ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, July 13, 2013

ပျော်စရာကောင်းတဲ့သောကြာနေ့လေးပါ ( Happy Friday ....! )


ဤစာကိုရေးနေသည့်အချိန် စာရေးသူအလွန်ပျော်နေပါသည် ၊ အကြောင်းရင်းမှာ ယနေ့သည် သောကြာနေ့ဖြစ်သောကြောင့်ဖြစ်သည် ၊ ထို့အပြင် စာရေးမည့်အကြောင်းအရာမှာလည်း တစ်ပတ်၏နောက်ဆုံးအလုပ်တက်ရက်ဖြစ်သော သောကြာနေ့ဖြစ်နေပြန်လေသည်
၊ စာရေးသူ၏မွေးနေ့ သောကြာနေ့သည် လေးနှစ်တွင်မှ တစ်ခေါက်တိုက်နေကျဖြစ်သောကြောင့် အထူးတလည်မမှတ်မိတတ် ၊ ပျော်ရာမှာမနေရ တော်ရာမှာနေရသည့် ဤနေရာ ဤဒေသ ယခု အမေရိကားသို့ ခေတ္တခြေချသည့် အခါမှ ဖရိုင်းဒေး ၏အနှစ်သာရ ကို ဘူမိနက်သန်လေ့လာမိတော့သည် ။

              

လုပ်ဖော်ကိုင်ဖက်များ တနင်္လာနေ့  ရုံးတက်လာလျှင် အိပ်ငိုက်နေတတ်ကြသည် ၊ ရုံးပိတ်ရက်  ၂ ရက်၏ ပျော်ရွင်မှုသည် သူတို့အတွက်နည်းနေသေးသည်ဟုလည်းဆိုကြသေးသည် ၊ မိသားစု စားဝတ်ရေးအတွက် တစ်ပတ်တွင် ၅ ရက် အလုပ်တက်ရပြီး နောက်ဆုံးရက် သောကြာနေ့ရောက်မှ ရုံးပိတ်ရက်များကို မည်သို့ကုန်ဆုံးစေမည်ဟု အစီအစဉ်ဆွဲတတ်ကြသည် ၊ ဆွေမျိုးသားချင်းများဆုံတွေ့ရန် အကောင်းဆုံးနေ့များဖြစ်သလို တစ်ညအိပ်ခရီး နှင့် နေ့ချင်းပြန်ခရီးတိုများဖြင့်လည်း အားလပ်ရက်ကို ဖြတ်သန်းကြသည် ၊ သောကြာနေ့ မွန်းတည့်အချိန်ကျော်လာလျှင် စိတ်ကိုသိပ်ထိန်းလို့မရတော့ ၊ မည်သည့်အလုပ်ကိုမျှ အထူးအာရုံစိုက်ထားမလုပ်လိုကြတော့ ၊ အလုပ်ခွင်မှထွက်ခွာနိုင်ရေးကို စိတ်ဆန္ဒစောနေကြတော့သည် ၊ သီတင်းသတ္တပတ်၏သောကြာနေ့အရောက်တွင် တစ်ဦးကိုတစ်ဦး ပျော်စရာသောကြာနေ့ပါ ( Happy Friday ) ဟုနှုတ်ဆက်ကြသည်မှာ မနက်အလုပ်တက်ချိန်ကတည်းကဖြစ်သည် ၊ ထို့အပြင် “ ဘာအစီအစဉ်ရှိလဲ “ ( What’s your plan for this weekend ? ) ဟုမေးနေကြသည်မှာ မကြားချင်မှအဆုံး ၊ ထို့အပြင် ဘယ်သွားမည် ၊ ဘာသွားစားမည် ဟုပြောသံကြားလျှင် လိုက်စပ်စုရသည်မှာအမော ၊ ကိုယ်မရောက်ဖူးသေးသည့်နေရာများရှိသေးသလား ၊ ဘယ်နေရာမှာ အစားကောင်းအသောက်ကောင်းရှိသလဲ ၊ ဘယ်နေရာမှာ ဘာပစ္စည်းဈေးပေါသလဲ စနည်းနာကြသည်မှာ အမေရိကန် အလုပ်ဝန်ထမ်းများ၏ အပတ်စဉ်မရိုးနိုင်သော မေးခွန်းများဟု ကင်ပွန်းတပ်နိုင်ပါသည် ၊ သောကြာနေ့အလုပ်ဆင်းလျှင် ပိတ်ရက်မှာပျော်ရွှင်ပါစေ ( Have a nice weekend ) ဟု နှုတ်ဆက်လမ်းခွဲကြပြီး နောက်တစ်ပတ်အလုပ်ပြန်တက်လျှင် ရုံးပိတ်ရက်မှာပျော်ရဲ့လား ဟု အဓိပ္ပာယ်ရသော “ How’s your weekend ? “ ဆိုသောစကားဖြင့် အသစ်တဖန်ပြန်၍နှုတ်ဆက်ကြပါလိမ့်မည် ။



စိတ်ကူးတစ်ခုရ၍ လုပ်ဖော်ကိုင်ဖက် ၁၃ ဦးကို မေးခွန်များမေးပြီး အပျော်သဘော လက်တွေ့ အလွတ်စစ်တမ်းကောက်ယူမိသောအဖြေများကို ဖော်ပြလိုပါသည် ၊ ၁၅ ရာခိုင်နှုန်းမှာ Happy Friday သည် သူတို့အတွက်မည်သို့မျှမထူးခြားပါဟုဖြေဆိုသော အမျိုးသား ၂ ဦးဖြစ်သည် ၊ ၈ ရာခိုင်နှုန်းမှာမူ “ ပျော်ရုံလေးပါဘဲ ၊ နောက်ထပ်သောကြာနေ့လဲ ထပ်ရောက်လာမှာဘဲ “ ဟု ပြောသော လူငယ်ကောင်လေး၏အဖြေဖြစ်သည် ၊ ကျန် ၇၇ ရာခိုင်နှုန်းတွင် အမျိုးသားကြီး ၁ ဦးသာပါဝင်ပြီး “ အရမ်းပျော်တာပေါ့ “ ဟုဖြေသူများမှာ အမျိုးသမီးများဖြစ်ကြသည် ။ သူတို့၏အဖြေများသည် ခံယူချက်များပေါ်မူတည်၍မတူကြပါ ၊ အားလုံးနီးပါးမှာ “  လုပ်ချင်တာလုပ်နိုင်တယ် ၊ ကိုယ်သွားချင်တာသွားနိုင်တယ် ၊ ဘာစိတ်ဖိစီးမှုမှမရှိဘူး ” ဟု ပြိုင်တူ သဘောတူကြသည် ၊ ဤနိုင်ငံရောက်တာကြပြီဖြစ်သော အမျိုးသမီး တစ်ဦးက Happy Friday သည် သူမအတွက်တော့ အားလပ်ရက်ရှည်ဖြစ်ပြီး ကြိုက်သလိုတွေး ၊ ကြိုက်တာစားနိုင်သောနေ့ဖြစ်သည်ဟုပြောပါသည် ၊ မည်သည့်နေရာမှမသွားလိုသောကြောင့် မိသားစုနှင့်အချိန်ပေးကာ စားကောင်းသောက်ဖွယ်များစီစဉ်စားသောက်ကြကြောင်းပြောပြသည် ၊ တစ်ဦးကမူ Happy Friday သည် သူမစိတ်ရှိတာအကုန်လုပ်နိုင်သော အကန့်အသတ်မရှိလွတ်လပ်မှုဖြစ်သည်ဟု ပျော်ပျော်ရွှင်ရွှင်ဖြေသွားသေးသည် ၊ ကျောင်းတက်နေရင်းအလုပ်လုပ်နေသော အမျိုးသမီးငယ်က Happy Friday တွင်ပျော်သော်လည်း အိမ်မှုကိစ္စများလုပ်ရန်ရှိသေးကြောင်း ၊ လုပ်ရမြဲဖြစ်သောကျောင်းသင်ခန်းစာများပြီးလျှင် ပွဲလမ်းသဘင် ၊ ပါတီ သွားပြီး သက်တောင့်သက်သာနားနေမည်ဖြစ်ကြောင်း ပြောပြပါသည် ၊ “ အိမ်စောစောပြန်ရမယ် ၊ အလုပ်ပိတ်ရက်မို့နားရမယ် ၊ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ် ၊ ဘယ်သူခိုင်းတာမှ လုပ်စရာမလိုဘူး ၊ ဒီသောကြာနေ့ရောက်ဖို့ ၅ ရက် ကြီးများတောင်စောင့်လာရတာ ” ဟု ဖြေသူများကား မြန်မာအမျိုးသမီးလုပ်ဖော်ကိုင်ဖက် ၃ ဦးဖြစ်၏ ၊ ယခုအလုပ်မဝင်ခင်  ယခင်အလုပ်တွင်မန်နေဂျာဖြစ်ခဲ့သော မြန်မာအမျိုးသမီးလုပ်ဖော်ကိုင်ဖက် ၁ ဦးကမူ “ Happy Friday ဟာ နောက်တစ်နေ့အလုပ်လုပ်စရာမလိုတဲ့အတွက် အပျော်ဆုံးနေ့ပါဘဲ ၊ ဒီနေ့ဟာ သူ့ဘဝပါဘဲ ၊ သူ့အတွက်တော့ ဘဝ ဟာ  သောကြာနေ့မှစတာ “ လို့ သူမ ခံယူချက်ကိုလေးလေးနက်နက်ဖြေကြားခဲ့ပါသည် ။



ကြီးကြပ်ရေးမှူး ( Supervisor ) ကဖြေကြားသည်မှာ Happy Friday ကို ချီးမြှင့်သည်အတွက် ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း ၊ ယခုလို သောကြာညများတွင် အရက်ဘားများနှင့် ပါတီများတွင်လူစည်ကားကြောင်း ၊ နောက်တစ်နေ့အလုပ်သွားရန်စိတ်ပူစရာမလိုကြောင်း ၊ အလုပ်တက်သည့် ၅ ရက် ( Weekdays ) ၏နောက်ဆုံးနေ့ဖြစ်သည့် အတွက် အလွန်ပျော်ရွှင်ကြောင်း ၊ မနက်ဆိုင်း ( Day Shift ) တွင်အလုပ်လုပ်သူများသည် ယခုအချိန်ဆိုလျှင် လွတ်လပ်ပျော်ပါးနေကြပြီဖြစ်ကြောင်း ၊ သူသည် ဒုတိယအလုပ်ဆိုင်း ( Swing Shift ) တာဝန်ကျသည့်အတွက် သောကြာညတွင်ပါအလုပ်လုပ်ရကြောင်း  ၊ သို့သော် တနင်္ဂနွေနေ့ညတွင် နောက်တစ်နေ့အလုပ်တက်ရန်အတွက် စောစောအိပ်ယာဝင်စရာမလိုသည့် အားသာချက်တော့ရှိကြောင်းပြောပြပါသည် ၊ ခေါင်းဆောင် ( Leader ) တစ်ယောက်ဖြစ်သော မြန်မာလူမျိုးမိန်းကလေး က “ အလုပ်ပိတ်ရက်ကျရင် အပြင်မှာအစားသွားစားမယ် ၊ အိမ်ရှင်း ၊ ဟင်းချက် ပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်လည် Hang Out လုပ်မယ် ၊ အဲဒါက အရမ်းအရေးကြီးတယ် ၊ Happy Friday ရောက်ဖို့ ၄ ၊ ၅ ရက် စောင့်နေခဲ့ရတာ ၊ ခွေး နေမကောင်းလို့ ဆေးခန်းလဲပြရအုံးမယ် ” ဟု တက်ကြွစွာ ဖြေကြားပါသည် ၊ ၄င်းတို့ ၂ ဦးမှာ သာမန်လုပ်သားထက် တာဝန်များပြားသောကြောင့် လွတ်လပ်မှုကို ပိုမိုတန်ဖိုးထားသည်ဟု မြင်မိပါသည် ။
           
                        



အားလုံး၏အဖြေများသည် လူထုအားလုံးကို ကိုယ်စားမပြုသော်လည်း လွတ်လပ်မှုကို အခြေခံသည်ကတော့ အတူတူပင်ဖြစ်သည် ၊ ဘာသာအလိုက် “ ဘုရားသွား ၊ ကျောင်းတက် ၊ ကုသိုလ်ပြုလုပ်မည် “ ဟုဖြေကြားသူ တစ်ဦးတစ်ယောက်မှမပါဝင်သည်ကို ထူးခြားစွာသတိပြုမိပါသည် ၊ အမေရိက သည် ရုပ်ဝတ္ထုဦးစားပေးနိုင်ငံဖြစ်သောကြောင့် ဥစ္စာဓနကြွယ်ဝရေး ၊ တစ်ကိုယ်ရေ ၊ မိသားစု စားဝတ်နေရေးဖြေရှင်းရုန်းကန်နေကြရင်း ဘဝသည်တိုတောင်းလှသည် ( Life is so short ) ဟု လုပ်ဖော်ကိုင်ဖက်များကပြောနေသံကို မကြာခန ကြားရပါသည် ၊ စိတ်၏လွတ်လပ်မှုကို အလွန်ဦးစားပေးကြသည့်အလေ့အထ မှာ ဒီမိုကရေစီကျင့်စဉ် ကဲ့သို့ ရင်းနှီးကျွမ်းဝင်ဖြစ်နေကြသည်ကို အထူးလေ့လာမှတ်သားရပါသည် ။

မြန်မာနိုင်ငံ၏အလုပ်အကိုင်အခွင့်အလမ်းပေါများလာသည့်နည်းတူ ကုမ္ပဏီဝန်ထမ်းများ တိုးတက်များပြားလာပါမည် ၊ အလုပ်ခွင်၏တာဝန်ဝတ္တရားများကို တာဝန်ကျေစွာဖြတ်သန်း၍ ရုံးပိတ်ရက်များကို ပေါ့ပေါ့ပါးပါးအသုံးချသင့်လှပါသည် ၊ ဘာသာတရားလိုက်စားပါက ဘုရားသွားခြင်း ၊ အလှူဒါနပြုလုပ်ခြင်း ၊ ငွေဒါန ၊ လုပ်အားဒါနလှူဒါန်းခြင်း ၊ ပရဟိတလုပ်ငန်းများတွင်လုပ်အားပေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည် ၊ မိသားစုလူစုံတက်စုံ ဝိုင်းဖွဲ့စားသောက်ကြခြင်း ( Familly Gathering ) ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်လွတ်လပ်စွာအချိန်သုံးစွဲခြင်း တို့သည်လည်း ကောင်းသောအလေ့အထများပင်ဖြစ်သည် ၊ အိမ်ကိစ္စ ၊ မိသားစုဝေယျာဝစ္စ များဖြေရှင်းပေးသည်ကလည်း ရင်းနှီးချစ်ခင်မှုကို တိုးပွားစေပါသည် ၊ ခရီးတိုများသွားခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း နှင့် ဂီတဖျော်ဖြေပွဲများသည်လည်း စိတ်၏နွမ်းလျမှုကို အသစ်တဖန်အားသွင်းပေးပါသည် ၊ ထို့အပြင် သောကြာနေ့နောက်ဆုံးအလုပ်ချိန်မကုန်ဆုံးမီ ၂ နာရီခန့်အလိုတွင် လာမည့် တနင်္လာနေ့အတွက် ကြိုတင်ပြင်ဆင်မှုများချမှတ်ထားသည့် အလေ့အကျင့်ရှိလျှင် ရုံးပြန်တက်ရသည့်မနက်သည် သင့်အတွက် အခက်အခဲရှိမည်မဟုတ်ပါ ၊ သို့မှသာ ပျော်စရာရုံးပိတ်ရက်ကိုရည်ညွှန်းသော သောကြာနေ့သည် အမြဲလှပနေပါတော့မည် ၊ သောကြာနေ့ရောက်တိုင်း ကောင်းမှုဒါနကုသိုလ် တစ်ခုခု ပြုလုပ်ရန်ု သတိပေးသည်ဟု နှလုံးသွင်းနိုင်ပါလျှင် Happy Friday သည် ပိုမိုအသက်ဝင်လာပါလိမ့်မည် ။

စာရေးသူ၏စာမူများကို အမြဲဖော်ပြပေးနေသော “ The Hot Daily News Weekly Journal “ သည်လည်း သောကြာနေ့တိုင်းထုတ်ဝေသောကြောင့် ပို၍ ပို၍ ပျော်ရွှင်မိပါသည် ။ ကူညီသူများအားလုံး ၊ စာဖတ်သူများအားလုံး ၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး “ Happy Friday “  ပါခင်များ ။


ကိုညီညီ - တောင်ကြီး



                       




No comments: