင်လာသည့် နောက်ဆုံးသတင်းထောက်မှ ပေးပို့သည့် နောက်ဆုံးသတင်းကို စောင့်ရသည်ကို နားလည်မိပါသည် ၊ ဟုတ်ပါပြီ - သတင်းထူးမပါလျှင်တော့ ရောက်နေပြီးသား ဆောင်းပါးတစ်ခုခု ကို ကံစမ်းမဲဖောက်ပြီး ဖော်ပြပေးနိုင်ပါသည်ပေါ့ ၊ တစ်ခုသတိထားရန်မှာ ပေးပို့တုန်းက စာလုံးပေါင်းသတ်ပုံအမှန် ဂျာနယ်မှာပါလာတော့ စာလုံးပေါင်းက မှားနေသည် ၊ အဆိုးဆုံးမှာ အင်္ဂလိပ် Spelling မှားနေခြင်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါတော့သည် ၊ ယခုလို ဒီဂျစ်တယ်အင်တာနက်ခေတ်တွင် စာလုံးပေါင်းမသေချာလျှင် Google It လုပ်နိုင်သည်ကို မသိပါ၍လော ။

သင့်စာမူ ဂျာနယ်တွင်ပါလိုလျှင် စိတ်လျှော့ထားရမည့်အချက်များနှင့်တင်ကြိုမေးခွန်းများကိုလေ့လာစဉ်းစားနိုင်ရန်အောက်တွင်ဖော်ပြလိုက်ပါသည် ။


စိတ်လျှော့ထားရမည့်အချက်များ ။       

·         စာမူ ဂျာနယ်တွင်ဖော်ပြပါရှိရန် ရွေးချင်ရွေးခံရနိုင်သည် ၊ ရွေးချင်မှလည်းရွေးမည် သို့သော် သင်ကြိုသိလိမ့်မည်မဟုတ်

·         လူကိုယ်တိုင်သွားမေးလျှင် “ မူအရ ရွေးမရွေး ကြိုပြောခွင့်မရှိပါ “ ဟု ကံကောင်းလျှင်အကြောင်းပြန်ပါမည်


·         အီးမေးနှင့်ပိုလျှင်လည်း ထိုနည်းအတိုင်း ကံကောင်းလျှင် အီးမေးပြန်ပါလိမ့်မည်


မိမိကိုယ်ကိုမေးထားရမည့်မေးခွန်းများ ။       

·         ကလောင်ရှင်က နာမည်ကြီးလား

·         ကလောင်ရှင် နိုင်ငံရေးသမားလား


·         ကလောင်ရှင်က နိုင်ငံရေးအကျဉ်းသားဟောင်းလား

·         လွှတ်ချလိုက်သည့်သတင်းကို ချက်ချင်းလက်ငင်းနောက်တစ်ပတ်အမီလိုက်ဝေဖန်ရေးနိုင်သည့်သူလား


·         တွန်းတွန်းတိုက်တိုက် အပြုသဘော ရေးနိုင်သည့်သူလား


e-journal ဖြစ်မြောက်ရေးကို ကြိုတင်မှန်းဆလျက် ….

ကိုညီညီ - တောင်ကြီး

No comments: