ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
လူတွေက စာဖတ်ပါ စာဖတ်ပါ လို့ တွေ့တဲ့လူတိုင်းကိုတိုက်တွန်းတတ်ကြတယ်။ လူတစ်ဦးတစ်ယောက်အခက်အခဲဖြစ်ပြီး အများလက်ခံနေကျရလဒ်မျိုးမရတဲ့အခါတိုင်းလည်း “ဖြစ်မှာပေါ့ ပညာမှမတတ်တာ” ၊ “အသိဥာဏ်ကဒီလောက်ပဲရှိတာကိုး စာမှမဖတ်တာ” ဆိုပြီး ကဲ့ရဲ့တတ်ကြတယ်။ လူဆိုတာက အခက်သား။ မလုပ်စေချင်တာကိုမှလုပ်ချင်တယ်။ လုပ်ခိုင်းတာဆိုရင် မလုပ်ချင်ဘူး။
ကျွန်တော်ဟာ အချိန်အများစုမှာ ကိုယ်တိုင်စာအုပ်ကိုင်ဖတ်ဖို့မအားလပ်တာကြောင့် ကြံရည်ဖန်ရည်ထုတ်ပြီး အသံနဲ့နားထောင်တာတို့၊ အသံစာအုပ်နားထောင်တာတို့၊ အားတက်စေမယ့်ခွန်အားပြည့်ဟောပြောမှုတွေနားထောင်တာတို့တစ်နည်းနည်းနဲ့ တစ်မျိုးအသွင်ပြောင်းပြီးလုပ်နေရတာ အားလပ်ချိန်နည်းပါးတဲ့အခက်အခဲကိုကောင်းကောင်းသိသူတစ်ယောက်ပါ။
လူတစ်ယောက်မှာ သူ့အသိဥာဏ်ဖွံ့ဖြိုးတယ် မဖွံ့ဖြိုးဘူးဆိုတာပေါ်မူတည်ပြီး သူဆုံးဖြတ်ရတဲ့အရာတွေရဲ့အဖြေတွေကကွာခြားတတ်ပါတယ်။ အမြဲလိုလို လူမှုကွန်ယက်မှာတင်နေကျအတိုင်း လူ့ဘဝက အပြင်မှာတစ်ထပ်တည်းမကျနိုင်ပါဘူး။ အခက်အခဲဆိုရင် ဖုံးထား ဖိထားတယ်။ ပျော်စရာ နဲ့ အောင်မြင်မှုတွေကို လူရှေ့ထုတ်ပြတတ်ကြတာ လူတိုင်းသုံးတဲ့လူမှုကွန်ယက်မှာ ပလူပျံလို့ပါ။ ဒါတွေနဲ့ စာဖတ်တာ ဘယ်လိုဆက်စပ်နေပါသလဲ? ဆက်လက်သုံးသပ်ကြည့်ရအောင်။
“သုတစာပေဟာ ဦးနှောက်ကိုဖွံ့ဖြိုးစေတယ်။ ရသစာပေဟာ နှလုံးသားကိုနူးညံ့စေတယ်” လို့ စာရေးဆရာအများစုက ရေးကြ ပြောကြ ဟောကြားကြတယ်။ ဒီလိုစကားမျိုးကိုကြားရပေါင်းများလို့ Facebookers တွေ ရိုးနေကြပြီ အီနေ ထုံနေကြပြီ။ အချိန်မအားလို့ မြန်မာလိုမဖတ်ဘူး။ မတတ်လို့ အင်္ဂလိပ်လိုမဖတ်ဘူး။ အချိန်မရလို့ Facebook သုံးတာကလွဲပြီး ဘာမှကိုမလုပ်တော့ပါဘူးဆိုသူတွေ မိတ်ဆွေသူငယ်ချင်းတွေကြားထဲမှာ အများကြီးတွေ့ရတယ်။