ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, January 12, 2014

မြန်မာလိုဖတ်မှာလား ? အင်္ဂလိပ်လိုဖတ်မှာလား ?



           
                စာဖတ်ပါ ၊ စာပေသည်အသိပညာပေးသည် ၊ ပညာတတ်လူငယ်များသာ တိုင်းပြည်ကိုဦးဆောင်နိုင်ဖြစ်မည် ၊ ခေတ်အဆက်ဆက်မြန်မာများအရေးနိမ့်ခြင်းသည် ပညာမတတ်ခြင်းကြောင့်ဖြစ်သည် ၊ လူတစ်စုစစ်အာဏာရှင် ( ၂ ) ဆက် ၄၈နှစ်ကြာမြန်မာနိုင်ငံကိုမည်သို့မည်ပုံအုပ်ချုပ်သွားကြသည် စသောပြောကြားမှုများကို စာအုပ်စာပေများနှင့် စာပေဟောပြောပွဲများတွင် ဖတ်ရ ကြားလာရသည် ။



            နေ့တဓူဝ ဝမ်းစာကို လောက်ရုံငရုံအလျဉ်မီရှာဖွေနေရသောတန်ဖိုးနည်းပြည်သူများကို “ စာဖတ်ပါ “ ဟုတိုက်တွန်းခြင်းသည် အပြောသာလွယ်ပြီး လုပ်ရန်ခက်နေပါသည် ၊ ထို့ကြောင့်ပင် သံဃာတော်များကိုယ်တိုင်ဦးစီးကျင်းပသော စာပေဟောပြောပွဲများခပ်စိတ်စိတ်ပေါ်ပေါက်လာသည် ၊ လူမှုအဖွဲ့အစည်းများက နာမည်ကြီးစာရေးဆရာ / ဆရာမများကိုဖိတ်ကြား၍ အသင်းသားများသာမက မြို့လူထုကိုအသိပညာမျှဝေပွဲများပြုလုပ်ပေးကြသည်ကိုလည်း အားတက်ဖွယ်ရာသိရကြားလာရပါပြီ ၊ ထို့အပြင် အထိမ်းအမှတ်နေ့များ အထူးသဖြင့် စာဆိုတော်နေ့ ၊ အမျိုးသားနေ့ ၊ အာဇာနည်နေ့ တို့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုနေ့ နှင့် ဗာလင်တိုင်းဒေး တို့ကြားတွင်ကျရောက်သောမွေးနေ့ကို ချွေးပျံနေအောင်မနည်းဖော်ထုတ်နေရသော စာရေးဆရာများ၏လည်ချောင်းကွဲအော်သံများကား နဝင်ချိုလှပါတော့သည် ၊ အသွင်သစ်လာသော စာဖတ်နည်းစံနစ်သည် ဆင်းရဲသားနေ့စားအလုပ်သမားများ၏အားလပ်ချိန်ကို စာပေဟောပြောပွဲများ၏မာန်ပါပါပျံလွင့်လာသော ဟောပြောသံများဖြင့်တန်ဖိုးပြောင်းလဲသွားစေပါတော့သည် ။



                အသက်မရှိသော စာကြည့်တိုက်များကို ပြည်သူများ သတင်းစာများပေါ်မှ ခါချဖို့လိုပါသည် ၊ ပြောပြသမျှကိုနားထောင်၍ ရှေ့လမ်းစဉ်များကိုချမှတ်လေ့ရှိသော အစည်းအဝေး လူထုတွေ့ဆုံပွဲများကို ဒို့ဗမာတွေ ဥာဏ်ပါပါငြင်းတတ်ဖို့လိုအပ်သည် ၊ “ မသိနားမလည်သည်ကို နေရာတွင်ပင် မေးခွန်းမေးတတ်ခြင်းသည် စာဖတ်ခြင်းတစ်မျိုးဖြစ်သည် “ ဟု အနောက်နိုင်ငံမှရှေးစာဆိုတစ်ဦး၏ရေးသားချက်ကို ဒို့ဗမာတွေထုတ်သုံးမှသာ လက်နက်ဖြစ်ပါမည် ၊ မေးခွန်းများကသာ မကောင်းတာမလုပ်ဖို့ / ပြောခဲ့သည့်အတိုင်းအကောင်အထည်ဖော်ဖို့ တွန်းအားသက်သေဖြစ်စေပါသည် ၊ မေးရန်မကြောက်သင့်ပါ ၊ ဒီမိုကရေစီ၏စံချိန်စံညွှန်းများတွင်မေးခွန်း၏သက်ရောက်မှုအင်အားသည်မဏ္ဍိုင်သဖွယ်ဖြစ်ကြောင်း နီတိစာပေများတွင်ရှာဖွေတွေ့ရှိနိုင်ပါသည် ၊ ထပ်မံ၍စမ်းစစ်လိုပါလျှင် နိုင်ငံခြားမီဒီယာရုပ်သံများတွင် သတင်းစာရှင်းလင်းပွဲတစ်ခု၏နောက်ဆုံးတွင် မေးခွန်းမေးရန်ရှိပါသလား-Any Questions? ဟူ၍ သတင်းထောက်များကိုခွင့်ပေးခြင်းက သက်သေခံနေပါသည် ။



          နိုင်ငံပြင်ပသို့ရောက်ရှိနေသော ရွှေမြန်များအတွက်မူကား စာအုပ်ဖတ်ဖို့ခက်ခဲသော်လည်း စာရေးဆရာအမျိုးမျိုး၏ စာပေဟောပြောပွဲ Mp3 အသံဖိုင်များကိုအင်တာနက်တွင်လုပ်အားဒါနပြုထားသော ဘလော့များ ၊ Facebook စာမျက်နှာများသာမက အရုပ်ပါကြည့်နိုင်သော YouTube ဗွီဒီယိုပြကွက်များပါ အလှမ်းမီစွာရရှိနိုင်သည် ၊ ဤမျှတင်မကသေးပါ စကင်ဖတ်ထားသောစာအုပ်များကို  Pdf. ဖိုင်များဖြင့် ဒေါင်းလော့ဆွဲဖတ်ရှုနိုင်ပါသေးသည် ၊ ရံဖန်ရံခါ နိုင်ငံခြားထွက်ဟောပြောတတ်သောစာရေးဆရာများ၏ကျေးဇူးကြောင့် အင်္ဂလိပ်စာမတတ်လျှင်သာနေမည် ၊ မြန်မာစာကိုမမေ့အောင်တော့ အတော်အတင့်ထိန်းသိမ်းနိုင်ပါပြီ ၊ မွေးစားယူ၍အကျွမ်းဝင်အောင်လေ့ကျင့်နေရသော ကျရောက်နိုင်ငံ၏ယျဉ်ကျေးမှုကို မြန်မာ့နည်းမြန်မာ့ဟန် သိမ်မွေ့နူးညံ့စွာပေါင်းသင်းဆက်ဆံနိုင်ကြပါပြီ ။




          မြန်မာဖြစ်သည့်အတွက်မြန်မာလိုပြောသည်ကိုနားလည်လွယ်သော်လည်း အဓိကနည်းပညာနိုင်ငံများ၏စာပေများကို အင်္ဂလိပ်လိုသာရေးသားပြုစုကြသည်ဖြစ်ရာ အခက်အခဲရှိနေပါသည် ၊ ပြည်တွင်းနာမည်ကြီးဘာသာပြန်ဆရာကြီးများ၏စာအုပ်များကို ပြည်ပတွင်ရှာရန်မလွယ်ကူပါ ၊ သို့သော်စာပေဟောပြောပွဲများမှတဆင့် အသိပညာထွန်းညှိနိုင်သည်ကို မမေ့သင့်ပါ ။



               အမေရိကန်နိုင်ငံ စီယက်တဲမြို့အခြေစိုက် အစုံရောင်းသည့်အွန်လိုင်းဈေးသည်ကြီး အမ်မဇွန်-Amazon ကြောင့် အမေရိကန်များစာဖတ်အားတိုးစေသည်ဟု စစ်တမ်းတစ်ခုတွင်ဖတ်ရှုရသည် ၊ ကနဦး စရောင်းသည်မှာ စာအုပ်များဖြစ်သော်လည်း နောက်ပိုင်းတွင် အီလက်ထရောနစ်ပစ္စည်းများတင်ရောင်းရင်း ကမ္ဘာ့စွယ်စုံရအွန်လိုင်းစတိုးတစ်ခုအဖြစ်သို့နှစ်အနည်းငယ်အတွင်းတွင် အရောက်လှမ်းနိုင်ခဲ့သည် ၊ လက်ကိုင်ကွန်ပျူတာပေါ်တွင်စာဖတ်နိုင်အောင်စီစဉ်ပေးရင်း ကင်တယ်-Kindle e-Reader ကိုတည်ထွင်နိုင်ပြီးသည့်နောက်တွင် အမေရိကန်တို့၏စာဖတ်သည့်အသွင်ပုံစံပြောင်းလဲလာခဲ့သည် ၊ မိမိ၏ တက်ဘလက်ကွန်ပျူတာတွင် ကင်တယ်အက်ပလီကေးရှင်း-Kindle App သွင်း၍လွယ်ကူစွာဖတ်ရှုနိုင်ပြီး နောက်ဆုံးဖတ်ခဲ့သည့်စာမျက်နှာကိုပါမှတ်သားပေးထားသည် ၊ အခမဲ့ပေးသော eBook များစွာရှိသည့်အပြင် မည်သည့်စာအုပ်ကိုမဆို စာမြည်းဖတ်နိုင်ပါသည် ၊ ထို့အပြင် သီချင်းကဲ့သို့နားထောင်နိုင်သောအသံဖိုင်-Audio File များကိုလည်းဈေးသက်သာစွာဝယ်ယူနိုင်ပါသေးသည် ။


             ဒို့ဗမာတွေမည်သည့်နိုင်ငံရောက်ရောက် မြန်မာစာပေနှင့်မျက်ခြေမပြတ်သင့်ပေ ၊ စမတ်ဖုန်းဖြင့် ဓမ္မစရိယဆရာတော်ဘုရားများ၏တရားတော်များနာနိုင်ရုံမက စာပေဟောပြောပွဲအသံဖိုင်များကိုနားထောင်နိုင်ပါပြီ ၊ လုပ်ပုံလုပ်နည်းမှာလည်းမခက်ပါ ၊ အသံဖိုင်ကိုဒေါင်းလော့ဆွဲရုံသာ အင်တာနက်ကို ခေတ္တဖွင့်ထားရန်လိုအပ်သည် ၊ ထိုမှတဖန် မိမိဖုန်းရှိ မီဒီယာပလေယာကိုအသုံးပြု၍ နားကြပ်ဖြင့်နားထောင်စာဖတ်နိုင်ပါသည် ၊ စာပေဟောပြောပွဲ ၁ ပုဒ်အတွက် အင်တာနက်လိုင်းဆွဲအားပေါ်မူတည်၍ ၅ မိနစ်ခန့်အင်တာနက်ဖွင့်လျှင် ငွေကုန်ကြေးကျမများသည့်အပြင် အလွန်တရာသက်သာသောစာဖတ်နည်းတစ်မျိုးဖြစ်ကြောင်း ဒို့ဗမာများကို မိတ်ဆက်ပေးလိုက်ပါသည် ၊ မြန်မာလိုဖတ်မှာလား အင်္ဂလိပ်လိုဖတ်မှာလား သင်ဖတ်ဖို့သာလိုပါသည် ။

ကိုညီညီ ( တောင်ကြီး )

" မြန်မာလိုဖတ်မှာလား ? အင်္ဂလိပ်လိုဖတ်မှာလား ? " စာမူသည် ၂ဝ၁၄ ၊ ဂျွန်လ ( ၇ ) ရက် စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၃၇ ) ၊ စာမျက်နှာ ( ၄၇  ) တွင် ဖော်ပြပါရှိသည် ။ 



No comments: